အိန္ဒိယနိုင်ငံ၌ ဝါဂွမ်းထုတ်လုပ်နိုင်မှု ခန့်မှန်းချက် အမျိုးမျိုးဖြစ်ပေါ်နေ

Powered by Drupal

အိန္ဒိယနိုင်ငံ၌ ပြည်ထောင်စုချည်မျှင်နှင့်အထည်ကော်မရှင်ဥက္ကဌ ဦးဆောင်လျက် လုပ်ငန်းရှင်များနှင့် လယ်သမားများ ပါဝင်ဖွဲ့စည်းထားသော ဝါဂွမ်းထုတ်လုပ်မှုနှင့်စားသုံးမှုကော်မတီသည် ၂၀၂၂-၂၀၂၃ သီးနှံရာသီ စိုက်ပျိုးထုတ်လုပ်မှုမှ ၁၇ဝ ကီလိုဂရမ်ဝင် ဝါဂွမ်းထုပ်ရေပေါင်း ၃၄၁.၉၁ သိန်း ထွက်ရှိမည်ဟု ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ၌ ခန့်မှန်းခဲ့ရာမှ လက်ရှိရာသီကာလတွင် စက်တင်ဘာလအထိ ၃၃၇.၂၃ သိန်း ထုတ်လုပ်နိုင်မည်ဟု ပြန်လည်ခန့်မှန်းခဲ့ရာ အနည်းငယ် ကွဲလွဲမှုဖြစ်ခဲ့ပါသည်။ အိန္ဒိယဝါဂွမ်းကုန်သည်များအသင်းကလည်း လက်ရှိရာသီကာလတွင် ၁၄ နှစ်ကာလအတွင်း အနည်းဆုံးအဖြစ် ဝါဂွမ်းထုပ်ရေ ၃ဝ၃ သိန်းသာ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသဖြင့် အိန္ဒိယနိုင်ငံ၏ ယခုနှစ်ရာသီအတွက် ဝါဂွမ်းထုတ်လုပ်မှု ခန့်မှန်းချက်များမှာ ရှုပ်ထွေးမှု ဖြစ်ပေါ်လျက်ရှိပါသည်။

ဝါဂွမ်းထွက်ရှိမှုကို ခန့်မှန်းရာတွင် စိုက်ဧရိယာ၊ အထွက်နှုန်းနှင့် အခြားအချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုကြသည်။ ကုန်သွယ်မှု အသိုင်းအဝန်းရှိ ကုန်သည်အများစု၏ ပြောကြားချက်အရ ဝါဂွမ်းထုတ်လုပ်မှုနှင့် စားသုံးမှုကော်မတီ၏ခန့်မှန်းချက်မှာ ပိုမိုမှန်ကန်နိုင်ကြောင်း၊ ယင်းကော်မတီ၏ ခန့်မှန်းချက်အရ ယခုရာသီကာလအတွက် ဝါဂွမ်းစိုက်ဧရိယာမှာ ဟက်တာ ၁၃ဝ.၄၉ သိန်း ရှိပြီး အထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၄၃၉.၃၄ ကီလိုဂရမ်ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်းနှင့် လွန်ခဲ့သောရာသီကာလက ဝါဂွမ်းစိုက်ဧရိယာမှာ ဟက်တာ ၁၁၉.၁ဝ သိန်းရှိခဲ့ပြီး အထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၄၄၅ ကီလိုဂရမ် ရှိကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ မြောက်ပိုင်းဇုန်မှ ဝါဂွမ်းအထွက် အထုပ်ရေ ၄၇.၂၅ သိန်း၊ အလယ်ဇုန်မှ ဝါဂွမ်းအထွက် အထုပ်ရေ ၁၈၄.၁၆ သိန်း၊ တောင်ပိုင်းဇုန်၏ ဝါဂွမ်းထွက်ရှိမှု အထုပ်ရေ ၉၈.၃ဝ သိန်းနှင့် အခြားနေရာဒေသများမှ ထုတ်လုပ်မှု ဝါဂွမ်းထုပ်ရေ ၇.၅၂ သိန်း ရှိမည်ဟု ဝါဂွမ်းထုတ်လုပ်မှုနှင့် စားသုံးမှုကော်မတီက ခန့်မှန်းထားသည်။

အိန္ဒိယနိုင်ငံတွင် ယခုနှစ် ဝါဂွမ်းထွက်ရှိနိုင်မှု ခန့်မှန်းချက်များ အမျိုးမျိုးဖြစ်ပေါ်နေရခြင်းမှာ လူအများစုသည် ယခင်ကအလေ့အထအတိုင်း ဈေးကွက်အတွင်းသို့ ဝါဂွမ်းဝင်ရောက်မှုအပေါ် မူတည်၍ ခန့်မှန်းနေကြခြင်းကြောင့် ဖြစ်ကြောင်း၊ ယခုနှစ် ဝါဂွမ်းရာသီ အစပိုင်းကာလတွင် လယ်သမားများနှင့် ကုန်သည်များမှာ ၄င်းတို့၏ထွက်ရှိသော ဝါဂွမ်းကုန်ကြမ်းများကို ပိုမိုမြင့်မားသော ဈေးနှုန်းရရှိမည်ဟူသော မျှော်မှန်းချက်ဖြင့် ဈေးကွက်အတွင်းသို့ ပို့ဆောင်ခြင်းမပြုကြပဲ သိုလှောင်ထားကြသဖြင့် ဈေးကွက်အတွင်း ဝါဂွမ်းဝင်ရောက်မှု နှောင့်နှေးခဲ့ကြောင်း၊ အကျိုးဆက်အနေဖြင့် ဈေးကွက်အတွင်း ကုန်ကြမ်းရရှိမှု အခက်အခဲဖြစ်လျက်ရှိကြောင်း သိရှိရသည်။

အိန္ဒိယဈေးကွက်၌ လက်ရှိကာလတွင် ကုန်သွယ်မှုပြုလျက်ရှိသည့် ဝါဂွမ်း စံပြဈေးနှုန်းမှာ  ၁ ကွင်တယ်လျှင် ၈ဝဝဝ ရူပီး ဝန်းကျင်တွင် ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၎င်းနှုန်းထားသည်  အစိုးရက အထောက်အပံ့ပြု ဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်း ၆ဝ၈ဝ ရူပီးထက် ပိုမိုမြင့်မားလျက်ရှိကြောင်းနှင့် ယခုနှစ်တွင် လယ်သမားများသည် ဝါဂွမ်းတစ်ကွင်တယ်လျှင် ရူပီးငွေ ၉ဝဝဝ ထက် ပိုမိုရရှိနိုင်မည် မဟုတ်ကြောင်း သိရှိရပါသည်။ ၁၄ နှစ်အတွင်း ထုတ်လုပ်မှု အနည်းဆုံးသို့ လျော့ကျမည်ဖြစ်ကြောင်း ဝါဂွမ်းအသင်းအဖွဲ့၏ ခန့်မှန်းချက်က MCX ကုန်စည်ဒိုင်၌ ဇွန်လအတွင်း ဈေးကွက်သို့ ပို့ဆောင်ဖြန့်ဖြူးမည့် အနာဂတ်ဝါဂွမ်း ခန့်မှန်းဈေးနှုန်းကို တစ်ကန်ဒီ (၃၅၆ ကီလိုဂရမ်) လျှင် ၆၄၀၂၀ ရူပီးနှုန်းသို့ မြင့်တက်စေခဲ့ကြောင်း၊ ရှန်ကာ-၆ ဝါဂွမ်း၏ ပြည်ပတင်ပို့သော လက်ငင်းပေါက်ဈေးမှာ စံပြဈေးနှုန်းအဖြစ် တစ်ကန်ဒီလျှင် ၆၃ဝဝဝ ရူပီးရှိကြောင်း၊ ဝါဂွမ်းဈေးနှုန်းများမှာ ယခုသီတင်းပတ်ကာလအတွင်း ရူပီး ၂၅ဝဝ ကျော်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ဈေးကွက်တွင် အင်တာကွန်တီနမ်တယ်အိတ်ချိန်း နယူယောက် ဝါဂွမ်းဈေးနှုန်းမှာ မေလ၌ ရောင်းချရန်အတွက် တစ်ပေါင်လျှင် ၇၉.ဝ၅ ဆင့် (တစ်ကန်ဒီလျှင် ၅၁၃၅ဝ ရူပီး) ရှိပြီး အိန္ဒိယနိုင်ငံ၏ ပို့ကုန်အလားအလာကို ထိခိုက်စေနိုင်ကြောင်း သိရှိရပါသည်။ အမေရိကန် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနက အိန္ဒိယနိုင်ငံ၏ ဝါဂွမ်းထုတ်လုပ်မှုမှာ ၂ဝ၂၃ ခုနှစ်တွင် ၁၉ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးကျဆင်းမည်ဟု ခန့်မှန်းထားသည်။

Source: The Hindu Business Line, 21 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)