အာဆီယံစီးပွားရေးအသိုက်အဝန်းအသေးစိတ်အစီအစဉ် ၂၀၂၅ အား အကောင်အထည်ဖော်ဆောင်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ဒေသတွင်းငွေပေးချေဆက်သွယ်ဆောင်ရွက်မှု တိုးတက်ရေးနှင့် ဒေသသုံးငွေကြေးသို့ ကူးပြောင်းမှု မြင့်တင်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်မူကြမ်းကို ထိုင်းနိုင်ငံအစိုးရအဖွဲ့က မေလ ၉ ရက်နေ့တွင် လက်ခံအတည်ပြုခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါကြေညာချက်မူကြမ်းသည် အထူးသဖြင့် အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်အပါအဝင် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအား အဟန့်အတား ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရေးကို အထောက်အပံ့ပြုမည့် တီထွင်ဆန်းသစ်မှုနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းနယ်ပယ်များအပေါ် လွှမ်းခြုံမှုရှိကြောင်း၊ ၎င်းမူကြမ်းအရ ဒေသသုံးငွေကြေးသို့ ကူးပြောင်းရေးလုပ်ငန်းအဖွဲ့တစ်ရပ် ထူထောင်လျက် ပြင်ပငွေကြေးဈေးကွက် မတည်ငြိမ်မှုများ၏ ဒေသတွင်းသို့ ရိုက်ခတ်မှုမှ အကာအကွယ်ပေးခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အထောက်အကူပြုနိုင်ရေး ပြောင်းလွယ်ပြင်လွယ်ရှိသော နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ စံသတ်မှတ်ချက်များ ချမှတ်ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ မေလ ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ Labuan Bajo မြို့၌ ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ဒေသတွင်းခေါင်းဆောင်များက အဆိုပါကြေညာချက်မူကြမ်းအပေါ် စဉ်းစားဆွေးနွေးကြမည်ဖြစ်ကြောင်းနှင့် ၎င်းမူကြမ်းအား စည်းနှောင်မှုရှိသော သဘောတူညီချက်အဖြစ် မှတ်ယူနိုင်ခြင်း မရှိကြောင်းဖြင့် ထိုင်းနိုင်ငံအစိုးရ ပြောရေးဆို ခွင့်ရှိသူ Ms. Rachada Dhnadirek က ပြောကြားပါသည်။
ဒေသတွင်း ငွေပေးချေဆက်သွယ်ဆောင်ရွက်မှုကို ကြပ်မတ်ရန်နှင့် ဒေသသုံးငွေကြေးသို့ ကူးပြောင်းမှုမြှင့်တင်ရေး လမ်းညွှန်ချက်များကို ချမှတ်နိုင်ရန်အတွက် အာဆီယံခေါင်းဆောင်များ သည် ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများသို့ တာဝန်ပေးအပ်ထားပြီးဖြစ် ကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။
Source: The Nation Thailand, May 09, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)