စားအုန်းဆီထုတ်လုပ်မှု အထွက်နှုန်း သိသိသာသာကျဆင်းလာမည်ဟု ဧပြီလအတွင်း ခန့်မှန်းချက်များကြောင့် အနာဂတ်မလေးရှားစားအုန်းဆီဈေးနှုန်းသည် မေလ ၉ ရက်နေ့တွင် ရက်သတ္တသုံးပတ်အတွင်း ၄ ရာခိုင်နှုန်းကျော် အမြင့်မားဆုံးဖြင့် တစ်ဟုန်ထိုးမြှင့်တက်လာခဲ့သည်။
မလေးရှားဘာဆာကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange- BMDE) တွင် ဇူလိုင်လအတွက် ပေးပို့ရမည့် စားအုန်းဆီစာချုပ်တွင် စားအုန်းဆီ ၁ တန်လျှင် ရင်းဂစ်ငွေ ၃၇၅၈ (အမေရိကန်ဒေါ်လာ ၈၄၇.၃၅) အထိ အပိတ်ဈေးရှိခဲ့ရာ ၁ တန်အပေါ် ရင်းဂစ်ငွေ ၁၅၇ တစ်နည်းအားဖြင့် ၄.၃၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။ စားအုန်းဆီသည် ဧပြီလ ၁၈ ရက်နေ့ နောက်ပိုင်းမှစ၍ ဆက်တိုက်တိုးမြှင့်ခဲ့ရာ လေးကြိမ်မြောက် အမြင့်ဆုံးအပိတ်ဈေးလည်း ဖြစ်သည်။
မလေးရှားစားအုန်းဆီအဖွဲ့(Malaysian Palm Oil Association - MPOA) က ဧပြီလတွင် လစဉ်ထုတ်လုပ်မှုမှာ ၈.၃ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းချက်များကြောင့် မျှော်လင့်ထားသည်ထက် ထုတ်လုပ်မှုများတွင် ပြတ်တောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကုန်သည်များက စိုးရိမ်ခဲ့သည်။ Reuters သတင်းဌာန၏ စစ်တမ်းများတွင် ဧပြီလအတွင်း ထုတ်လုပ်မှုများကို နှိုင်းယှဉ်ပါက ယခင်အပတ်တွင် ၀.၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး ပြည်တွင်းစားသုံးမှု မြှင့်တက်လာခဲ့ခြင်းကြောင့် သိုလှောင်မှုများမှာ ၁၁ လအတွင်း အနိမ့်ဆုံးကျသွားနိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်။ မွန်ဘိုင်းအခြေပြု ဟင်းသီးဟင်းရွက်ဆီကုန်သည်များ Sunvin Group အဖွဲ့၏ သုတေသန အကြီးအမှူးဖြစ်သူ Anilkumar Bagani ၏ ပြောကြားချက်အရ မလေးရှားနိုင်ငံအတွင်း ထုတ်လုပ်မှုများသည် အမှန်တကယ်ဆိုးရွားလာနိုင်ပြီး အင်ဒိုနီးရှားနိုင်ငံအတွက်လည်း အလားတူအခြေအနေမျိုး ဖြစ်လာနိုင်မည်ဟု ခန့်မှန်းထားကြောင်းဖြင့် သိရသည်။
ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းအနေဖြင့် မေလနှင့် စက်တင်ဘာလအတွင်း အယ်နီညိုရာသီ ဥတုဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းချက်များကြောင့်လည်း ထုတ်လုပ်မှုများ ပိုမိုဆိုးရွားလာနိုင်ကြောင်း စိုးရိမ်လာကြသည်။ စားအုန်းဆီအဓိကစိုက်ပျိုးသည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာသည့် ခြောက်သွေ့ရာသီဥတု၏ အကျိုးဆက်အရ စားအုန်းဆီအထွက်နှုန်းမှာ လျော့ကျနိုင်ကြောင်း သိရသည်။
Source: Reuters, 9 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)