(၂၃) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ
နေပြည်တော်၊ နိုဝင်ဘာလ ၂၆
အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ASEAN Committee on Consumer Protection-ACPP) အနေဖြင့် (၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့ထိ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးများအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဦးဆောင် ကျင်းပပြီး အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ ကိုယ်စား ခေတ္တ ဥက္ကဋ္ဌ ဖြစ်သူ မလေးရှားနိုင်ငံ ပြည်တွင်းကုန်သွယ်မှုနှင့် စားသုံးသူရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး Ms. Nurul Marha binti Mohamed ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စားသုံးသူကာကွယ်ရေး ဆိုင်ရာ အစိုးရဌာန/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ သူများ၊ အာဆီယံ မိတ်ဖက်နိုင်ငံများဖြစ်သည့် ဂျာမနီ၊ ဩစတေးလျနိုင်ငံများမှ စားသုံးသူကာကွယ် ရေးဆိုင်ရာ ကိုယ်စားလှယ်များ၊ Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် အဖွဲ့ဝင်၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက် ၂၀၂၅ (ASEAN Strategic Action Plan For Consumer Protection- ASAPCP 2025) အပေါ် လိုက်ပါဆောင်ရွက်နိုင်မှုအခြေအနေများ၊ အဖွဲ့ဝင်နိုင်ငံများ၏ စာသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ၂၀၂၁ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့်ကိစ္စရပ်များဖြစ်သည့် ရေရှည်တည်တံ့သော စားသုံးမှုပုံစံများအတွက် အထောက်အကူပြု အချက်အလက်များ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား Online မှ တစ်ဆင့်လေ့လာသင်ယူနိုင်မည့် အချက်အလက် များဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာကိစ္စရပ်များနှင့် အာဆီယံဒေသတွင်း စားသုံးသူ အငြင်းပွားမှု များအား Online မှ ဖြေရှင်းပေးသည့် Online Dispute Resolution စနစ် အကောင်အထည် ဖော်ဆောင်ရေး လမ်းညွှန်ချက်များ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ထို့အပြင် ACCP ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် GIZ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ASEAN PROTECT စီမံကိန်းပါ လုပ်ငန်းများနှင့် ASEAN-Australia-New Zealand Free Trade Area (AANZFTA) အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် Consumer Affairs Program ပါ လုပ်ငန်းများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ အားလည်း ဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဌာနခွဲ