အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးရန် လိုအပ်ချက်အပေါ် ပြည့်မီမှုမရှိသဖြင့် ၃ နှစ်တာကာလအတွင်း သတ်မှတ်ထားရှိသော ပြည်နယ်အချို့၌ စိုက်ပျိုးထုတ်လုပ်မှုကို နှစ်စဉ်မြှင့်တင်လျက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဖူလုံမှုရရှိအောင် စီမံဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနရှိ သတင်းအရင်းအမြစ်များအရ သိရှိရသည်။
၂၀၁၇-၁၈ ခုနှစ်မှ ၂၀၂၂-၂၃ ခုနှစ်အတွင်း ပြည်တွင်း၌ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုမှာ ၉% တိုးတက်ခဲ့ရာ ၎င်းကာလအတွင်း အိန္ဒိယ၏ ပဲမျိုးစုံ တင်သွင်းမှုသည် ၆၀% ကျဆင်းခဲ့သည်။ လွန်ခဲ့သော ၇ နှစ်တာ ကာလအတွင်း ပဲမျိုးစုံဧရိယာ ၁ ဟက်တာလျှင် ၆၅၅ ကီလိုဂရမ်မှ ၉၂၄ ကီလိုဂရမ်သို့ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ရာ အထွက်နှုန်းမှာ ၄၁% တိုးတက်မှုရရှိခဲ့သည်။ သို့ဖြစ်ရာ အထွက်နှုန်း မြှင့်တင်ခြင်းဖြင့် ပြည်ပမှတင်သွင်းရန် မလိုအပ်ပဲ ကိုယ်ပိုင်ဖူလုံမှုရှိရန် အလားအလာရှိသော ပဲများ ထုတ်လုပ်မှုတိုးတက်စေရေး အိန္ဒိယအစိုးရက စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မှ စတင်၍ ပဲစင်းငုံ တန်ချိန် ၄၅.၅ သိန်း၊ မတ်ပဲတန်ချိန် ၂၃.၈၈ သိန်းနှင့် ဆောင်းပဲနီလေး တန်ချိန် ၁၆.၉၅ သိန်းအထိ ထွက်ရှိရန် ရည်မှန်းထားသည်။ သို့သော် အဆိုပါ ရည်မှန်းချက်ကို ပြည့်မီရန်မှာ အတားအဆီးများစွာရှိနေပြီး ၎င်းတို့ကို ဖြေရှင်းရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနသည် မျိုးစေ့ဗဟိုဌာနအစီအစဉ်အား အကောင်အထည်ဖော်ခြင်းကို အိန္ဒိယစိုက်ပျိုးရေး သုတေသနကောင်စီ (ICAR) သို့ တာဝန်ပေးအပ်ဆောင်ရွက်လျက်ရှိသည်။
ICAR ကောင်စီလက်အောက်ရှိ ကန်ပူရာမြို့အခြေစိုက် အိန္ဒိယပဲမျိုးစုံသုတေသနဌာန (IIPR) သည် ဖေဖော်ဝါရီလ၌ ဌာနတွင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပရာတွင် မိဘမျိုးစေ့ထုတ်လုပ်မှုမြှင့်တင်ခြင်းနှင့် မျိုးစေ့ဗဟိုဌာန အစီအမံများနှင့် စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း၊ IIPR ဌာန၏ ပြောကြားချက်အရ မျိုးစေ့ဗဟိုဌာနအစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင် ဒေသပေါင်း ၁၅၀ ၌ စတင်ခဲ့ပြီး စင်တာတစ်ခုချင်းစီ၏ မျိုးစေ့ထုတ်လုပ်နိုင်စွမ်းကို ၁၀၀၀ ကွမ်တယ် (၁၀ တန်) အထိ ရည်မှန်းထားကြောင်း၊ သို့သော် ပြည်နယ်များနှင့် အခြားအေဂျင်စီများ၏ မျိုးစေ့ထုတ်လုပ်မှုမှာ ကြန့်ကြာမှုရှိခြင်း၊ နိုင်ငံ၏ အရှေ့မြောက်ဒေသများတွင် မျိုးစေ့ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်သည့် အဖွဲ့အစည်းများ မရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ရေး ကလာပ်စည်းများအတွက် ရန်ပုံငွေပြတ်လပ်ခြင်း စသည့် ကန့်သတ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရှိရသည်။
မေလ ၃ ရက်နေ့၌ ကျင်းပသော မိုးသီးနှံညီလာခံတွင် မျိုးစေ့ဗဟိုဌာနများ၏ ထုတ်လုပ်မှုကို မြှင့်တင်ရန် စိုက်ပျိုးရေးဦးစီးဌာနက ပြည်နယ်အစိုးရများသို့ အကြံပြုခဲ့ကြောင်း၊ သို့ရာတွင် မျိုးစေ့ဗဟိုဌာနများအနေဖြင့် နောက်ကြောင်းခြေရာခံစနစ် နှင့် ပထဝီဒေသ ခွဲခြားမှတ်တမ်းတင်မှုတို့အပါအဝင် သတင်းအချက်အလက်နည်းပည စင်္ကြန်များကို ၂ လ အတွင်း ထူထောင်ရန် လိုအပ်လျက်ရှိကြောင်း၊ မျိုးစေ့ဗဟိုဌာနများ၏ သက်ရောက်မှုရှိမည့် သုတေသနပြုလုပ်ငန်းများ၊ မျိုးစေ့ ထုတ်မှု ကုန်ကျစရိတ်များနှင့် ၎င်းဗဟိုဌာနများ၌ မျိုးစေ့ထုတ်လုပ်မှုအတွက် ပေးအပ်ရမည့်ထောက်ပံ့ကြေးများကို တွက်ချက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် မျိုးစေ့ဗဟိုဌာနများအနေဖြင့် အဆိုပါအထောက်အပံ့များကို လက်ခံရရှိခြင်း မရှိသေးကြောင်းဖြင့် The Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
Source: The Hindu Business Line, 12 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)