အရန်ရိက္ခာ ဆန်တန်ချိန် ၃ သိန်းကျော် တင်သွင်းရန် ဖိလစ်ပိုင်စားနပ်ရိက္ခာ‌‌အေဂျင်စီက အဆိုပြု

Powered by Drupal

      ဖိလစ်ပိုင်နိုင်ငံ၌ မြင့်တက်လျက်ရှိသော ငွေကြေးဖောင်းပွမှုဖိအားများအား ကန့်သတ်ရန်နှင့် အဓိကစားသုံးသော ကောက်ပဲသီးနှံများ၏ ကုန်ကျစရိတ်ကို ထိန်းသိမ်းရန်တို့အတွက် အစိုးရက  နည်းလမ်းများ ရှာဖွေလျက်ရှိရာ အရန်စားနပ်ရိက္ခာ လျော့ပါးနိုင်ချေရှိမှုကို ဖြည့်ဆည်းနိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ပမှ ဆန်တန်ချိန် ၃၃၀၀၀၀ အား တင်သွင်းရန် ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) က အဆိုပြုထားကြောင်း သိရှိရသည်။

        ဖိလစ်ပိုင်အစိုးရက ၁၄-၄-၂၀၂၃ နေ့ သတင်းထုတ်ပြန်ရာတွင် အရေးပေါ်အခြေအနေ၌ ထောက်ပံ့ပေးနိုင်ရန်အတွက် အမျိုးသားစားနပ်ရိက္ခာအေဂျင်စီအနေဖြင့် အရန်ရိက္ခာဆန်ကို ဖြည့်ဆည်းရန် လိုအပ်လျက်ရှိကြောင်း၊ သို့သော် ဒေသခံ လယ်သမားများထံမှ ဝယ်ယူစုဆောင်းပါက ပြည်တွင်းဆန်ဈေးနှုန်းများကို ပိုမိုမြင့်တက်အောင် တွန်းအားပေးမှုဖြစ်ပေါ်စေနိုင်ကြောင်း၊ ယခုနှစ်ကုန်ပိုင်း၌ ကျန်ရှိနိုင်မည့် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်ခန့်မှန်းချက်မှာ တန်ချိန် ၁.၆၉ သန်း ခန့်ရှိပြီး ၄၅ ရက်တာအတွက် အရန်ရိက္ခာပမာဏနှင့်ညီမျှကြောင်း၊ ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး စံသတ်မှတ်ထားရှိသည့် ရက် ၉၀ အတွက် ရိက္ခာဆန်ပမာဏ၏ တစ်ဝက်မျှသာဖြစ်ကြောင်း ဖော်ပြခဲ့သည်။

       အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအရ ဖိလစ်ပိုင်ပြည်တွင်း၌ ဆန်ဈေးနှုန်းများမှာ တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး ဈေးအသက်သာဆုံး ဆန်အတန်းအစားသည်ပင်လျှင် ယခုနှစ်စပိုင်း၌ ၁ ကီလိုဂရမ်လျှင် ပီဆိုငွေ ၃၅ မှ ၃၈ အကြားရှိရာမှ ယခုအခါ ၃၆ ပီဆိုမှ ၄၄ ပီဆို ဈေးနှုန်း (ဒေါ်လာ ၀.၆၅ မှ ၀.၈၀ အထိ) ဖြင့် ရောင်းချလျက်ရှိကြောင်း တွေ့ရှိရသည်။ ငွေကြေး ဖောင်းပွမှုမှာ မတ်လတွင် ၇.၆% သို့ ကျဆင်းခဲ့သော်လည်း တရားဝင်လျာထားချက်ဖြစ်သည့် ၂% မှ ၄% အတွင်း တည်ရှိရန်မှာ အလှမ်းကွာဝေးဆဲဖြစ်သည်။ သို့ဖြစ်ရာ ဖိလစ်ပိုင်ဗဟိုဘဏ်က အတိုးနှုန်းများ မြှင့်တင်မှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြောကြားချိန်၌ ဈေးနှုန်းဖိအားများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အစိုးရသည် ငွေကြေးထိန်းချုပ်မှု မဟုတ်သော စီမံဆောင်ရွက်မှုနည်းလမ်းများကို ရှာဖွေလျက်ရှိသည်။

      စိုက်ပျိုးရေးအတွင်းဝန် တာဝန်များကို ပူးတွဲဆောင်ရွက်လျက်ရှိသည့် သမ္မတ ဖာဒီနန်မာကို့စ်ဂျူနီယာက အစိုးရအနေဖြင့် ဆန်ဈေးနှုန်းများကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန် နည်းလမ်းများအားလုံးကို ရှာဖွေလုပ်ဆောင်လျက်ရှိကြောင်း၊ လက်ရှိကာလ၌ လွန်စွာနည်းပါးလျက်ရှိသော NFA ၏ အရန်ဆန်ထားရှိမှုကို မြှင့်တင်နိုင်ရေးအတွက် ပြည်ပမှတင်သွင်းရန် လိုအပ်ပါက အစီအမံများ ချမှတ်လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောဆိုပါသည်။

        ဖိလစ်ပိုင်နိုင်ငံ၌ ပြည်ပမှဆန်တင်သွင်းခြင်းကို ပုဂ္ဂလိကကုန်သည်များသို့သာ ခွင့်ပြုထားကြောင်း၊ အရေးပေါ်စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းရန်အတွက်သာ လုပ်ပိုင်ခွင့်ကန့်သတ်ခံထားရသည့် အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) သည် အစိုးရချင်းညှိနှိုင်းစီစဉ်မှု (G to G) စနစ်ဖြင့် အရန်ဆန် ဝယ်ယူတင်သွင်းရန် မျှော်လင့်လျက်ရှိကြောင်း၊ ဥပဒေအရ နိုင်ငံတော်သမ္မတရုံး သို့မဟုတ် ၎င်း၏ အခွင့်အာဏာအပ်နှင်းခြင်းခံရသော အေဂျင်စီတစ်ရပ်ရပ်သည် NFA ၏ အရန် ရိက္ခာဆန် စုဆောင်းမှုအတွက် ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်ကြောင်း သိရှိရသည်။

Source: Bangkok Post, 14 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့ )