ပထဝီကုန်အညွှန်းအမှတ်အသား ထုတ်ကုန်များ ရောင်းချမှု ဘတ်ငွေ ၅ဝ ဘီလီယံ ရောက်ရှိမည်ဟု ထိုင်းအစိုးရက ခန့်မှန်း

Powered by Drupal

ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ်၌ ရရှိခဲ့သော ပထဝီကုန်အညွှန်း အမှတ်အသားထုတ်ကုန် ရောင်းချရမှုတန်ဖိုး ဘတ်ငွေ ၄၈ ဘီလီယံထက် ပိုမိုလျက် ၂၀၂၃ ခုနှစ်တွင် ဘတ်ငွေ ၅ဝ ဘီလီယံသို့ တိုးတက်ရရှိမည်ဟု ခန့်မှန်းထားပါသည်။ ပထဝီကုန်အညွှန်းအမှတ်အသား (GI) ဆိုသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဈေးကွက်တန်ဖိုး ပိုမိုရရှိစေရန် ထုတ်ကုန်တစ်ခုအား နိုင်ငံတစ်ခု၊ ဒေသတစ်ခု သို့မဟုတ် နေရာဌာနတစ်ခုတွင် ထုတ်လုပ်ပြီး ထူးခြားသော ဝိသေသလက္ခဏာများ သို့မဟုတ် အရည်အသွေးများကို ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း ဖြစ်ပါသည်။ လက်ရှိကာလ၌ ထိုင်းနိုင်ငံတွင် GI မှတ်ပုံတင်ထားသော ထုတ်ကုန်အမျိုးအစား ၁၈၅ မျိုးရှိပြီး အစားအသောက်၊ လယ်ယာထွက်ကုန်များနှင့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ ပါဝင်ကြောင်း သိရှိရပါသည်။

လတ်တလောကာလ၌ ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတောင်ပိုင်း အနောက်ဘက်ကမ်းခြေ‌ရှိ ကရာဘိဒေသတွင် နောက်ဆုံး ပထဝီကုန်အညွှန်းအမှတ်အသား ထုတ်ကုန်အဖြစ် “Tu-Rian Talay Hoi” သို့မဟုတ် “Talay Hoi Durian” ခေါ် ဒူးရင်းသီးကို မှတ်ပုံတင်ခဲ့ပါသည်။ ကရာဘိကမ်းခြေဒေသ၊ Plaipraya ခရိုင်ရှိ Tambon Plaipraya နှင့်  Tambon Khao Khen နယ်မြေများတွင် ဒူးရင်းစိုက်ခင်းများသည် ကောင်းမွန်သောရာသီဥတုနှင့် ရေအရင်းအမြစ်တို့ကို ရရှိပိုင်ဆိုင်ပြီး ဓာတုပစ္စည်းများကို အသုံးမပြုပဲ အရေးပါသည့် အာဟာရများကို ရရှိကြသဖြင့် အရည်အသွေးသာလွန်ကောင်းမွန်ပြီး ထူးခြားသောအသွင်အပြင်ရှိသည့် ဒူးရင်းသီးများ ထွက်ရှိရာဒေသများဖြစ်ကြပါသည်။

လက်ရှိကာလတွင် ထိုင်းနိုင်ငံသည် GI မှတ်ပုံတင်ထားသော ထုတ်ကုန် ၈ မျိုးကို ပြည်ပတင်ပို့လျက်ရှိသည်။ အဆိုပါထုတ်ကုန်များမှာ ဥရောပသမဂ္ဂနှင့် အင်ဒိုနီးရှားတို့တွင် Thung Kula Rong Hai hom mali ဆန်နှင့် Sangyod Muang Phutthalung ဆန်၊ ဥရောပသမဂ္ဂ၌ Doi Chang ကော်ဖီ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘောဒီးယားတို့တွင် Doi Tung ကော်ဖီ၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့၌ Lamphun brocade ပိုးထည်၊ ဗီယက်နမ်တွင် ရိုးရာ Isan ပိုးထည်ချည်၊ Phetchabun မန်ကျည်း အချိုသီးနှင့် Lamphun လိုက်ချီးသီးတို့ကို မှတ်ပုံတင်ထားခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံသည် GI အမှတ်အသားထုတ်ကုန်အဖြစ် Thung Kula Rong Hai hom mali ဆန်၊ Pakpanang Tab Tim Siam ကျွဲကောသီးနှင့် Phetchabun မန်ကျည်းသီးချိုတို့ကို တရုတ် နိုင်ငံတွင်လည်းကောင်း၊ Doi Tung ကော်ဖီ၊ Doi Chang ကော်ဖီ၊ Phetchabun မန်ကျည်းအချိုသီး နှင့် Huay Mon နာနတ်သီးတို့ကို ဂျပန်နိုင်ငံ၌ လည်းကောင်း မှတ်ပုံတင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

Source: Bangkok Post, 9 May, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)