ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းကမ်းလွန်ပင်လယ်၌ ဆောင်ရွက်လျက်ရှိသော မာလမ်ပါယာသဘာဝဓါတ်ငွေ့တွင်း (Malampaya gas field) လုပ်ငန်းစီမံကိန်းရှိ ဝန်ဆောင်မှုလုပ်ငန်း စာချုပ်အမှတ် ၃၈ (SC 38) အား ၁၅-၅-၂၀၂၃ နေ့တွင် ဖိလစ်ပိုင်အစိုးရ က သက်တမ်း ၁၅ နှစ် တိုးမြှင့်ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။
အဆိုပါစာချုပ်အရ ဖိလစ်ပိုင်နိုင်ငံ၌ သဘာဝဓါတ်ငွေ့ အများဆုံးထုတ်လုပ်လျက်ရှိသော မာလမ်ပါယာလုပ်ကွက်အမှတ် ၃၈ ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကုမ္ပဏီများ ပူးပေါင်းအဖွဲ့အနေဖြင့် တည်ရှိဆဲဓါတ်ငွေ့တွင်းနှင့် အလားလာ ရှိသော အနီးပတ်ဝန်းကျင်ဧရိယာ တို့မှ သဘာဝဓါတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ဘူမိဗေဒနှင့် ဘူမိရူပဆိုင်ရာ လုပ်ငန်းစီမံချက်တစ်ရပ်အား ချမှတ်ဆောင်ရွက်မှုနှင့်အတူ အနည်းဆုံး ရေနက်ကြမ်းပြင် ဓါတ်ငွေ့တွင်း ၂ ခု တူးဖော်ခြင်းကို ၂၀၂၄ ခုနှစ်မှ ၂၀၂၉ ခုနှစ်အတွင်း လုပ်ဆောင်ရမည်ဖြစ်သည်။
ဖိလစ်ပိုင်အစိုးရသည် ၂၂-၂-၂၀၂၄ နေ့တွင် ထုတ်လုပ်မှုသက်တမ်း ၂၅ နှစ်ကုန်ဆုံးမည့် သဘာဝဓါတ်ငွေ့ လုပ်ငန်းစီမံကိန်းစာချုပ်ကို ၂၂-၂-၂၀၃၉ ရက်နေ့အထိ နောက်ထပ်သက်တမ်း ၁၅ နှစ် တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီများပူးပေါင်းအဖွဲ့ အနေဖြင့် နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်များနှင့်အညီ ဓါတ်ငွေ့တွင်းများအား စွန့်လွှတ်မှုနှင့် လုပ်ငန်းအထောက်အပံ့ပစ္စည်းများ ဖြုတ်သိမ်းမှုတို့ကို လွှမ်းခြုံမှုရှိသည့် ဘတ်ဂျက်စာရင်းနှင့်အတူ လုပ်ငန်းရပ်စဲမည့် အစီအမံအား စာချုပ်သက်တမ်းတိုးမှု စတင် သက်ရောက်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဖိလစ်ပိုင်စွမ်းအင်ဦးစီးဌာနသို့ တင်သွင်းရမည်ဖြစ်ကြောင်း Manila Times သတင်းဌာနက ဖော်ပြထားသည်။
Source: Manila Times, 15 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)