ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်ပမှ ကြက်သွန်နီတင်သွင်းမှုကို မကြာမီခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းဝန် Ms. Wahida Akhtar က ပြောဆိုပါသည်။
၂ဝ၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကြက်သွန်နီဈေးနှုန်းဆိုင်ရာ အစည်းအဝေးတွင် ပြည်တွင်းလယ်သမားများ၏ အကျိုးစီးပွားကို ချင့်ချိန်စဉ်းစား၍ ကြက်သွန်နီတင်သွင်းမှုကို ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး ဝန်ကြီးဌာနအနေဖြင့် ကြက်သွန်နီဈေးကွက်ကို အမြဲမပြတ်စောင့်ကြည့်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လတ်တလောကာလအတွင်း ထုတ်လုပ်မှုနှင့် ကုန်လက်ကျန်အခြေအနေအရ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်စရာ အကြောင်းမရှိသော် လည်း လက်ရှိကြက်သွန်နီဈေးနှုန်းများမှာ အတော်အသင့်မြင့်မားနေသည်ကို တွေ့ရှိရကြောင်းနှင့် ဈေးနှုန်းများ ဆက်လက်မြင့်တက်မည့် အခြေအနေရှိပါက ပြည်ပမှ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း Ms. Wahida Akhtar က ပြောကြား ခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂ဝ၂၃ ခုနှစ်အတွင်း ကြက်သွန်နီ တန်ချိန် ၃၄ သိန်းကို ထုတ်လုပ်ခဲ့ပြီး လက်ရှိကုန်လက်ကျန်မှာ တန်ချိန် ၁၈.၃ဝ သိန်း ရှိကြောင်း၊ လွန်ခဲ့သောဧပြီလအတွင်း ပြည်တွင်း၌ စိုက်ပျိုးသည့် ကြက်သွန်နီလက်လီဈေးနှုန်းများမှာ တစ်ကီလိုဂရမ်လျှင် တာကာ ၆ဝ မှ ၇ဝ ရှိခဲ့သဖြင့် ယခင်မတ်လဈေးဖြစ်သည့် တာကာ ၃ဝ မှ ၄ဝ ဈေးနှုန်းထက် ပိုမိုမြင့်တက်ခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုကော်ပိုရေးရှင်း၏ ဈေးနှုန်း စာရင်းဇယားများ အရ ပြည်ပမှတင်သွင်းသော ကြက်သွန်နီများ၏ဈေးနှုန်းမှာ ဧပြီလအတွင်း ၅၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
Source: The Daily Star, 15th May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)