ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့အစည်း၏ ထုတ်လုပ်မှုလျော့ချရန် ဆုံးဖြတ်ချက်ကြောင့် ရေနံစည် ဈေးနှုန်းများ မြင့်တက်

Powered by Drupal

       ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့အစည်း (Organization for Petroleum Exporting Countries-OPEC) အိုပက်အဖွဲ့ဝင်နိုင်ငံများက တစ်ရက်လျှင် ရေနံစည်ပေါင်း ၁.၁၆ သန်း လျော့ချ ထုတ်လုပ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့အပြီးတွင် ရေနံစိမ်းဈေးနှုန်းများမှာ ၈% အထိ မြင့်တက်လာကြောင်း သိရှိရပါသည်။

            Brent crude ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၅.၀၇% မြင့်တက်လျက် ၈၃.၉၅ ဒေါ်လာ နှုန်းသို့ ရောက်ရှိခဲ့ပြီး အမေရိကန်နိုင်ငံ၊ အနောက်တက္ကဆက် ကြားခံရေနံစိမ်း (West Texas Intermediate crude) ဈေးနှုန်းမှာ တစ်စည်လျှင် ၅.၁၇% ပိုမိုလျက် ၇၉.၅၉ ဒေါ်လာနှုန်းသို့ မြင့်တက်ခဲ့ကြောင်း CNBC သတင်းဌာနက ဖော်ပြပါသည်။

            ဆော်ဒီအာရေးဘီးယားနိုင်ငံ၏ သတင်းထုတ်ပြန်ချက်တွင် ၎င်းတို့၏ ဆန္ဒအလျောက် ရေနံထုတ်လုပ်မှု လျော့ချရန် ဆုံးဖြတ်ချက်သည် ရေနံစိမ်းဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် ရှေ့ရှုသည့် ကြိုတင်ဆောင်ရွက်ချက်သာဖြစ်ကြောင်း၊ ‌ရေနံထုတ်လုပ်မှုလျော့ချခြင်းကို မေလမှ စတင် လျက် ၂၀၂၃ ခုနှစ် နှစ်ကုန်ဆုံးသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

        ယခုကဲ့သို့ ‌ရေနံထုတ်လုပ်မှု လျော့ချရန် အိုပက်အဖွဲ့ဝင်နိုင်ငံများက ဆုံးဖြတ်မှုသည် ရုရှား နိုင်ငံက ၎င်း၏ ရေနံစိမ်းထုတ်လုပ်မှုကို ၂၀၂၃ နှစ်ကုန်ပိုင်းအထိ နေ့စဉ် ရေနံစည်ပေါင်း ၅ သိန်း လျော့ချထုတ်လုပ်မည်ဟု ရုရှားဒုတိယဝန်ကြီးချုပ် Mr. Alexander Novak က ထုတ်ဖော်ပြောဆိုမှု အပေါ်တုန့်ပြန်ဆောင်ရွက်မှုဖြစ်ကြောင်း၊ အိုပက်အဖွဲ့ကိုဦးဆောင်သည့် ဆော်ဒီအာရေးဘီးယားသည် နေ့စဉ်ရေနံစည်ပေါင်း ၅ သိန်းကို လည်းကောင်း၊ အာရပ်စော်ဘွားများပြည်ထောင်စုသည် နေ့စဉ်ရေနံစည်ပေါင်း ၁.၄၄ သိန်းကို လည်းကောင်း၊ ကူဝိတ်၊ အိုမန်၊ အီရတ်၊ အယ်လ်ဂျီးရီးယားနှင့် ကာဇက်စတန်နိုင်ငံများသည် ကျန်ရှိသောပမာဏကိုလည်းကောင်း ထုတ်လုပ်မှုလျှော့ချမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်သူများက ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၀ အထိ မြင့်တက်နိုင်ဖွယ်ရှိ သည်ဟု သုံးသပ်လျက်ရှိကြောင်းဖြင့် CNBC သတင်းဌာနက ဖော်ပြပါသည်။

Source: CNBC News, 2 April 2023, 11:09 PM EDT(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)