အိန္ဒိယနိုင်ငံ၌ ဓာတ်မြေဩဇာလုပ်ငန်း ၁၁၂ ခု၏ လိုင်စင်များအား အစိုးရက ပယ်ဖျက်

Powered by Drupal

အစိုးရက ထောက်ပံ့ပေးသည့် ဓာတ်မြေဩဇာများအား စက်မှုကုန်ထုတ်လုပ်ငန်းများသို့ လွှဲပြောင်းသုံးစွဲခြင်းကို တားဆီးရန်နှင့် အရည်အသွေးအာမခံချက်ရှိစေရန် လုပ်ဆောင်မှုအဖြစ် စံသတ်မှတ်ချက်များကို ဖောက်ဖျက်ကျူးလွန်သော ကုမ္ပဏီ ၁၁၂ ခု၏ လုပ်ငန်းလိုင်စင်များအား ဖျက်သိမ်းခဲ့ကြောင်းနှင့် လွန်ခဲ့သည့်ခြောက်လအတွင်း လုပ်ငန်းပေါင်း ၃၇၀ ကျော်ကို စစ်ဆေးခဲ့ပြီးနောက် အမှုဖွင့်အရေးယူမှု ၃၀ မှုရှိခဲ့ကြောင်း အိန္ဒိယ ဓာတုပစ္စည်းနှင့် ဓာတ်မြေဩဇာဝန်ကြီးဌာနက မေလ ၉ ရက်၊ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ပြည်နယ် ၁၅ ခုရှိ ဓာတ်မြေဩဇာလုပ်ငန်းပေါင်း ၃၇၀ ကို စစ်ဆေးရာတွင် ဓာတ်မြေဩဇာ အရောအနှော ပြုလုပ်သည့် စက်ရုံ ၂၂၀ ခု၊ ယူရီးယားစက်ရုံ ၁၃၀ ခု၊ Single Super Phosphate (SSP) ဓာတ်မြေဩဇာစက်ရုံ ၁၅ ခုနှင့် ပို့ကုန်လုပ်ငန်းရှင် ၅ ဦးတို့အား ပါဝင်ကြောင်း၊ စစ်ဆေးမှုတွင် ဂူဂျရတ်ပြည်နယ်မှ လုပ်ငန်း ၉၂ ခု အများဆုံး ပါဝင်ပြီး ၎င်း၏နောက်၌ ကီရာလာပြည်နယ်မှ ၅၄ ခု၊ တမီနာဒူပြည်နယ်မှ ၄၀ ခုနှင့် ကာနာတကာပြည်နယ်မှ လုပ်ငန်း ၃၉ ခုတို့ကို အများဆုံး စစ်ဆေးခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါသည်။

ကမ္ဘာတစ်ဝန်း၌ ဓာတ်မြေဩဇာ အကျပ်အတည်း ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေတွင် ၄၅ ကီလိုဂရမ်ဝင် ယူရီးယားဓာတ်မြေဩဇာ တစ်အိတ်လျှင် ၂၅၀၀ ရူပီးခန့် ကျသင့်သော်လည်း လယ်သမားများသို့ ၂၆၆ ရူပီး ဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် မူလရည်ရွယ်သော လုပ်ငန်းလမ်းကြောင်းမှ ပြောင်းလွှဲမှုရှိသည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုရှိသော ဖြန့်ဖြူးသူ သို့မဟုတ် အသုံးပြုသူ သို့မဟုတ် ဆိုင်ခွဲများအား ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း ဓာတုပစ္စည်းနှင့် ဓာတ်မြေဩဇာဝန်ကြီး Mr. Mansukh Mandaviya က‌ ပြောကြားခဲ့သည်။

အဆိုပါ ဓာတ်မြေဩဇာလုပ်ငန်းများမှ နမူနာ ၂၆၈ ခုအား ရယူခဲ့ပြီး၊ နမူနာ ၅၉ ခု၏ ရလဒ်အား ‌စောင့်ဆိုင်းနေဆဲဖြစ်သည်။ သို့သော် နမူနာ ၈၉ ခုတွင် စံချိန်မမီသော ယူရီးယား ပါဝင်ကြောင်းတွေ့ရှိခဲ့သည်။ စက်ရုံ ၁၃၀ အား စစ်ဆေးရာတွင် ၁၂၀ မှာ ယူရီးယားမြေဩဇာအား လုပ်ငန်းလမ်းကြောင်းမှ ပြောင်းလွှဲမှုရှိသဖြင့် လုပ်ငန်းလိုင်စင် ၁၁၂ ခုအား ပယ်ဖျက်ခဲ့ကြောင်း ဝန်ကြီး Mr. Mandaviya က ပြောဆိုသည်။

အဆိုပါ စစ်ဆေးမှုများအရ အစိုးရက အထောက်အပံ့ပေးသည့် ဓာတ်မြေဩဇာများကို လမ်းကြောင်း ပြောင်းလွှဲမှုရှိခြင်းကြောင့် အမှုဖွင့်အရေးယူမှု ၃၀ မှုထိ ရှိလာခဲ့ပြီး  ဂူဂျရတ်၊ ကီရာလာ၊ ဟာရီယာနာ၊ ရာဂျပ်စတန်နှင့် ကာနာတကာ ပြည်နယ်များမှ ဓာတ်မြေဩဇာ အိတ် ၇၀၀၀၀ အား သိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါ အိတ်များအနက် ၂၆၁၉၉ အိတ်ကို ဓာတ်မြေဩဇာထိန်းချုပ်ရေးအမိန့် (FCO) စည်းမျဉ်းများအရ ဖျက်ဆီးခဲ့ကြောင်း၊ ပထမဆုံးအကြိမ်အဖြစ် လွန်ခဲ့သည့် ၁ နှစ်အတွင်း ယူရီးယား မှောင်ခိုရောင်းချသူ ၁၁ ဦးအား မှောင်ခိုရောင်းဝယ်မှု တားဆီးကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း၊  ယူရီးယားကို စိုက်ပျိုးရေးလုပ်ငန်းအပြင် အစေး၊ ကော်၊ သုံးထပ်သား၊ ပုံသွင်းမှုန့်၊ ပန်းကန်ခွက်ယောက်၊ နွားစာ၊ နို့ထွက်ပစ္စည်း၊ သတ္တုတွင်း ဖောက်ခွဲရေး ပစ္စည်း စသည်ဖြင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုလာကြကြောင်း၊ တရားမဝင် ပြောင်းလဲသုံးစွဲမှု မြင့်တက်လာခြင်းကြောင့် မျိုးစေ့ကြဲကာလတွင် ယူရီးယားမြေဩဇာ ရှားပါးလာခြင်းဖြစ်ကြောင်း အိန္ဒိယဓာတုပစ္စည်းနှင့် ဓာတ်မြေဩဇာဝန်ကြီးဌာနက ဖော်ပြထားသည်။

Source: The Hindu Business Line, 9 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)