ဆန်တန်ချိန် ၂ သန်း တင်သွင်းမည့် အင်ဒိုနီးရှားဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ပြင်ဆင်ရန် ဗီယက်နမ်နိုင်ငံအစိုးရက ကုန်သည်များသို့ တိုက်တွန်း

Powered by Drupal

         အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၂ သန်းကို ပြည်ပမှ တင်သွင်းရန် စီစဉ်လျက်ရှိရာ ဗီယက်နမ်ဆန်ကုန်သည်များအနေဖြင့် နိုင်ငံတကာဈေးကွက် အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ဖြစ်ပေါ်လာသည့်အခွင့်အလမ်းကို ရယူနိုင်ရေးလိုအပ်သော အစီအမံများ ပြင်ဆင်ဆောင်ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားပါသည်။

      အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် ၎င်း၏အရန်ရိက္ခာဆန်ကို ယခင်နှစ်၌ တန်ချိန် ၁.၂ သန်းထားရှိရာမှ ယခုနှစ်တွင်နှစ်ဆတိုးလျက် တန်ချိန် ၂.၄ သန်းအထိ စုဆောင်းထားရှိမည်ဖြစ်ရာ ၎င်းပမာဏ၏ ၇၀ ရာခိုင်နှုန်းအား ဖေဖော်ဝါရီလမှ ဧပြီလအထိ သီးနှံရာသီကာလ စိုက်ပျိုးထွက်ရှိမှုမှ ဝယ်ယူမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အဆိုပါသီးနှံရာသီ၌ စပါးတန်ချိန် ၂၃.၈၂ သန်း (ဆန်တန်ချိန် ၁၃.၇၉ သန်း) ထွက်ရှိမည်ဟုခန့်မှန်းရပြီး ယခင်နှစ်ကထက် ၀.၅၆ ရာခိုင်နှုန်း ခန့်တိုးတက်မည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းစပါးတန်ချိန် ၅၄.၅ သန်း တစ်နည်းအားဖြင့် ဆန်တန်ချိန် ၃၂.၀၇ သန်းကို စိုက်ပျိုးထုတ်လုပ်ရန်လျာထား ကြောင်း၊ သို့ရာတွင် အယ်လ်နီညိုဖြစ်စဉ် (El Nino) ကြောင့် ရှေ့လာမည့် မေ-ဇူလိုင် သီးနှံရာသီ တွင် မိုးခေါင်ခြောက်သွေ့မှုနှင့်ကြုံတွေ့ရနိုင်ပြီး ဇူလိုင်-ဩဂုတ်လများ၌ ရိတ်သိမ်းထွက်ရှိမှုအပေါ် သက်ရောက်ဖွယ်ရှိသည်ဟု အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရှိရသည်။

         အင်ဒိုနီးရှားနိုင်ငံအစိုးရ၏ စာရင်းအင်းအချက်အလက်များအရ လက်ရှိကာလသည် သီးနှံ များ ရိတ်သိမ်းချိန်ဖြစ်သော်လည်း ပြည်တွင်းဈေးကွက်မှ ဆန်စပါးဝယ်ယူလျက် အရန်ဆန်ထားရှိရေးမှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ယခုသီးနှံရိတ်သိမ်းရာသီအတွင်း ဆန်တန်ချိန် ၆၀၀၀၀ ခန့်သာ အရန်ဆန်အတွက် ဝယ်ယူရရှိထားကြောင်း၊ လက်ရှိအစိုးရက ဝယ်ယူသည့် ဆန် ဈေးနှုန်းမှာ ပုဂ္ဂလိကကုန်သည်များက ဝယ်ယူသည့်ဈေးနှုန်းအောက် နိမ့်ကျလျက်ရှိကြောင်း၊ ထို့အပြင် အင်ဒိုနီးရှား ပြည်တွင်းလက်လီဈေးကွက်၌ ဆန်ဈေးနှုန်းများမှာ မတ်လမှစတင်၍ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

        သို့ဖြစ်ရာ ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးအတွက် သုံးစွဲလိုက်ရသော လျော့ပါးသွားသည့် အစိုးရအရန်ရိက္ခာဆန်များအား ပြန်လည်ဖြည့်ဆည်းနိုင်ရန်နှင့် ဆန်တန်ချိန် ၅ သိန်းအား စောလျင်စွာ ဖြန့်ဖြူးနိုင်ရန်အတွက် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၂ သန်းကို ပြည်ပမှ ဝယ်ယူတင်သွင်းရန် အင်ဒိုနီးရှားအစိုးရက မတ်လနောက်ဆုံးရက်သတ္တပတ်၌ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

       ဗီယက်နမ်ပို့ကုန်သွင်းကုန်ဦးစီးဌာနက မိမိတို့နိုင်ငံရှိ ဆန်တင်ပို့သည့်လုပ်ငန်းရှင်များ အနေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများရှိနေကြောင်း၊ ၎င်းတို့အနေဖြင့်  ဈေးကွက်ကို အနီးကပ်စောင့်ကြည့်လျက် အခွင့်အလမ်းနှင့်စွန့်စားရမှုများကို သုံးသပ်ပြီး တောင်သူများနှင့်လုပ်ငန်းရှင်များ ကဏ္ဍ ၂ ရပ်လုံး အကျိုးဖြစ်ထွန်းစေမည့် ပို့ကုန်စီမံချက်များကို ထူထောင်လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ အထူးသဖြင့်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး မတည်မငြိမ်မှု ဖြစ်စဉ်များအောက်တွင် ငွေပေးချေမှုနှင့် ကုန်စည်ပို့ဆောင်မှုတို့နှင့် သက်ဆိုင်သည့် စွန့်စားရမှုဘေးအန္တရာယ်များကို သတိပြုရမည်ဖြစ်ကြောင်း၊ ထို့အပြင် အင်ဒိုနီးရှားသို့ လက်ရှိဆန်တင်ပို့နေသည့် ကုန်သည်များအနေဖြင့် အင်ဒိုနီးရှား ကုန်သွယ်ရေးအဖွဲ့အစည်းဖြစ်သော Perum Bulog နှင့် တက်ကြွစွာ ပူးပေါင်းလုပ်ကိုင်ရန် လိုအပ်ကြောင်းဖြင့် တိုက်တွန်းနှိုးဆော်ထားသည်။

       ဗီယက်နမ် အကောက်ခွန်ဌာန၏ စာရင်းများအရ ယခုနှစ် ပထမ ၂ လအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၄၃၇၈၀ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၇.၃ သန်း တင်ပို့ခဲ့ရာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက အရေအတွက်၌ ၃၃.၇ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၃၀.၃ ရာခိုင် နှုန်း အသီးသီးတိုးတက်ခဲ့ကြောင်း၊ ယင်းကာလအတွက် အင်ဒိုနီးရှားသည် ဖိလစ်ပိုင်နှင့်တရုတ်နိုင်ငံတို့၏နောက်တွင် ဗီယက်နမ်၏ တတိယအများဆုံး ဆန်တင်ပို့ဘက်နိုင်ငံအဖြစ် တည်ရှိနေကြောင်း သိရှိရသည်။

Source: Vietnam News, 4 April 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)