အိန္ဒိယအစိုးရအနေဖြင့် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီ (ဇူလိုင်-ဇွန်)အတွင်း ပဲမျိုးစုံတန်ချိန် ၂၉.၂၅ သန်းအပါအဝင် ကောက်ပဲသီးနှံ တန်ချိန် ၃၃၂ သန်းအား ထုတ်လုပ်ရန် ရည်မှန်းထားသည်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းမှုများရှိနေချိန်၌ မဟာဗျူဟာလုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင်ထားရေးအတွက် ကျင်းပခဲ့သော ပြည်နယ်အရာရှိများ၏ ညီလာခံတွင် အဆိုပါလျာထားချက်များကို သတ်မှတ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ဆီထွက်သီးနှံတန်ချိန် ၄၄ သန်းနှင့် နှံစားပြောင်းတန်ချိန် ၁၇ သန်း ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်းလည်း ပြောကြားခဲ့သည်။
အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ မဟာဗျူဟာသည် အထွက်နှုန်းနည်းသောဒေသများတွင် သင့်လျော်သော စိုက်ပျိုးရေးအလေ့အထကောင်းများ ဖြစ်ပေါ်စေခြင်းနှင့် အထွက်နှုန်း မြင့်မားစေသောမျိုးများ မိတ်ဆက်ခြင်းတို့မှတစ်ဆင့် ထုတ်လုပ်နိုင်စွမ်း မြှင့်တင်ခြင်းတို့အပြင် သီးညှပ်စိုက်ပျိုးခြင်း၊ သီးနှံများဖြန့်ကျက်စိုက်ပျိုးခြင်းတို့မှတစ်ဆင့် စိုက်ပျိုးသည့်ဧရိယာ တိုးတက်ကျယ်ပြန့်လာစေရန်ဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီအတွက် ဒုတိယအကြိမ် ကြိုတင်ခန့်မှန်းမှုအရ နိုင်ငံ၏ ကောက်ပဲသီးနှံ ထုတ်လုပ်မှုအား တန်ချိန် ၃၂၃.၅ သန်း ခန့်မှန်းထားရာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၇.၉ သန်း တိုးတက်မှုရှိပြီး ဆန်၊ ပြောင်း၊ ကုလားပဲ၊ ပဲ၊ မုန်ညှင်း၊ ဆီထွက်သီးနှံနှင့် သကြား တို့ကို စံချိန်တင်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။
အဆိုပါညီလာခံကို ဦးဆောင်သူ စိုက်ပျိုးရေးဝန်ကြီး Mr. Narendra Singh Tomar က စိုက်ပျိုးရေးကဏ္ဍသည် လွန်ခဲ့သော ၆ နှစ်အတွင်း ပျမ်းမျှအားဖြင့် နှစ်စဉ် ၄.၆ ရာခိုင်နှုန်းဖြင့် တိုးတက်မှုရှိခဲ့ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့်ဆက်နွှယ်နေသော ကဏ္ဍများသည် နိုင်ငံ၏ ဘက်စုံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသာစွာ အထောက်အကူပြုခဲ့ခြင်း ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် ဆန်နှင့် ဂျုံ ကဲ့သို့ ပိုလျှံမှုရှိသော ကောက်ပဲသီးနှံများကို စိုက်ပျိုးခြင်းမှ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် ပို့ကုန်ဝင်ငွေ မြင့်မားစွာရရှိစေသည့် သီးနှံများကဲ့သို့ ဖူလုံမှု မရှိသော ကောက်ပဲသီးနှံများသို့ ပြောင်းလဲစိုက်ပျိုးခြင်းဖြစ်သည့် လယ်ယာမြေဂေဟစနစ်ကို အခြေခံသော လယ်ယာမြေလွှဲပြောင်းစိုက်ပျိုးမှုအစီအစဉ်များကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုက်ပျိုးရေးဒုတိယဝန်ကြီး Mr. Kailash Choudhary ကလည်း ၂၀၂၃ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာနှံစားပြောင်းများနေ့ (International Year of Millets- IYM) အဖြစ် ကျင်းပခဲ့ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ နှံစားပြောင်းဝယ်လိုအားမှာ မြှင့်တက်လာဖွယ်ရှိကြောင်း၊ ဤအခြေအနေက အိန္ဒိယ၏ နှံစားပြောင်း ထုတ်လုပ်မှုကို မြှင့်တင်နိုင်ပြီး စားသောက်ကုန်စနစ်တစ်ခုလုံးတွင် အဓိကအစိတ်အပိုင်းအဖြစ်ပါဝင်လျက် ကောင်းမွန်သော ချိတ်ဆက်မှုများ အခွင့်အလမ်းများ ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဆီထွက်သီးနှံနှင့် ပဲမျိုးစုံထုတ်လုပ်မှု၌ သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့သော်လည်း ယခုနှစ်တွင် အထွက်ပမာဏများ ဆက်လက်တိုးမြင့်လာစေရန် အလေးပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့မှုသည် ၂၀၂၀-၂၀၂၁ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၄၁.၈၆ ဘီလီယံရှိရာမှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀.၂၄ ဘီလီယံအထိ တိုးလာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
Source: The Hindu Business Line, May 03, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)