ထိုင်းနိုင်ငံသည် ယခင်နှစ်၌ အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံ (ဘတ်ငွေ ၁၆၈ ဘီလီယံ) တန်ဖိုးရှိသည့် သစ်သီးဝလံတန်ချိန်ပေါင်း ၂.၁၇သန်းကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ၂၀၂၁ ခုနှစ်ကထက် ၃.၇၂% တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ယခင်နှစ် သစ်သီးဝလံတင်သွင်းမှုတန်ဖိုး စုစုပေါင်းသည် ဒေါ်လာ ၁၄.၆ ဘီလီယံ (ဘတ်ငွေ ၅၀၀.၈ ဘီလီယံ) ရှိသဖြင့် ထိုင်းနိုင်ငံ၏ တင်ပို့မှုမှာ သုံးပုံတစ်ပုံခန့် ပါဝင်လျက်ရှိကြောင်းဖြင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mr. Anucha Burapachaisri က ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ ငှက်ပျောသီး၊ အုန်းသီးနု၊ ဒူးရင်းသီး၊ နဂါးမောက်သီးနှင့် လေချူသီး စသည့် သီးနှံ(၅)မျိုးကို အများဆုံးတင်ပို့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ယခင်နှစ် ဒူးရင်းသီးတင်သွင်းမှု ဈေးကွက်၏ ၉၅% ကို ထိုင်းနိုင်ငံက ရယူခဲ့ကြောင်း၊ အလားတူ အုန်းသီးနုတန်ချိန် ၅၂၃၀၀၀ ကိုလည်း အများဆုံးပမာဏအဖြစ် ထိုင်းနိုင်ငံထံမှ ဝယ်ယူတင်သွင်းခြင်းဖြစ်ကြောင်း၊ သစ်သီးဝလံများအား လတ်ဆတ်သော၊ အေးခဲထားသော၊ အခြောက်လှမ်းထားသော၊ ပြုပြင်ပြီးဖြစ်သောစသည့် ပုံစံမျိုးစုံဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး သင်္ဘောဖြင့် ၅၁%၊ ကုန်းလမ်းဖြင့် ၄၈% နှင့် လေကြောင်းဖြင့် ၁% ခန့် ပါဝင်ကြောင်း၊ ကုန်းလမ်းမှ တင်ပို့မှုသည် ထိုင်းလုပ်ငန်းရှင်များအတွက် ဈေးသက်သာပြီး အသုံးအများဆုံး သယ်ယူပို့ဆောင်သည့် နည်းလမ်းဖြစ်ကြောင်း၊ ယခုနှစ် မတ်လနှောင်းပိုင်းတွင် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ သွားရောက်လျက် ထိုင်းနိုင်ငံမှ သစ်သီးဝလံများ ဖြတ်သန်းတင်ပို့မည့် နယ်စပ်စစ်ဆေးရေးဂိတ်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း၊ ၎င်းခရီးစဉ်သည် ယခုနှစ်တွင် တရုတ်နိုင်ငံသို့ သစ်သီးဝလံများတင်ပို့မှု ပိုမိုလွယ်ကူ ချောမွေ့စေရေးကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း Mr. Anucha ပြောဆိုပါသည်။
ထိုင်းနိုင်ငံရှိ စိုက်ပျိုးသူတောင်သူများနှင့် သစ်သီးဝလံလုပ်ငန်းရှင်များ အနေဖြင့် သစ်သီးဝလံဝယ်လိုအားမြင့်မားသည့် အကြီးမားဆုံးဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့ ပိုမို၍ ဈေးကွက်ဖြန့်ကျက်ဝင်ရောက်ရန် ထိုင်းအစိုးရက တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
Source: Nation Thailand, 22 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)