အိုပက်နိုင်ငံများထံမှ အိန္ဒိယနိုင်ငံ၏ ရေနံစိမ်းဝယ်ယူမှု ကျဆင်းခဲ့ခြင်း

Powered by Drupal

အိန္ဒိယနိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှု ကာလတစ်လျှောက်တွင် အိုပက် (OPEC) အဖွဲ့ဝင်နိုင်ငံများထံမှ ဝယ်ယူမှုမှာ ၂၀၂၃ ခုနှစ် ဧပြီလ၌ အနိမ့်ကျဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။

ကမ္ဘာ့စွမ်းအင်ကုန်စည်စီးဆင်းမှုကို လေ့လာဆန်းစစ်သည့် လန်ဒန်မြို့အခြေစိုက် Vortexa လီမိတက်၏ အစီရင်ခံစာအရ အိန္ဒိယနိုင်ငံ၏ ၂၀၂၂ ခုနှစ် ဧပြီလအတွက် ရေနံစိမ်းတင်သွင်းမှုပမာဏတွင် အိုပက်အဖွဲ့ဝင်နိုင်ငံများသည် ဈေးကွက်ဝေစု ၇၂% ရရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၄.၆ သန်း တင်သွင်းခဲ့ရာတွင် အိုပက်အဖွဲ့ဝင်နိုင်ငံများထံမှ တင်သွင်းမှုမှာ တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၂.၁ သန်း ပါဝင်သဖြင့် ဈေးကွက်ဝေစုအားဖြင့် ၄၆% သို့ လျော့ကျခဲ့ကြောင်း၊ ယခင်နှစ် ဖေဖော်ဝါရီလ၌ ရုရှား-ယူကရိန်း စစ်ပွဲစတင်ခဲ့သည့် နောက်ပိုင်း အိန္ဒိယသည် ဈေးနှုန်းသက်သာသော ရုရှားနိုင်ငံထုတ် ရေနံစိမ်းများကို ပိုမိုဝယ်ယူတင်သွင်းခဲ့ရာ တစ်ချိန်က အိန္ဒိယဈေးကွက်ဝေစု၏ ၉၀% ကို ရယူထားခဲ့သော အိုပက်နိုင်ငံများထံမှ ဝယ်ယူတင်သွင်းမှုမှာ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီက ရုရှားနိုင်ငံအနေဖြင့် အိန္ဒိယ ရေနံစိမ်းတင်သွင်းမှုဈေးကွက်၌ ဝေစုရရှိမှုမှာ ၁% ပင် မပြည့်ခဲ့သော်လည်း အိန္ဒိယရေနံကုမ္ပဏီများသည် ယခုနှစ် ဧပြီလအတွင်း တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၁.၆၇၈ သန်းကို ဝယ်ယူတင်သွင်းခြင်းဖြင့် ရုရှားနိုင်ငံ၏ အိန္ဒိယဈေးကွက်၌ ဝေစုရရှိမှုကို ၃၆% သို့ ရောက်ရှိစေခဲ့သည်။ Vortexa ၏ စာရင်းများအရ အိန္ဒိယ၏ ရုရှားနိုင်ငံထံမှ ရေနံစိမ်းတင်သွင်းမှုမှာ ၂၀၂၂ ခုနှစ် မတ်လတွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၆၈၆၀၀ သာရှိရာမှ ၂၀၂၃ ခုနှစ် မတ်လ၌ တစ်ရက်လျှင် ရေနံစည်ပေါင်း ၁.၆၄ သန်းသို့ တိုးတက်ခဲ့ကြောင်း သိရှိရသည်။

Source: Economic Times, May 07, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)