ထိုင်းနိုင်ငံ၌ ၂၀၂၃ ခုနှစ် ပထမ ၃ လအတွင်း ဆန်တန်ချိန် ၂ သန်းကျော် တင်ပို့

Powered by Drupal

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂.၀၆ သန်း၊ တန်ဖိုးအားဖြင့် ဘတ်ငွေ ၃၈.၀၆ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်စည်ပမာဏ၌ ၈.၄၈% တိုးတက်လျက် တန်ဖိုးအားဖြင့် ၂၉.၂၆% တိုးတက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပထမ ၃ လပတ်၌ ဆန်တန်ချိန် ၂ သန်းကျော်တင်ပို့မှုတွင် အီရတ်နိုင်ငံသို့ ၁၆.၃၈% ၊ အင်ဒိုနီးရှားနိုင်ငံသို့ ၁၃.၀၈% ၊ အမေရိကန်ပြည်ထောင်စုသို့ ၈.၆၂% ၊ တောင်အာဖရိကနိုင်ငံသို့ ၈.၂၄% နှင့် ဆီနီဂေါနိုင်ငံသို့ ၅.၈၆% ပါဝင်ခဲ့ကြောင်း၊ ကုန်စည်၏အရည်အသွေးနှင့် ပြိုင်ဘက်ကင်းသည့် ကြန်အင်လက္ခဏာတို့အရ ထိုင်းဆန်သည် ကမ္ဘာ့ဈေးကွက်တွင် ရေပန်းစားကျော်ကြားမှုရှိကြောင်း၊ ကွဲပြားခြားနားသော စပါးမျိုးများအား စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပသို့ တင်ပို့ခြင်းမပြုမီ စံချိန်စံညွှန်းများ စစ်ဆေးမှုနှင့် ကမ္ဘာ့ဆန်ဈေးကွက်အခြေအနေ စသည်တို့ကို ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သည့်တောင်သူများအနေဖြင့် ပိုမိုသိမြင်နားလည်စေရန် ရည်ရွယ်လျက် “ထိုင်းဆန်စပါး ညီလာခံ ၂၀၂၃” ကို ဧပြီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များ၌ ချင်းရိုင်မြို့တွင် နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာနက စီစဉ်ကျင်းပခဲ့ကြောင်း၊ ကမ္ဘာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်တင်ပို့မှုတွင် ဦးဆောင်နိုင်ငံ ဖြစ်လာစေရေး မျှော်မှန်း အကောင်အထည်ဖော်လျက်ရှိသော ထိုင်းဆန်စပါး မဟာဗျူဟာ (၂၀၂၀-၂၀၂၄) နှင့်အညီ အဆိုပါ ညီလာခံကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Anucha Burapachaisri က မေလ ၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၇.၅ သန်းမှ ၈ သန်းအထိ တင်ပို့နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Source: The Nation Thailand, 2 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)