ကမ္ဘာ့ဘဏ်က ယခုနှစ်တွင် နိုင်ငံတကာ ဆန်ဈေး ၁၇ ရာခိုင်နှုန်း တက်မည်ဟု ခန့်မှန်းထား

Powered by Drupal

နိုင်ငံတကာဆန်ဈေးအနေဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လျက် ၂၀၂၃ ခုနှစ်တွင် တစ်တန်လျှင် ၅၁၀ ဒေါ်လာအထိ  ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းလျက်ရှိသည်။

ဝါရှင်တန်မြို့တွင် ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်သည့် နှစ်စဉ်ကုန်စည်ဈေးကွက်အလားအလာခန့်မှန်းချက်တွင် ယခုနှစ်ပထမသုံးလပတ်တွင် အားကောင်းသောဝယ်လိုအားနှင့် ကြပ်တည်းသည့်ထောက်ပံ့မှုများကြောင့် ဆန်ဈေးနှုန်းမှာ ၁၁ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဖော်ပြခဲ့သည်။

အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် အမေရိကန်ဒေါ်လာနှင့်ယှဉ်၍ ငွေကြေးများတန်ဖိုးတက်ခြင်းနှင့်အတူ အာရှဒေသအတွင်း ပွဲတော်များနှင့် ပြန်လည်သိုလှောင် စုဆောင်းခြင်းများကြောင့် ဝယ်လိုအားများပြားခြင်းဖြစ်ကြောင်း၊ ကြပ်တည်းသော ထောက်ပံ့မှုဟုဆိုရာတွင် တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အာရှ၏ဆန်ထုတ်လုပ်သည့် နိုင်ငံများ ပါဝင်လျက်ရှိကြောင်း၊ ယခင်နှစ်၌ ပါကစ္စတန်နိုင်ငံတွင် ရေကြီးနစ်မြုပ်မှုကြောင့် စပါးရိတ်သိမ်းမှုနှင့် ဆန်တင်ပို့မှုထိခိုက်ခဲ့ခြင်းသည်လည်း ဆန်ဈေးနှုန်းများ မြင့်တက်စေသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ၌ ဖော်ပြပါသည်။

ထိုင်းနိုင်ငံ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သော ဆန်လုံးရှည်ဈေးနှုန်းအပေါ် အခြေခံ၍ နိုင်ငံတကာဆန်ဈေးနှုန်းများသည် ပျမ်းမျှ တစ်တန်လျှင် ၂၀၂၀ ပြည့်နှစ်တွင် ၄၉၇ ဒေါ်လာ၊ ၂၀၂၁ ခုနှစ်တွင် ၄၅၈ ဒေါ်လာနှင့် ယခင်နှစ်က ၄၃၇ ဒေါ်လာအထိ ကျဆင်းခဲ့သည်။

Source: Khmer Times, 30 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)