သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူ မြို့မစည်ပင်ဈေးအတွင်းရှိ စိုက်ပျိုးရေးဓာတ်မြေဩဇာဆိုင်များအားကွင်းဆင်းစစ်ဆေး

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ဦးစီးမှူးနှင့် စစ်ဆေးရေးအရာရှိများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဒု-လက်ထောက်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် (၂၃.၁၂.၂၀၂၂) ရက်နေ့နံနက် (၁၀:၃၀) အချိန်တွင် ပခုက္ကူမြို့မဈေးအတွင်းရှိ  ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာဆိုင်များအား ကုမ္ပဏီထုတ် မှတ်ပုံတင်ထားသော  မြင်းပျံတံဆိပ်ဓာတ်မြေဩဇာအိတ်များထဲတွင် အခြားဓာတ်မြေဩဇာများထည့်သွင်း ရောင်းချခြင်းရှိ/မရှိကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။  

        အဆိုပါ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးရာတွင် မြင်းပျံတံဆိပ်ဓာတ်မြေဩဇာမှာ မြန်မာပြည်မှ ထုတ်လုပ်ခြင်းမဟုတ်ဘဲ ထိုင်းနိုင်ငံမှ ဝင်ရောက်ခြင်း ဖြစ်ပြီးကုန်အမှတ်တံဆိပ်မှာထိုင်းဘာသာစာများဖြင်ဖော်ပြထားကြောင်း ၊အာဟာရဓာတ်အာမခံချက်၊ အသားတင်အလေးချိန်၊ တားမြစ်ချက်၊ သတိပြုရန် နှင့် သိုလှောင်ရန်များမှာ မြန်မာဘာသာဖြင့် ဖော်ပြထားသည်ကိုတွေ့ရှိရပြီး၊ ကုမ္ပဏီထုတ် မှတ်ပုံတင်ထားသောမြင်းပျံတံဆိပ်ဓာတ်မြေဩဇာအိတ်များထဲတွင် အခြားဓာတ်မြေဩဇာထည့်သွင်းရောင်းချခြင်းမရှိကြောင်း ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ အရောင်းဆိုင်များမှ သိရှိရပြီး ပခုက္ကူမြို့ပေါ်တွင် ကုမ္ပဏီထုတ် မှတ်ပုံတင်ပြီးသားမြင်းပျံ တံဆိပ် ဓာတ်မြေဩဇာများသာ ရောင်းချမှုရှိကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(မကွေး)

စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၃-၁၂-၂၀၂၂)ရက်နေ့တွင် မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်ရှိ “ကြယ်စင်မင်း” စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်း၍ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအား စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသောရည်ညွှန်းလက်လီဈေးနှုန်းများအတိုင်း ရောင်းချရန်လိုအပ်ကြောင်း၊ ရည်ညွှန်းဈေးထက်ပိုမိုရောင်းချပါက မြန်မာ့ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ချမှတ်ထားသောလုပ်ထုံးလုပ်နည်းနှင့် ဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်း စက်သုံးဆီမပြတ်လပ်စေရေးအတွက်လည်း ရန်ကုန်မြို့ရှိကုမ္ပဏီများမှ မှာယူထားသောစက်သုံးဆီဘောက်ဆာကားများ ကြန့်ကြာမှုမရှိဘဲ အချိန်မီရောက်ရှိစေရေးအတွက်လည်း မိမိတို့ဌာနနှစ်ခုမှချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် လုပ်ငန်းရှင်များကလည်း သိရှိလိုသည်များ၊ လိုအပ်သည့်အချက်များကို အပြန်အလှန်မေးမြန်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယ(၃)လပတ်တွင် ဌာနလုပ်ငန်း ဆောင်ရွက်မှုများ လျာထားချက်ထက် ပိုမိုဆောင်ရွက်နိုင်ခဲ့

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဖြစ်သည့် စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခြင်း၊  အသေးစား၊  အလတ်စား၊ အငယ်စား (MSME) စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များထံသို့ ကွင်းဆင်းတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့်အချက်များကို အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်မှုများနှင့်အတူ ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများဖြစ်သည့် ကုန်ကြမ်းရရှိမှု၊ ကုန်ချောထွက်ရှိမှုနှင့် ဈေးကွက်/ ဈေးနှုန်းအခြေအနေများကို ဆွေးနွေးမေးမြန်း မှတ်တမ်းတင်ခဲ့ပါသည်။

    စစ်ကိုင်းခရိုင်အနေဖြင့် ခရိုင်ဦးစီးမှူးရုံးအပါအဝင် စစ်ကိုင်း၊ မြင်းမူနှင့် မြောင်မြို့နယ်တို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းကို တစ်လလျှင် တစ်ကြိမ်စီဖြင့် စုစုပေါင်း လေးကြိမ်ဆောင်ရွက်ရန် လျာထားသတ်မှတ်ထားပါသည်။  စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းကို ပထမ(၃)ပတ်တွင် စုစုပေါင်း(၂၂)ကြိမ်၊ ရာခိုင်နှုန်းအားဖြင့် ၁၈၃ % ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဒုတိယ(၃)ပတ်တွင် စုစုပေါင်း(၂၈)ကြိမ်၊ ရာခိုင်နှုန်းအားဖြင့် ၂၃၃ % ဆောင်ရွက်နိုင်ခဲ့ပြီး၊ တတိယ(၃)ပတ်တွင် စုစုပေါင်း(၃၁)ကြိမ်၊ ရာခိုင်နှုန်းအားဖြင့် ၂၅၈ % ဆောင်ရွက်နိုင်ခဲ့၍၊ တတိယ(၃)လပတ်သည် ပထမ(၃)လပတ်ထက် (၉)ကြိမ် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

‘‘ကုန်စည်ဒိုင်များဖွံ့ဖြိုးဖို့ ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်စို့”

       “မြန်မာဆန်စပါးညီလာခံ ၂၀၂၂” တွင် ဖော်ထုတ်ချက်(၄၃)ချက်အနက် ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိဆောင်ရွက်နေသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံ များနှင့်ပတ်သက်၍ ကုန်စည်ဒိုင်လုပ်ငန်းများဖွံ့ဖြိုးရေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်းကာ ဦးစားပေးဆောင်ရွက်ရန် အချက်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များမှ တာဝန်ရှိသူများနှင့်တွေ့ ဆုံ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် “ကုန်စည်ဒိုင် များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ”ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲတွင်ကုန်စည်ဒိုင်များမှ ဆွေးနွေးတင်ပြမှုများအပေါ် အခြေခံ၍ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေး လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ၊ ကုန်စည်ဒိုင်များမှ တင်ပြချက်များ အခက်အခဲများကို ဆွေးနွေးခဲ့ကြပါသည်။

          မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် လယ်ယာထွက်ကုန်သီးနှံများအား စိုက်ပျိုး ထုတ်လုပ်မှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ကုန်စည်ဒိုင် များ၏ ဈေးကွက်သည် ကုန်ထုတ်လုပ်ရန် လယ်ယာထွက်ကုန်ပစ္စည်းကုန်ကြမ်းများရောင်းဝယ် ဖောက်ကားမှုပြုရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များတွင် စိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းသူ၊ဝယ်သူ၊ ပွဲစားကုန်သည် ၊ ထုတ်လုပ်သူ၊ တင်ပို့/တင်သွင်းဖြန့်ချီသူ စသည့် ကုန်စည်တို့၏ ကွင်းဆက်တစ်လျောက်လုံးပါဝင်သူများနှင့် ဖွဲ့စည်းထားရှိပြီး ဈေးကွက်အတွင်း၌ကုန်စည်ဈေးနှုန်းများသတ်မှတ်ရာတွင် အဓိကကျသောနေရာမှ ပါဝင်လျက်ရှိသောကြောင့် ကုန်စည်ဒိုင်များဖွံ့ဖြိုးတိုးတက်စေရေးအတွက်အလေးထား ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။

          မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဖွဲ့စည်းထားရှိသော ကုန်စည်ဒိုင်(၈)ခုရှိပြီး ၎င်းတို့အနက် မန္တလေးပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်း၊ သကြားနှင့် သကာရည်ကုန်စည်ဒိုင်၊ မြင်းခြံကုန်စည်ဒိုင်တို့မှာ သက်ဝင်လှုပ်ရှားမှုကောင်းမွန်ပြီး၊ ဌာနနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဖွင့်လှစ်ပြီးစီးသည့် ကုန်စည်ဒိုင်များမှာ-

 

 

 

စဉ်

တိုင်း/ခရိုင်

ကုန်စည်ဒိုင်

အမျိုးအစား

လှု်ပရှားမှု

မန္တလေး

ပွဲစားကုန်သည်စက်ပိုင်များမဟာ

ကထိန်တော်အသင်း

ပဲမျိုးစုံ၊ဆီ ထွက်သီးနှံ၊

ပြောင်း

ရှိ

မန္တလေး

မန္တလေးဆန်စပါးကုန်စည်ဒိုင်

ဆန်

ရှိ

မန္တလေး

သကြားနှင့်သကာရည်ကုန်စည်ဒိုင်

သကြား၊သကာ

ရှိ

မြင်းခြံ

မြင်းခြံကုန်စည်ဒိုင်

ပဲမျိုးစုံ၊ဆီထွက်

သီးနှံ၊ပြောင်း

ကြက်သွန်

ရှိ

မြင်းခြံ

တောင်သာကုန်စည်ဒိုင်

အားနည်း

ညောင်ဦး

ကျောက်ပန်းတောင်းကုန်စည်ဒိုင်

အားနည်း

မိတ္ထီလာ

မိတ္ထီလာကုန်စည်ဒိုင်

ရှိ

မိတ္ထီလာ

မလှိုင်ကုန်စည်ဒိုင်

ပဲမျိုးစုံ၊ဆီထွက်

သီးနှံ

အားနည်း

          မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း၊ မန္တလေးဆန်ကုန်စည်ဒိုင်၊ မန္တလေးသကြားကုန်စည်ဒိုင်၊ မြင်းခြံကုန်စည်ဒိုင်များအနေဖြင့် လုပ်ငန်း များဆောင်ရွက်ရာတွင် လွယ်ကူမှုရှိစေရန်နှင့် စနစ်တကျဖြစ်စေနိုင်ရန်အတွက် သင်းဖွဲ့စည်းမျဉ်း စည်းကမ်းများဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါကုန်စည်ဒိုင်(၄)ခုအနေဖြင့် မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ညီနောင်အသင်းဝင်များ ဖြစ်ကြပြီး၊ ကုန်စည်ဒိုင်များ၏ ကိုယ်ပိုင် website များနှင့် Facebook Page များမှ တစ်ဆင့် နေ့စဉ်သီးနှံ ကုန်စည်ဈေးနှုန်းများကို ဖြန့်ဝေခြင်းများဆောင်ရွက်လျက်ရှိပြီး၊ အသင်းသားများအချင်းချင်းလည်း Facebook ၊ Viber Groups များမှ တစ်ဆင့် ချိတ်ဆက်ကာ ရောင်းဝယ်ဖောက်ကားမှုများပြုလုပ် လျက်ရှိပါသည်။ ကုန်စည်ဒိုင်အသင်းသားများအနေဖြင့် နမူနာပစ္စည်းပေါ်တွင် ကြည့်ရှု၍ ရောင်းသူ ဝယ်သူသဘောတူဈေးနှုန်းများဖြင့် ရောင်းဝယ်မှုများ ပြုလုပ်လျက်ရှိကြောင်းလည်း သရှိရပါသည်။ အသင်းသားအချင်းချင်းရောင်းဝယ်မှုပြုရာတွင် ပဋိပက္ခများဖြစ်ပွားလာပါက ကုန်စည်ဒိုင်အနေဖြင့် ဖွဲ့စည်းထားသော ပဋိပက္ခဖြန့်ဖြေရေးအဖွဲ့များဖြင့် ညှိနှိုင်းဖြေရှင်းပေးမှုများ ဆောင်ရွက်လျှက် ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်ဥက္ကဌများနှင့် ညှိနှိုင်းဆွေးနွေးမှုများမှတဆင့် သိရှိရပါသည်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းအနေဖြင့် ဆီထွက် သီးနှံများဖြစ်သည့် နှမ်းအားအက်ဆစ်ဓါတ်တိုင်းတာမှုလုပ်ငန်းများ၊ ပြောင်းအစိုဓါတ် တိုင်းတာခြင်းများစသည့်အရည် အသွေးထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများကိုပါ ပြုလုပ်လျက်ရှိပါသည်။ မန္တလေးတိုင်း အတွင်းရှိ ကုန်စည်ဒိုင်များအနေဖြင့် ကုန်စည်အရည်အသွေးပေါ်တွင် အာမခံပေးမှုများပြုလုပ်လျက်ရှိပြီး ကုန်စည်အရည်အသွေးနှင့်ပတ်သက်၍ စည်းကမ်းဖောက်ဖျက်သော အသင်းသားများအား အသင်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူမှုများ ပြုလုပ်လျက် ရှိပါသည်။

          မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပွဲစားကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းနှင့် ဆန်ကုန်စည်ဒိုင်တို့ တွေ့ဆုံဆွေးနွေးမှုများအရ ကုန်စည်ဒိုင်များအနေဖြင့် စိုက်ပျိုးထုတ်လုပ်တောင် သူများနှင့်ပိုမိုချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ကြောင်းသိရပြီး သက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့် တောင်သူများအား စိုက်ပျိုးရန် ချေးငွေထုတ်ချေးခြင်းထက် မျိုးစေ့၊မြေဩဇာ၊ စိုက်ပျိုးရေးကိရိယာ များ၊ လုပ်ငန်းသုံးကိရိယာများကို ပံ့ပိုးပေးခြင်းများပြုလုပ်ရန် ပိုမိုလိုအားလျက်ရှိပြီး၊ ယင်းကဲ့သို့ စိုက်ပျိုးရန်ငွေချေးခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းများပံ့ပိုးပေးခြင်းများ ဆောင်ရွက်ရာတွင် ၎င်းတို့ ကုန်သည်ပွဲစားစက်ပိုင်များမှတဆင့် ပံ့ပိုးပေးခြင်းများ လိုလားလျက်ရှိပြီး တောင်သူများနှင့် Contract Farming သဘောမျိုးဆောင်ရွက်လိုကြကြောင်းဆွေးနွေးသိရှိရပါသည်။

          ကုန်စည်ဒိုင်များအနေဖြင့် ညီနောင်အသင်းဖြစ်သော ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း MRCCI မှတဆင့် ကုန်သွယ်မှုပြုလုပ်ရန် ဥပဒေများ၊လုပ်ထုံးလုပ်နည်းများ ၊နည်းလမ်းများ လိုအပ်ချက်များကို သတင်းအချက်အလက်ဖြန့်ဖြူးပေးခြင်းများ၊ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း အသိပညာပေးစေလိုကြောင်း ဆွေးနွေးကြပါသည်။ ကုန်စည်ဒိုင်များအနေဖြင့် နယ်စပ်ကုန်သွယ်ရေးကို အဓိကထား၍ တင်ပို့ရောင်းဝယ်ခြင်းများ ပြုလုပ်လျက်ရှိရာ နယ်စပ် တင်ပို့ရာတွင် လုပ်ထုံးလုပ်နည်းပြောင်းလဲမှုများ၊ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းများကို လေ့လာ သိရှိရန် အားနည်းလျက်ရှိပါသည်။တိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ အသင်းသားများတွင် ကုန်သည်ပွဲစားစက်ပိုင်များသာ အဓိကပါဝင်ပြီး စိုက်ပျိုးထုတ်လုပ်သူတောင်သူများသည် အသင်း သားအဖြစ်ပါဝင်ရန် တောင်သူများနှင့် ပိုမိုချိတ်ဆက်ရန် လိုအပ်လျက်ရှိပြီး မူဆယ်(၁၀၅)မိုင်၊ ကျယ်ဂေါင်စသည့် နယ်စပ်ကုန်စည်ဒိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အားနည်းလျက်ရှိရာ အဆက်အသွယ်ကောင်းများရရှိရန် လိုအပ် လျက်ရှိကြောင်း သိရပါသည်။

          မန္တလေးဆန်စပါးကုန်စည်ဒိုင်အနေဖြင့် မြေနေရာ ကျဉ်းသည့်အတွက် အသင်းသားများ အနေဖြင့် ကုန်စည်နမူနာပြရောင်းချရန် ခက်ခဲမှုများဖြစ်ပေါ်လျက်ရှိခြင်း၊ ကုန်စည်ဒိုင်နေရာ အတည်တကျမရှိ ခြင်းနှင့်အသင်းသားများအချင်းချင်းပင် ကုန်စည်ဒိုင်၌ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန်ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း သိရပါသည်။ ကုန်စည်ဒိုင်အသင်းဥက္ကဌများနှင့် ဆွေးနွေးမှုများအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည် ဒိုင်များ ဖွံ့ဖြိုးတိုးတက်စေရေး အောက်ပါအချက်များအား ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ကြ ပါသည်-

  • တောင်သူကုန်သည်များအချင်းချင်းဆက်သွယ်ဆောင်ရွက်နိုင်ရေးနှင့် သတင်းအချက်အလက်ရရှိနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများလည်း ကုန်စည်ဒိုင်များတွင် အသင်းသားများအဖြစ် ပါဝင်လာစေရန် ဆောင်ရွက်ခြင်း၊
  • တောင်သူများဖွံ့ဖြိုးတိုးတက်လာမှသာ ရောင်းသူဝယ်သူဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများနှင့်ငွေကြေးများကူညီ ထောက်ပံ့ခြင်း၊
  • တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တစ်ဆင့် ကုန်သွယ်ရေး သတင်းအချက်အလက်များဖြန့်ဝေပေးခြင်းနှင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကုန်စည်ဒိုင်အသင်းသားများအား ကုန်သွယ်ရေးနည်းလမ်းများ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအား သင်ကြားပေးခြင်းနှင့် မကြာခဏဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ခြင်း၊
  • ကုန်စည်ဒိုင်များတွင် ကုန်စည်များအား စံချိန်စံညွှန်းနှင့်အညီ ရောင်းဝယ်ခြင်းစနစ်များ ကျင့်သုံးခြင်း၊ အရည်အသွေးစံချိန်စံညွှန်း Specification တိုင်းတာရန် ပညာရှင်များ ခန့်အပ်ခြင်း၊ ပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊
  • ကုန်စည်ဒိုင်များတွင် စာကြည့်တိုက်ငယ်များထားရှိ၍ ကုန်သွယ်ရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းစာအုပ်များထားရှိခြင်း၊
  • ကုန်စည်ဒိုင်များအနေဖြင့် online Media များမှတဆင့် ဒေသတွင်းကုန်စည်ဒိုင်များ အချင်းချင်းချိတ်ဆက်ဆောင်ရွက်ခြင်း၊
  • ကုန်စည်ဒိုင်များအနေဖြင့် Online Platform များတည်ထောင်၍ ရောင်းဝယ်မှုပြုခြင်းနှင့် နိုင်ငံတကာ ကုန်စည်ဒိုင်များနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်း၊
  • သက်ဆိုင်ရာ ဌာနများမှ ငွေကြေးဆိုင်ရာ မူဝါဒများ၊ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများ ဆောင်ရွက်ရာတွင် ကုန်စည်ဒိုင်များအနေဖြင့် ပိုမိုညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်ခြင်း၊
  • ကုန်စည်ဒိုင်များတွင် ဥပဒေလေ့လာရေးအဖွဲ့၊ ဈေးကွက်ရှာဖွေရေးအဖွဲ့ကဲ့သို့သော အဖွဲ့ ခွဲငယ်များ(Sub Groups)ဖွဲ့စည်းဆောင်ရွက်ခြင်း၊
  • ကုန်စည်ဒိုင်အချင်းချင်းအရောင်းအဝယ်သဘောတူစာချုပ် ချုပ်ဆို၍ အသင်းသားများမှ သတ်မှတ်ကုန်စည်ရောင်းဝယ်မှုပမာဏများအပေါ် အရည်အသွေးပြည့်မီစေရန် အာမခံ ထိန်းညှိဆောင်ရွက်ပေးခြင်း၊

      တိုင်းဒေသကြီးတစ်ခုအတွင်းရှိ ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး ဈေးနှုန်း အတက်/အကျကို ထိန်းညှိနိုင်စေရေးအတွက် ကုန်စည်ဒိုင်များသည် မရှိ မဖြစ်လိုအပ် လျက်ရှိပါသည်။ ဒေသတခုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူစေရေးအတွက် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ခြင်းထက် အစုအဖွဲ့၊အသင်းအဖွဲ့ အများအားဖြင့် ဆောင်ရွက်ခြင်းမျိုးသည် ပိုမိုလွယ်ကူစေပါသည်။ ကုန်စည်ဒိုင်ဆိုသည်မှာ ရောင်းဝယ် ဖောက်ကားမှုများအတွက် လိုအပ်သောနေရာ၊ တိုင်းဒေသကြီး ကုန်သွယ်မှု ဖွံ့ဖြိုးစေရန် လိုအပ်ချက်တခု ဖြစ်သဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။ ကုန်စည်ဒိုင်ဖွံ့ဖြိုးစေဖို့ ဒေသကြီးအတွင်းရှိ သက်ဆိုင်ရာဌာနများ၊ တောင်သူ၊ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များ အားလုံး စုပေါင်းကြိုးပမ်းသင့်ပါကြောင်း ဆွေးနွေးတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

 

 

တောင်ကုတ်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခြင်း

          ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ)သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၄-၁၂-၂၀၂၂) ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်တွင် စားသုံးသူအကာအကွယ်ပေးရေး Talk Show အစီအစဉ်အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးမြင့်ရွှေ (ဦးစီးအရာရှိ)မှ အဖွင့်အမှာစကားပြောကြားပြီး တောင်ကုတ်ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့် က စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများ ပြဌာန်းထားရှိမှုအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အကြောင်းအရာများ၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက်တို့အား ချပြ ဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များ၊ မိမိတို့ဌာနအနေဖြင့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စားသုံးသူ ပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ စားသုံးသူအသိ ပညာပေးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား အသိပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ရခိုင်)

“မြင်းပျံ”အမှတ်တံဆိပ် မြေဩဇာများကို အတုပြုလုပ်၍ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးး

       ဈေးကွက်အတွင်း ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့်ဓါတ်မြေဩဇာများအား ထိုင်းနိုင်ငံ ပြည်တွင်းသုံး "မြင်းပျံ"အိတ်ခွံများဖြင့် ပြန်လည်ထုပ်ပိုး၍ “အိုင်စီပီ” မြင်းပျံမြေဩဇာအတုများပြုလုပ်၍ လိမ်လည်ဖြန့်ဖြူးရောင်းချမှုများရှိနေသည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)နှင့် ဌာနမှဝန်ထမ်းများသည် ကသာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ကသာမြို့ပေါ်ရှိ “ဇွဲ” နှင့် “သုခ” ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်တွင် အဆိုပါ "မြင်းပျံ"အမှတ်တံဆိပ်မြေဩဇာများ ရောင်းချမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ကသာမြို့ပေါ်ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များတွင် အဆိုပါ “မြင်းပျံ” အမှတ်တံဆိပ် ဓါတ်မြေဩဇာသည် မြန်မာပြည်မှထုတ်လုပ်ခြင်းမဟုတ်ဘဲ ထိုင်းနိုင်ငံမှဝင်ရောက်သည့်အတွက် ရောင်းချခြင်းမရှိကြောင်း အရောင်းဆိုင်များထံမှသိရှိရပြီး ကသာမြို့ပေါ်တွင် “မြင်းပျံ”အမှတ်တံဆိပ် ဓါတ်မြေဩဇာများ ရောင်းချမှုမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘားအံမြို့ပေါ်တွင် Diclon-M ပုံစံတူ ဆေးဝါးများဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ကရင်ပြည်နယ်၊   စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍   ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်ဘားအံမြို့ပေါ်ရှိ ဆေးဆိုင်များတွင် Diclon-M Tablet (Diclofenac Sodium 50 mg, Paracetamol 500g) ကို ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့သည့်အပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားချက် အရ Onine Medi တွင် ရောင်းချနေသော အန္တရာယ်ဖြစ်စေသည့် တရားမဝင်အစားအသောက်များ ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ တို့ကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် Diclon-M Tablet (Diclofenac Sodium 50 mg, Paracetamol 500g) ပုံစံတူ မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးများ ရောင်းချ ဖြန့်ဖြူးခြင်း မရှိကြောင်းတွေ့ရှိရပြီး ဆေးနှင့်ဆေးဝါးများ ရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ကရင်)

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် (က) စားသုံးသူအသိပညာပေးဟောပြောခြင်းများအား ကျောင်းများ၊ရပ်ကွက်/ကျေးရွာများ၊ဈေးများ၊ စတိုးဆိုင်များတွင်(၁၇၈) ကြိမ်၊ (ခ) ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း(၃၂၁)ကြိမ်၊ (ဂ) လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း(၂၉၅) ကြိမ်၊ စားသုံးသူတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ လက်ခံဖြေရှင်းဆောင်ရွက်မှု (၂၇)မှုဆောင်ရွက်နိုင်ခဲ့ပြီး သတင်းဆောင်း ပါးရေးသားမှု(၅၃၈) ပုဒ်အနက် Commerce Journalနှင့် Website တွင်သတင်းပါဝင်မှု (၃၉၅) ပုဒ်ရှိခဲ့ပါသည်။

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးကိစ္စများ၊ စားသုံးဆီ၊ စက်သုံးဆီ၊ ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့်ဈေးကွက်တည်ငြိမ် ရေးကိစ္စများ၊ တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးကိစ္စများ၊ အသင်းအဖွဲ့များအား ကောင်းခိုင်မာရေးကိစ္စများ၊ ပုဂ္ဂိလကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ ပို့ကုန်ဝင်ငွေပြန်လည်ရရှိရေးကိစ္စများ၊ အသေးစား၊ အလတ်စား(SMEs) များဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးကိစ္စများ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကိစ္စများ စသည့် လုပ်ငန်းတာဝန်များအား ရုံးချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏လမ်းညွှန်မှုများအရ အခြားသက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

 

ပိုးသတ်ဆေး ဥပဒေဆိုင်ရာ နည်းပညာပေးသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင် ဦးစီးမှူးသည် ( ၂၄-၁၂-၂၀၂၂)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပဲခူးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် ပိုးသတ်ဆေးဥပဒေဆိုင်ရာ နည်းပညာပေးသင်တန်းတွင် တက်ရောက်သည့်တောင်သူ/လုပ်ငန်းရှင်(၄၈)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် ပဲခူးခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉) ပါ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန်(၄) ချက်အား ရှင်းလင်းခြင်း၊ တောင်သူများအနေဖြင့် ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက လွယ်ကူလျင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာကို ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဆွေးနွေးခြင်း၊ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူစားသောက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“သာစည်မြို့နယ် မြို့မစည်ပင်ဈေးတွင် စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်”

     စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက်(၁၁း၀၀) နာရီအချိန်တွင် သာစည်မြို့နယ် ၊ မြို့မစည်ပင်ဈေးခေါင်းရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ရာ (၃၅)ဦး တက်ရောက်ခဲ့ပါသည်။

        အသိပညာဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သူဇာမောင်မှ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် အခန်း (၂၅) ခန်း၊ ပုဒ်မ (၈၄) ခု ဖြင့်ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်း ဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြေငြာစာအမှတ် (၉/၂၀၂၂)ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြဌာန်းပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီး ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် တာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဥပဒေတွင်ပါရှိသည့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရဖြစ်ကြောင်း စားသုံးသူအခွင့်အရေးများ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာ ရွေးချယ်ဝယ်ယူနိုင်ရန်အတွက် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအားလည်း ကောင်း၊စားသုံးသူ နစ်နာဆုံးရှုံးမှုရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)နှင့် DOCA Myanmar Mobile Application နှင့် Consumer Call Center 1535သို့လည်းကောင်း တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ