ထိုင်းနိုင်ငံက မလေးရှားသို့ ပထမဆုံးအကြိမ် ကြက်ဥများ တင်ပို့

Powered by Drupal

အိမ်နီးချင်းမလေးရှားနိုင်ငံသည် အဓိကအခြေခံစားသောက်ကုန်များ လက်ငင်းပြတ်လပ်မှုအား လျော့ပါးသက်သာစေရန် ထိုင်းနိုင်ငံမှ ကြက်ဥများကို ပထမဆုံးအကြိမ်အနေဖြင့် တင်သွင်းခဲ့ကြောင်း ထိုင်းမွေးမြူရေးဖွံ့ဖြိုးမှုဌာနက ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အဆိုပါဌာန၏အကြီးအကဲ Mr. Somchuan Ratanamungklanon က မလေးရှားနိုင်ငံသို့ ကြက်ဥတင်ပို့ရန် ကနဦးညှိနှိုင်းရရှိမှုမှာ ယခုအချိန်မှ မေလ ၃၀ ရက်နေ့အထိ ဖြစ်ကြောင်း၊ ထိုင်းကုမ္ပဏီ ၄ ခုသည် မလေးရှားသို့ ကြက်ဥများတင်ပို့ရန် စိတ်ဝင်စားမှုရှိကြောင်း၊ ထိုင်းနိုင်ငံအတွင်း ကြက်ဥထုတ်လုပ်မှုနှင့် စားသုံးမှုမှာ ညီမျှသည့်အခြေအနေရှိသဖြင့် ယခုကဲ့သို့ ကြက်ဥတင်ပို့ခြင်းသည် ပြည်တွင်းရောင်းလိုအားအပေါ် သက်ရောက်မှုမရှိကြောင်း ပြောဆိုပါသည်။

ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပေါ်မှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်လာမှုနှင့်အတူ တိရိစ္ဆာန်အစာပြတ်လပ်မှု ဖြစ်ပေါ်ခြင်းက မလေးရှားနိုင်ငံ၌ စိုးရိမ်ဖွယ်ကောင်းအောင် ကြက်ဥများရှားပါးမှုကို ကြုံတွေ့ရလျက်ရှိကြောင်း၊ မလေးရှားနိုင်ငံသည် ယခင်နှစ် နိုဝင်ဘာလကပင် သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံတို့မှ ကြက်ဥများတင်သွင်းခဲ့ကြောင်း၊ မလေးရှားသတင်းမီဒီယာများမှ ဖော်ပြချက်အရ မလေးရှားနိုင်ငံသားများ၏ လစဉ် ပျမ်းမျှ ကြက်ဥစားသုံးမှုမှာ အလုံးရေ ၉၆၈ သန်း ခန့်ရှိကြောင်း သိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် တစ်ရက်လျှင် ကြက်ဥအလုံးရေ ၄၃ သန်းအထိ ထုတ်လုပ်နိုင်ပြီး ၎င်းအနက်မှ အလုံးရေ ၁.၅ သန်းကို ပြည်ပသို့ တင်ပို့နိုင်မှုရှိကြောင်း၊ ဒေသတွင်း၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် မတ်လတွင် ထိုင်ဝမ်က ကြက်မွေးမြူရေးထုတ်ကုန်တင်ပို့မှုကို ပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့ပြီးနောက် မလေးရှားနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ ကြက်ဥများတင်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြက်ဥများတင်ပို့ရန် သဘောတူညီမှုအပေါ်  မလေးရှားနိုင်ငံဘက်မှ ယခုနှစ်ကုန်အထိ သက်တမ်းတိုးမြှင့်ပေးရန် ထိုင်းနိုင်ငံ၊ မွေးမြူရေးဖွံ့ဖြိုးမှုဌာနက မျှော်လင့်လျက်ရှိကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။

Source: The Nation Thailand, April 28, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)