သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Covid-19 ကာကွယ်ကုသရေးပစ္စည်းများတင်သွင်းမှုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်

အိမ်တွင်းတစ်ပိုင်တစ်နိုင် ရင်စံ သဘာဝကြက်သွန်နီခြောက်ထုတ်လုပ်ခြင်း လုပ်ငန်းအားလေ့လာခြင်း

          ကြက်သွန်နီကို မီးဖိုချောင်သီးနှံအဖြစ်သော်လည်းကောင်း၊ ဆေးဖက်ဝင်သီးနှံအဖြစ်သော် လည်းကောင်း အသုံးပြုကြပြီး လွန်ခဲ့သောနှစ်ပေါင်း (၅၀၀)ကျော်က စတင်စိုက်ပျိုးခဲ့ကြပါသည်။ အီဂျစ်၊ အီတလီနိုင်ငံများမှ ရှေးဟောင်းယဉ်ကျေးမှုများတွင် ကြက်သွန်နီကို အလေးထားအသုံးပြုခဲ့ကြကြောင်း လည်း လေ့လာသိရှိရပါသည်။ကြက်သွန်နီကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ကမ္ဘာ့လူမျိုးပေါင်းစုံတို့တွင် အသုံးပြုလျှက်ရှိပြီး ဥအပြင် အမြိတ်ကိုလည်း စားသုံးနိုင်ပါသည်။ ယခုအခါ ကြက်သွန်နီကို ကြာရှည်ခံ အောင် အအေးခံ၍လည်းကောင်း၊ အခြောက်ခံရေထုတ်၍သော်လည်းကောင်း၊ အမှုန့်ပြုလုပ်၍သော် လည်းကောင်း သိုလှောင်ကြပါသည်။ ကြက်သွန်နီသည် သာမာန်အအေးမိခြင်း၊ နှလုံးရောဂါ၊ လေးဘက်နာ၊ အရိုးကြွပ်ဆတ်ရောဂါနှင့် အခြားသောရောဂါများကို ကုသရာတွင် ထိရောက်မှုရှိသည်။ ထိခိုက်ခြင်းကြောင့် ရောင်ရမ်းနာကျင်သော ဒဏ်ရာကိုလည်း သက်သာစေသည်။ မြန်မာ့ဆေးကျမ်းများ အရ ကြက်သွန်နီသည် ချို၏ စပ်၏ အနည်းငယ်ပူ၏ လေသလိပ်၊ အဖျား၊ ချောင်းဆိုးနာတို့ကို နိုင်၏ ဆီးရွှင်စေ၏ နှုတ်မမြိန်၊ အော့အန်ရောဂါတို့ကို ပျောက်စေ၏ ခွန်အားကို ဖြစ်စေ၍ သုတ်အားကို ပွားများ စေတတ်၏ ကြက်သွန်နီကိုအစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါပျောက်ကင်း၍ ဆီးရွှင်စေ၏ ကြက်သွန်နီစေ့ ကို ထောင်းစားပါက အားတိုးစေ၏ မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ် ပေးပါက ကလေးဆီးချုပ်ရောဂါပျောက်၏ ကြက်သွန်နီအရည်ကို ကလေးအားအနည်းငယ်တိုက်ကျွေး လျှင် ဝမ်းဗိုက်နာရောဂါပျောက်၏ သကြားနှင့်ကြန်သွန်နီအရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူ၊ ဝမ်းရောဂါပျောက်၏ အစရှိသဖြင့် ရောဂါမျိုးစုံကိုလည်း ကာကွယ်ကုသနိုင်ပါသည်။

          ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မကွေးတိုင်းဒေသကြီးတွင် ကြက်သွန်နီစိုက်ဧက (၂၉၂၈၈)ဧကရှိပြီး ကြက်သွန်နီပိဿာချိန် သိန်းပေါင်း (၁၅၀၀)ဝန်းကျင်ခန့် ထွက်ရှိကြောင်း လေ့လာ သိရှိရပါသည်။ ယခုနှစ်ကြက်သွန်ပေါ်ချိန်တွင် ကြက်သွန်နီ ဈေးနှုန်းများကျဆင်းပြီး ကြက်သွန်စိုက် တောင်သူများအရှုံးပေါ်နေသဖြင့် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှု စရိတ်ကိုကာမိစေပြီး ထိုက်သင့်သော အကျိုးအမြတ်ရရှိစေရေးအတွက် တောင်သူလယ်သမားအခွင့်အရေး နှင့်အကျိုးစီးပွားကာကွယ်ရေးဥပဒေ အရ စပါးကို နှစ်စဉ်အခြေခံရည်ညွှန်းရေးသတ်မှတ်သကဲ့သို့ ကြက်သွန်နီကိုလည်း အခြေခံရည်ညွှန်းဈေး သတ်မှတ်နိုင်ရေး ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် ကြက်သွန်နီကို ပြည်တွင်းပြည်ပဈေးကွက်ခိုင်မာ စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ဈေးနှုန်းသတင်း အချက်အလက်များ ရရှိရေးဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ကြက်သွန်နီမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရေးကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်လာသည့်အတွက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ဒေါင်းနေကျေးရွာတွင် တည်ရှိပြီး ရင်စံသဘာဝကြက်သွန်ခြောက် ထုတ်လုပ်ခြင်းလုပ်ငန်းအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့မှုအား ပြည်သူများ သိရှိနိုင်ရန် မျှဝေလိုက်ပါသည်။

          ရင်စံ ကြက်သွန်နီခြောက် ထုတ်လုပ်သည့်လုပ်ငန်းမှာ တစ်ပိုင်တစ်နိုင်အိမ်တွင်း အသေးစားစီးပွား ရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ကုန်ကြမ်းအနေဖြင့် ကုန်းကြက်သွန်ကိုသာ အဓိကထားအသုံးပြုကြောင်း၊ ကြက်သွန်နီများကို ရေကြောပြတ်အောင် ကန့်လန့်ဖြတ်အကွင်းလိုက် လှီးဖြတ်ရကြောင်း၊ မလှီးဖြတ်ခင် ကြက်သွန်နီများကို ရေစိမ်ထားရပြီး အခွံခွာပြီးလျှင်လည်း ရေထပ်မံစိမ်ထားပြီးမှ အကွင်းလိုက်လှီးဖြတ်ရ ကြောင်း၊ လှီးပြီးသား ကြက်သွန်နီများကို ၄ပေအမြင့်ရှိ စင်များပေါ်တွင် ဗန်းများဖြင့်ခင်း၍ ဖုန်၊ သဲများ မဝင်စေရန် အပေါ်မှ အဖြူရောင်ပလတ်စတစ်စအုပ်၍ အခြောက်လှန်းရကြောင်း၊ ကြက်သွန်နီ ကိုးပိဿာ လှီးဖြတ်ပါက အခြောက်တစ်ပိဿာထွက်ရှိပါကြောင်း၊ စက်ဖြင့်လှီးဖြတ်ပါက လိုချင်သည့်ပုံစံမရရှိသဖြင့် လက်ဖြင့်သာလှီးဖြတ်ရကြောင်း၊ သို့ဖြစ်၍ ကျေးရွာရှိ အမျိုးသမီးများအား ငှားရမ်းသုံးစွဲရသည့်အတွက် အမျိုးသမီးများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိကြောင်း၊ အများအားဖြင့် ဒေါင်းနေကျေးရွာ ဝန်းကျင်မှထွက်ရှိသည့် ကုန်းကြက်သွန်များကို အသုံးပြုသော်လည်း ယခင်နှစ်က ဈေးကွက်လိုအပ်ချက် ရှိ၍ ကြက်သွန်တစ်ပိဿာ ၆၀၀ကျပ်ဖြင့် ပြင်ပမှ ဝယ်ယူထုတ်လုပ်ခဲ့သော်လည်း တွက်ခြေကိုက် ခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့ရှိ စူပါမားကတ်များနှင့် ဈေးဝယ်စင်တာများ၊ အချိန်မပေး နိုင်သည့် အိမ်ရှင်မများသို့ နမူနာပေး၍ ရောင်းချလျက်ရှိကြောင်း၊ နောက်တွင် ပြည်ပနိုင်ငံများအထိ တင်ပို့ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ရောင်းချမှုအနေဖြင့် ၈၀၀ဂရမ်တစ်ထုပ်လျှင် ၆၆၀၀ ကျပ်နှုန်း၊ ၄၅၀ဂရမ် တစ်ထုပ်လျှင် ၄၄၀၀ကျပ်နှုန်း၊ ၃၀၀ဂရမ် တစ်ထုပ်လျှင် ၂၉၅၀ကျပ်နှုန်းဖြင့် ဖြန့်ဖြူး ရောင်းချလျှက်ရှိကြောင်းလည်း သိရပါသည်။ ကြက်သွန်နီကို ဆီဖြင့်ကြော်၍ ကြက်သွန်ကြော်ထုပ်များ လည်း ဈေးကွက်အတွင်းရှိရာ ကြက်သွန်ကြော်ထုပ်များမှာ ထုတ်လုပ်သည်မှ တစ်လခွဲ နှစ်လသာ အထားခံသည့်အတွက် ကြက်သွန်ကိုမကြော်ဘဲ ရေဓါတ်ကုန်သည်အထိ အခြောက်လှမ်းထားသော ရင်စ ကြက်သွန်ခြောက်များမှာ တစ်နှစ်ခွဲခန့်အထိ အရည်အသွေးမပျက် အထားခံကြောင်း လေ့လာသိရှိရပါသည်။ ငွေကြေးအရင်းအနှီးမပြည့်စုံသည့် မြန်မာ့ကျေးလက် တောင်သူများအနေဖြင့် ရင်စံကြက်သွန်ခြောက် ထုတ်လုပ် သည့်လုပ်ငန်းအား သွားရောက်လေ့လာ၍ အတုယူဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက် ပါသည်။

          ဤကဲ့သို့ သဘာဝကြက်သွန်နီခြောက်ထုပ်ပိုးသည့်လုပ်ငန်းသည် အိမ်တွင်းစီးပွားဖြစ် လုပ်ငန်းဖြစ် သည့်အပြင် သုံးစွဲသူများဘက်မှလည်း အချိန်ကုန်သက်သာစွာဖြင့် ကြော်လှော်ချက်ပြုတ်နိုင်သောကြောင့် လွန်စွာအကျိုးရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ သဘာဝကြက်သွန်နီခြောက်လုပ်ငန်းအား တစ်ပိုင် တစ်နိုင် စီးပွားဖြစ်လုပ်ကိုင်ရန်သင့်တော်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်နိုင်မှု

           မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန် မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ ထုတ်လုပ်/ဖြန့်ဖြူး/တင်ပို့ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များသို့ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်လျှက်ရှိပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် ဇွန်လအထိ စားသုံးသူအသိပညာပေးခြင်း (၆၄) ကြိမ်၊ လုပ်ငန်းရှင်တွေ့ဆုံခြင်း (၁၀၄) ကြိမ်၊ သင်တန်းဖွင့်လှစ်ခြင်း (၁)ကြိမ်၊ ပြခန်းပြပွဲ (၁)ကြိမ်၊ တိုင်းကော်မတီအစည်းအဝေးကျင်းပခြင်း (၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြရန်ပြဌာန်းချက်နှင့် ကိုက်ညီမှုရှိ/မရှိကို ကုန်အမှတ်တံဆိပ် (၁၅၉)မျိုး၊ ကုန်အမျိုးအစား/အရေအတွက် (၄၇၆)ခုတို့အား အတည်ပြု ပြန်ကြားပေးနိုင်ခဲ့ပါကြောင်း သိရှိရပါသည်။

          ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ရာတွင် ရေစကြို၊ ဆိပ်ဖြူ၊ ချောက် စသည့်မြို့နယ်များတွင် ပုန်းရည်ကြီးလုပ်ငန်းများ၊ ရေသန့်လုပ်ငန်းများ၊ ဆေးဝါးတင်သွင်းဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များ အလေးထားဆောင်ရွက်နိုင်ရေး အသိပညာပေးရှင်းလင်းခြင်းများလည်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေး ဆေးဝါးနှင့်ဆေးပစ္စည်းတင်သွင်းမှုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အသိပေးကြေငြာချက်

ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေး ဆေးဝါးနှင့်ဆေးပစ္စည်းတင်သွင်းမှုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အသိပေးကြေငြာချက် ထုတ်ပြန်ထားရှိမှုအား သိရှိနိုင်ပါရန် အောက်ပါအတိုင်းဖော်ပြပေးအပ်ပါသည်-

အသိပေး​ကြေညာခြင်း

အသိပေး​ကြေငြာခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Covid 19ရောဂါကာကွယ် ကုသမှု လုပ်ငန်းစဉ်များအား အထောက်အကူဖြစ်စေရန်အတွက် ဆေးဝါးနှင့် ဆက်စပ်စက်ပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာများအား ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ပင်လယ်ရေကြောင်း/ နယ်စပ်ကုန်သွယ်ရေးစခန်းများမှအချိန်နှစ်တပြေးညီခွင့်ပြု ဆောင်ရွက်ပေး လျက်ရှိပါသည်။

လက်တလော Covid 19 ကုသရေးတွင်လိုအပ်နေသည် Oxygen Concentrator များတင်သွင်းမှုအတွက်  FDA ထောက်ခံချက် နှင့် သွင်းကုန်လိုင်စင်လျောက်ထားရန်မလိုအပ်သည့်အပြင် အကာက်ခွန် ၃% အတွက် လက်ငင်းပေးဆောင်ရန်မလိုဘဲ  ကြိုတင်ထုတ်ယူနိုင်ရန် ဖြေလျော့ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ မသမာသူ အချို့မှ
ပုံ-၂ ပါအတိုင်း ဆေးနှင့်ဆေးပစ္စည်းများတင်သွင်းမှုအား ပိတ်ပင်သည့် ရုံးစာအတုပြုလုပ်၍ စျေးကွက်တွင်စျေးနှုန်းများကြီးမြင့်လာစေရန်နှင့် ပြည်သူလူထုစိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် Social Media တွင် ရေးသားဖေါ်ပြလာခြင်းအားစိစစ်တွေ့ရှိရပါသည်။

အဆိုပါ ရုံးစာသည် Fake News(အတု)သာဖြစ်ပြီး 
EICC အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံခြားသုံးငွေလျှော့ချနိုင်ရေး၊ပြည်တွင်း SME လုပ်ငန်းများမှ ထုတ်လုပ်သောကုန်ပစ္စည်းများအပေါ် စျေးကွက်ယှဉ်ပြိုင်နိုင်မှုအပေါ် အကာအကွယ်ပေးနိုင်ရေးအတွက် နယ်စပ်ဒေသများမှ (ITC)ကတ်ဖြင့် တင်သွင်းခွင့်ပြုလျှက်ရှိသည့်ဆပ်ပြာ၊ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေးများအား ယာယီတင်သွင်းခွင့်ရပ်ဆိုင်းရန် အကြောင်းကြားသည့်စာ(ပုံ-၁)ကိုပုံဖျက်၍ အတုပြုလုပ်ထားခြင်း ဖြစ်ပါသည်။

အဆိုပါသတင်းအချက်အလက်အတုအပ ပြုလုပ် ဖြန့်ဝေသူများအား ဖေါ်ထုတ်ပြီး တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည့်ဆေးဝါးနှင့်ဆက်စပ်စက်ပစ္စည်းများတင်သွင်းမှုအား ဖြေ့လျော့၍ အချိန့်နှင့်တပြေးညီခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိကြော်ငြာချက် ထုတ်ပြန်ထားပါကြောင်း စားသုံးသူပြည်သူများနှင့် လုပ်ငန်းရှင်များအားလေးစားစွာဖြင့် အသိပေး တင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

 

ပြည်သူများသို့ အသိပေးခြင်း

Social media အချို့တွင်
ပျံ့နှံနေသော ဖော်ပြပါရုံးစာသည်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ
ထုတ်ပြန်ထားခြင်း မဟုတ်ပါကြောင်း၊
စာအတုသာဖြစ်ပါကြောင်း
ပြည်သူများအား
လေးစားစွာ အသိပေးအပ်ပါသည်။

ဖရဲသီး၊ သခွားမွှေးသီး၊ သရက်သီးနှင့် ကြက်သွန်နီတို့၏ အရည်အသွေးသတ်မှတ်ချက်များ ထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား Virtual Meeting ဖြင့်ကျင်းပ

၃၀.၆.၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်ပပို့ကုန်များဖြစ်သည့် ဖရဲသီး၊ သခွားမွှေး သီး၊ သရက်သီးနှင့် ကြက်သွန်နီတို့၏ အရည်အသွေးသတ်မှတ်ချက်များ ထုတ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ Virtual Meeting ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း၊ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် Unique Lawk Sawk Mango Public Co., Ltd. တို့မှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံး၌ Covid-19 ကပ်ရောဂါကူးစက်မှုများကြောင့် ကုန်စည်စီးဆင်းမှု များတွင် အခက်အခဲများကြုံတွေ့နေရပါကြောင်း၊ အထူးသဖြင့်နယ်စပ်မှ ပို့ကုန်တင်ပို့မှုတွင် အခက်အခဲများ ဖြစ်ပေါ်နေပြီး ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအား ဖွဲ့စည်းထားရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့်အတွက် ကုန်သွယ်မှုဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက မိမိတို့ဦးစီးဌာနသို့ ဆက်သွယ်တင်ပြနိုင် ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ လယ်ယာထုတ်ကုန် စံချိန်စံညွှန်းများအား ဦးဆောင်ရေး ဆွဲလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံစံချိန်စံညွှန်းကောင်စီမှ ထုတ်ပြန်ထားသော မြန်မာစံချိန်စံညွှန်းများကို ရည်ညွှန်းအသုံးပြု၍ နယ်စပ်မှပြည်ပသို့ တင်ပို့ ရာတွင် ဈေးကွက်နှင့် ဈေးနှုန်းရရှိရေးတို့တွက် ဖရဲ၊ သခွားမွှေးသီး၊ သရက်သီးနှင့် ကြက်သွန်နီ တို့ကို အရည်အသွေးသတ်မှတ်ချက်ထုတ်ပြန်ရန် မူကြမ်းများ ပြုစုထားပါကြောင်း၊ သို့ရာတွင် Voluntary စံချိန်စံညွှန်းတစ်ခုစလုံးကို Mandatory ထုတ်ပြန်ခြင်းမဟုတ်ပါကြောင်း၊ ဈေးကွက်လိုအပ်ချက်အရ ဘေးအန္တရာယ်ကင်းရှင်းမှု (Safety) နှင့် အရည်အသွေး (Quality) မြင့်မားရေးဆိုင်ရာ လိုအပ်ချက်များကိုသာ ကိုးကားအသုံးပြုထားပါကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှုပြုရာတွင် အရည်အသွေးပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေး အတွက်ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာ သော သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဖရဲသီး၊ သခွားမွှေး သီး၊ သရက်သီးနှင့် ကြက်သွန်နီတို့၏ အရည်အသွေးသတ်မှတ်ချက် (မူကြမ်း) အပေါ် ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ပြီး အစည်းအဝေးအား နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ITQM

ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing-MLM)

              နိုင်ငံတကာတွင် ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူများသည် မိမိတို့၏ ကုန်စည်များကို ဖြန့်ချိ ရောင်းချရာတွင် ဈေးကွက်ပုံစံအမျိုးမျိုး၊ နည်းလမ်းအသွယ်သွယ်ဖြင့် ဈေးကွက်ရှာဖွေမှုများ ပြုလုပ် လျက်ရှိပါသည်။ ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (MLM)  ကျင့်သုံးမှုသည် ဖွံဖြိုးဆဲနိုင်ငံများ၌ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိပါသည်။ ဆင့်ပွားစျေးကွက်ရှာဖွေရောင်းချခြင်းဆိုသည်မှာ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို စားသုံးသူများထံသို့ ရောင်းချပြီး အကျိုးအမြတ်အား အဆင့်အလိုက် သတ်မှတ်၍ ခွဲဝေရယူခြင်းဖြစ်ပါသည်။ ထို့အပြင် ဆင့်ပွား ဈေးကွက်ဖြန့်ချိရေးလုပ်ငန်းကို ဆောင်ရွက်လိုသော မည်သူမဆို မဖြစ်မနေ လူသစ်စုဆောင်းရမည် ဖြစ်ပြီး လူသစ်စုဆောင်းနိုင်လေ အကျိုးအမြတ်များလေဖြစ်သည့်အတွက် MLM သည် ဈေးကွက် ဆိုင်ရာ နည်းဗျူဟာတစ်ခုဖြစ်ပြီး ကွန်ရက်သဖွယ်လူစုဆောင်း၍ အကျိုးအမြတ်များကို မျှဝေခံစား ခွင့်ရှိသည့် စနစ်ဖြစ်ပါသည်။ MLM ၏ရည်ရွယ်ချက်မှာ ဝယ်ယူသူထံသို့ ကုန်စည်စီးဆင်းရေး၊ ကုန်စည် အမြှောက်အမြား ရောင်းချနိုင်ရေးအတွက် ဆင့်ပွားရောင်းချသူများဖြင့် ကြီးမားသည့် Network တည်ဆောက်ခြင်းဖြစ်သည်။

              ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းသည် မြန်မာနိုင်ငံသို့ ၁၉၉၀ ပြည့်နှစ်အလွန်ကာလ များတွင် စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုအားကောင်းလာခဲ့ပါသည်။ ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းအား လေ့လာစိစစ်ကြည့်ရာတွင် ဆင့်ပွားဈေးကွက်ဖြင့် ရောင်းချ သည့် ကုန်ပစ္စည်း၏တန်ဖိုးမှာ သင့်တင့်မျှတမှုမရှိဘဲ ဈေးနှုန်းကြီးမြှင့်ခြင်း၊ ကုန်စည်တွင် ပါဝင်ရမည့် အချက်လက်များကို အလွန်အကြူး ချဲ့ကားပြောဆိုရောင်းချခြင်း၊ ကုန်စည်ကို ဦးစားပေး ရောင်းချ ခြင်းမဟုတ်ဘဲ လူသစ်စုဆောင်းခြင်းမှ ရရှိသည့် ဝင်ငွေက ပိုမိုများပြားနေခြင်း၊ ရောင်းချမှုစနစ်အရ ပိရမစ်ပုံစံကဲ့သို့ အဆင့်များစွာ ရှိနေခြင်းတို့ကြောင့် စားသုံးသူများအပေါ် များစွာထိခိုက်မှုများ ရှိနေ ပါသည်။

              ထိုကဲ့သို့ စားသုံးသူပြည်သူများအပေါ် ထိခိုက်မှုများရှိလာသဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဉပဒေ ပုဒ်မ ၄(ဂ)အရ ဆင့်ပွား ဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing-MLM) ကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်း အဖြစ် သတ်မှတ်၍ ဈေးကွက်အတွင်း ယင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို တားမြစ်ထားပြီး တားမြစ်ချက်များ ချိုးဖောက်ကြောင်း စုံစမ်းတွေ့ရှိရပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဉပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာကို ၁၈-၉-၂၀၁၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၄၆/၂၀၁၈ ဖြင့်ထုတ်ပြန်ခဲ့ပါသည်။

              တစ်ဖက်တွင်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းကို ဥပဒေနှင့်အညီ ကြီးကြပ်ထိန်းကျောင်းနိုင်စေ ရန်၊ စားသုံးသူများအနေဖြင့်လည်း လိုအပ်သည့်ကုန်စည်များကို အခက်အခဲမရှိ ရွေးချယ်ဝယ်ယူနိုင် ရန်နှင့် Multi Level Marketing စနစ်အား တားမြစ်ခဲ့ခြင်းကြောင့် ရောင်းချသူများ (သို့မဟုတ်) တစ်ဆင့်ခံရောင်းချသူများအနေဖြင့် ကုန်စည်ရောင်းချရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ကုန်စည်ရောင်းချခြင်းများကို နည်းလမ်းတကျ ဆောင်ရွက်ရမည့် တိုက်ရိုက်ရောင်း ချခြင်းစနစ်အား အကောင်အထည်ဖော်ရန်အတွက် တိုက်ရိုက်ရောင်းချခြင်း ဥပဒေ (မူကြမ်း) ကို ရေးဆွဲလျက်ရှိပါသည်။

မိုင်းယောင်းမြို့တွင် ရော်ဘာအစေးခြစ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုး

            ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၏ ဒေသခံအများစုသည် တောတောင်ရေ မြေသဘာဝကောင်းမွန်၍ ရာသီသီးနှံအလိုက် စိုက်ပျိုးရေးအဆင်ပြေသောကြောင့် လယ်ယာနှင့် ရော်ဘာစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်ကြသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မိုင်းယောင်းမြို့ရှိ ရော်ဘာစိုက်ဧက (၁၇၈၆၇)ဧကခန့်ရှိပြီး ရိတ်ဧက(၅၂၀၄)ဧက အစေးခြစ်၍ (၂၇၃၀၅၅၆)ပေါင် ထွက်ရှိကြောင်း သိရှိရပါသည်။ နှစ်စဉ် ဧပြီလ(တတိယပတ်)မှ နိုဝင်ဘာလကုန်အထိ ရော်ဘာအစေးခြစ်ခြင်းကိုလုပ်ကိုင်ပြီး ကျန်(၄)လအတွင်း နှစ်ရှည်ပင်များဖြစ်သည့်အလျှောက် ပေါင်းရှင်းပေးခြင်းနှင့် သဘာဝမြေဩဇာ (နွားချေး၊ဝက်ချေး)စသည်များ ထည့်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရပါသည်။ ရော်ဘာစေးကို တစ်ကီလိုလျှင်(၇၀၀)ကျပ်မှ (၈၅၀)ကျပ်အထိ ရရှိကြောင်းနှင့် မိုင်းယောင်းမြို့၊ ဝမ်မိုင်လုံရွာတွင် အသေးစားရော်ဘာပြားထုတ်လုပ်သည့်စက်ရုံရှိပြီး အလုပ်သများ(၁၀)ဦးခန့်ဖြင့် လုပ်ကိုင်လျှက်ရှိပြီး တရုတ်နိုင်ငံသို့အများဆုံးတင်ပို့လျှက်ရှိကြောင်း သိရှိရသောကြောင့် ရော်ဘာစေးခြစ်လုပ်ငန်းဖြင့် တောင်သူများ တဖက်တလမ်းမှ ဝင်ငွေတိုးပွားလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(DOCA)

ASEAN SMEs အတွက် ASEAN ACCESS Portal အား ဖွင့်လှစ်ခြင်း

            အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (ASEAN SMEs) လုပ်ကိုင်ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အာဆီယံဒေသတွင်းရှိ ကုန်သွယ်ရေးနှင့် ဈေးကွက်ရရှိမှုဆိုင်ရာ သတင်းအချက်အလက်များကို ဝင်ရောက်ကြည့်ရှု လေ့လာနိုင်မည့် ASEAN Access Portal (www.aseanaccess.com)ကို ၁၆-၆-၂၀၂၁ ရက်နေ့ တွင် Online Launching ပြုလုပ်ခဲ့ပါသည်။

       အဆိုပါ ASEAN Access Portal ကို ဂျာမနီနိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) နှင့် ထိုင်းနိုင်ငံ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးရုံးတို့မှ ပူးပေါင်းရေး ဆွဲခဲ့ပါသည်။ ASEAN Access Portal တွင် အာဆီယံ‌ဒေသတွင်းရှိ စိတ်ဝင်စားဖွယ်ကောင်းသော စီးပွားရေးလုပ်ငန်းများကို ကုန်သွယ်ရေးနှင့် ဈေးကွက်ရရှိမှုဆိုင်ရာ သတင်းအချက်အလက်များနှင့်အတူဖော်ပြခြင်းနှင့် ဈေးကွက်အသစ်များရရှိရေးအတွက် လိုအပ်သော ဝန်ဆောင်မှုများနှင့် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများကို ဖော်ပြထားပါသည်။

          မြန်မာနိုင်ငံအနေဖြင့် SME ကဏ္ဍအတွက် Focal ဌာနအဖြစ်ဆောင်ရွက်သော စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးဦးစီးဌာနမှ National SMEs Webportal အား ရေးဆွဲပြုစုလျက်ရှိပါကြောင်း၊ ASEAN Access Portal သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ National SMEs Webportal မှသည် ASEAN SMEs Portal ဆီသို့ ချိတ်ဆက် ဆောင်ရွက်သွားရန်ဖြစ်ပြီး ကုန်သွယ်မှုကဏ္ဍတွင် ပါဝင်ပတ်သက်သူများအားလုံး အထူးသဖြင့် SME လုပ်ငန်းရှင်များ၊ SME Service Provider များက SME လုပ်ငန်းများလည်ပတ်ရာတွင် လိုအပ်သည့် Service/ Products များ ကို လေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါ Website တွင် Register ကို Free of Charge ပြုလုပ်နိုင်ပြီး လုပ်ငန်းဆိုင်ရာ အချက်အလက်များကို Upload ပြုလုပ်၍ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း၊ ASEAN SME Webportal အနေဖြင့် အာဆီယံ SME များအတွက် “One-Stop Service” ဖြစ်လာရန် ရည်ရွယ်ပါကြောင်း၊ Portal အား ဝင်ရောက်လေ့လာခြင်းဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအလိုက် ချမှတ်ထားသော SME လုပ်ငန်းများနှင့် သက်ဆိုင်သည့် ကုန်သွယ်မှုဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများ၊   အွန်လိုင်းသင်တန်းများ (Online Trainings)နှင့်  SME Service Provider များကို တစ်နေရာတည်းတွင် လေ့လာခွင့်ရရှိသည့်အတွက် အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်ရာ ဝင်ရောက်လေ့လာသင့်ကြောင်း သိရှိရပါသည်။

သတင်း/အရည်အသွေး

ASEAN Access Portal Link - http://www.aseanaccess.com

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ