သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး (Consumer Redress) နှင့်ပတ်သက်သည့် စားသုံးသူ အသိပညာပေးဗီဒီယို

       မြန်မာနိုင်ငံသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ASEAN Committee on Consumer Protection-ACCP) အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် အဓိကဆက်သွယ်ဆောင်ရွက်ရသည့်ဌာနဖြစ်ပါသည်။ အာဆီယံစားသုံးသူ ကာကွယ်ရေး ကော်မတီသည် အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက် (၂ဝ၁၆-၂ဝ၂၅) (ASEAN Strategic Action Plan for Consumer Protection 2016-2025) ကိုချမှတ်၍ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ မဟာဗျူဟာ၏ ၂၀၂၀ ခုနှစ်အတွင်း ဦးစားပေးအကောင် အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များအနက် ဒေသတွင်း စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်ဖြန့်ဝေခြင်းအစီအစဉ်များ ပိုမိုဆောင်ရွက်ရေး (Development of the Regional Information Campaign) သည်လည်း တစ်ခုအပါ အဝင်ဖြစ်ပါသည်။ သို့ပါ၍ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ACCP) သည် လိမ်လည် လှည့်ဖြားသည့်ကြော်ငြာ (Misleading Advertisement) များနှင့် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး (Consumer Redress) နှင့်ပတ်သက်သည့် စားသုံးသူ အသိပညာပေးဗီဒီယိုနှင့် လက်ကမ်း စာစောင်များအား ထုတ်ဝေခဲ့ပါသည်။ စားသုံးသူများအနေဖြင့် လိမ်လည်လှည့် ဖြားသည့် ကြော်ငြာများနှင့်ပတ်သက်၍ သိရှိရှောင်ရှားနိုင်ရန်ပါရန်နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့လာပါက ၎င်းတို့၏ နစ်နာမှုများအား တိုင်ကြားခွင့်နှင့် ကုစားခွင့်ရရှိနိုင်ကြောင်း ပိုမိုသိရှိနိုင်ရန်အတွက် ဖော်ပြပါ စားသုံးသူအသိပညာ ပေး ဗီဒီယိုများအားကြည့်ရှုလေ့လာနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်။

စက်မှုလယ်ယာထူထောင်ရေး

      မြန်မာနိုင်ငံသည် စိုက်ပျိုးမြေများ၊ လူအင်အားများ၊ လုပ်နိုင်ကိုင်နိုင်သော အင်အားများစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အဖြင့် နိုင်ငံခြားသို့ တင်ပို့နိုင်သည့် စိုက်ပျိုး၊ မွေးမြူရေးထွက်ကုန်များကို သည့်ထက်မက ပိုမိုတင်ပို့နိုင်ခြေရှိပါသည်။ အရေးကြီးသည်မှာ ခိုင်မာသော ဈေးကွက်တစ်ခုဖြစ်ပါသည်။ စိုက်ပျိုး၍ရသော သီးနှံများ ဈေးကောင်းမရ၊ တွက်ခြေမကိုက်လျှင် သီးနှံအထွက်တိုးရေးကိစ္စအပေါ် မည်သည့်တောင်သူမှ စိတ်ဝင်စားမည် မဟုတ်ပါ။ တောင်သူများအတွက် အားထားရနိုင်သော ဈေးကွက်တစ်ခု ဖန်တီးပေးလျှင် စိုက်ပျိုးရေးတွင် အထွက်တိုးစေရန် အတွက်သော်လည်းကောင်း၊ စိုက်ပျိုးမြေများတိုးချဲ့ရေးကိုသော်လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအပေါ် အားကြိုးမာန်တက် ဖိဖိစီးစီးလုပ်ကြရရေး ကိုသော်လည်းကောင်း မည်သူမျှဆော်ဩနေစရာ စည်းရုံး နေစရာ လိုမည်မဟုတ်ပါ။

        လယ်သမားများအတွက် ခိုင်မာသော ဈေးကွက်တစ်ခုတည်ဆောက်ပေးပြီးနောက် လယ်ယာလုပ်ကိုင်နိုင်ရန်နှင့် သီးနှံအထွက်တိုးရန် အကောင်အထည်ဖော်ရမည့် စက်မှုလယ်ယာကိစ္စဖြစ်ပါသည်။  မြန်မာနိုင်ငံအနှံ့  စက်မှုလယ်ယာစခန်းများ ဖွင့်လှစ်လုပ်ဆောင်ခဲ့ပြီး လယ်ထွန်စက်များကိုလည်း ထုတ်လုပ်လာနိုင်ခဲ့သော်လည်း ယခုအချိန်ထိ တေင်သူလယ်သမားအများစုသည် လယ်ယာလုပ်ငန်းတွင် လူနှင့် ကျွဲ၊ နွား အင်အားကိုသာ အဓိကထားသုံးစွဲနေရသေးပါသည်။ လယ်ယာလုပ်ငန်းတွင် ကျွဲ၊ နွားများအစား စက်ကိရိယာများကို သုံးစွဲနိုင်လျှင် သီးနှံအထွက်တိုး လာမည်ဖြစ်ရာ နိုင်ငံခြားသို့တင်ပို့သည့် စိုက်ပျိုးရေးထွက်ကုန်ပမာဏသည်လည်း အမှန်ပင် တိုးတက်လာမည်ဖြစ်ပါသည်။ အခွင့်သာပါက လယ်သမားများအနေနှင့် မိုးစပါးများပြီးလျှင် နွေစပါးကိုဆက်စိုက်မည်။ သို့မဟုတ်ပါကလည်း မတ်ပဲ စသောသီးနှံ တစ်မျိုးမျိုးကို လယ်ထဲတွင်စိုက်လိုမည်သာဖြစ်ပါသည်။ ဤကဲ့သို့ စိုက်ရာတွင် နောက်သီးနှံအတွက်  အစိုဓာတ်အရေးကြီးပါသည်။ ထိုအခါရိတ်သိမ်းပြီးသောစပါး များကို ခြွေလှေ့ခြင်း၊ တလင်းထဲသို့ပို့နိုင်ခြင်းမပြုနိုင်သေးဘဲ ရိတ်ပြီးစလယ်ကို ထယ်ထိုးရသည်။  နောက်သီးနှံအတွက် လုံးပန်းနေရသဖြင့် လယ်ကန်သင်းများပေါ်တွင် ပုံထားသော ကောက်လှိုင်းပုံများမှာ လိုသည်ထက် ပိုခြောက်ကုန်သည်။ ထို့နောက် ကောက်လှိုင်းပုံမှ တလင်းသို့ သယ်သည့်အခါတွင် အလေအလွင့်များလှသည်။ သည်ကြားထဲ အချိန်အခါ မဟုတ် မိုးရွာလိုက်ပါက  ကြွေသည်ကတစ်မျိုး၊ မိုးကောင်း၍ အစို့ပေါက်ကုန်သည် ကတစ်မျိုးတို့ဖြင့် ကောက်လှိုင်းရှိ စပါးမှာ တစ်ဝက်ပင် မတင်တော့ပါ။

          လယ်သမားများသည်  စပါးကို ရိတ်သိမ်းခြွေလှေ့စက်( Combine Harvester) ဖြင့် ရိတ်သိမ်းနိုင်ခဲ့ပါက ရိတ်သည်နှင့် တစ်ပြိုက်နက် အိတ်သွတ်ပြီးသား စပါးကို ရသဖြင့် အထက်ဖော်ပြပါ အလေအအလွင့်များကို များစွာလျှော့ချနိုင်ပေလိမ့်မည်။ စက်ဖြင့်ရိတ် သောကြောင့်လည်း နောက်သီးနှံအတွက် အစိုဓါတ်မမီမှာ မပူရတော့ပေ။ မြန်မာနိုင်ငံအနှံ့အပြားတွင် လယ်ယာလုပ်ငန်းများ မည်မျှတွင်ကျယ်လာသည်၊ လယ်သမားများအနေနှင့် ထိုစက်များသုံးစွဲနေရသည်မှာ အဆင်ပြေ/မပြေ၊ မည်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသနည်း၊ စနစ်တကျ ရင်ဆိုင်နေရပါသနည်း စသည်တို့ကို စနစ်တကျ  ကွင်းဆင်းလေ့လာသင့်ပါသည်။

နိုင်ငံခြားမှတင်သွင်းခြင်းသည့် လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲလာစေရန် အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ပြီး အစိုးရစက်ရုံများနှင့် ပုဂ္ဂလိက စက်ရုံများမှလည်း မြန်မာ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဦးဆောင်မှု အောက်တွင် ပြည်တွင်း၌ လယ်ယာသုံးစက်ကိရိယာများကိုထုတ်လုပ်ခဲ့ကြပါသည်။ စက်မှုလယ်ယာအဖြစ် ဖော်ဆောင်ရာတွင် အဓိကလိုအပ်ချက်မှာ နည်းပညာများ ပံ့ပိုးမှုဖြစ်ပါသည်။ ငွေအင်အားသုံးပြီး စက်ပစ္စည်းကိရိယာများ မည်မျှပင် ထည့်သွင်းစေပါမူ ထိုစက်ကိရိယာများကို ထိထိရောက်ရောက် အသုံးမချနိုင်ပါက အောင်မြင်ဖြစ်ထွန်းမည်မဟုတ်ပါ။ လယ်ယာသုံးစက်ကိရိယာများကို သုံးစွဲရာတွင် သုံးစွဲနေသည့် တောင်သူများထံမှလည်း စက်သုံးစွဲရာတွင် မည်သည့်အခက်အခဲများရှိသည်၊ မည်သည့်အခက်အခဲ ရင်ဆိုင်နေရသည်၊ မည်ကဲ့သို့လုပ်လိုက်လျှင် ပိုကောင်းလာမည် စသည်တို့ကိုလည်း ပြန်လည်အကြံပြုချက် (Feed Back) အမြဲ ပြန်လည်ရယူနေသင့်ပါသည်။ သို့မှသာ ထိုဒေသနှင့်ကိုက်ညီမည့် စက်ကိရိယာများကို တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

     အချုပ်အားဖြင့် စက်မှုလယ်ယာ ထူထောင်ခြင်းဟူသည် လယ်သမားများအား လယ်ယာသုံးစက်ကိရိယာများ ရောင်းချပေးရုံသာမဟုတ်ပါ။ လယ်ယာသုံးစက်ကိရိယာများ လယ်ယာများထဲ၊ ကျေးရွာများထဲ၌ စက်များမြင်နေရုံမျှ နှင့် စက်မှုလယ်ယာများဖြစ်လာပြီဟု  မဆိုနိုင်ပေ။ စပါးခြွေ့စက်များနှင့် ခြွေလှေ့နေသည်ကိုမြင်ရသည်နှင့် စက်မှုလယ်ယာစနစ် အောင်မြင်ပြီဟု လက်ခမောင်းခတ်လို့မဖြစ်ပါ။ စက်မှုလယ်ယာထူထောင်ရေးအတွက်  အရေးကြီးသော နောက်တစ်ချက်မှာ စက်သုံးဆီ အလုံအလောက်ရရှိရေးနှင့် စက်ကိရိယာ  အပိုပစ္စည်းများ အလွယ်တကူ ဝယ်ယူရရှိရေးပင်ဖြစ်ပါသည်။ ထွန်စက်အလုံးတစ်ရာရှိလျှင် ထိုထွန်စက် အလုံးတစ်ရာစာအတွက် အနည်းဆုံးအပိုပစ္စည်းအစုံ တစ်ရာထားရှိရန်လိုပါသည်။ သို့မဟုတ်ပါက စက်ချို့ယွင်း၍ အပိုပစ္စည်းအစားထိုးရမည်ဆိုမှ အပိုပစ္စည်းမရှိမှုကြောင့် စက်ကြီးကို သည်အတိုင်းရပ်ထားမည်ဆိုလျှင် လုပ်ငန်းများနှောင့်နှေး ကြန့်ကြာမည်ဖြစ်ပါသည်။ ထိုအခါ မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများနှင့် ရင်ဆိုင်ရပါမည်။ ဤသည်တို့သည်ကား စက်မှုလယ်ယာထူထောင်ရေးတွင် အဓိကစိန်ခေါ်မှုများပင် ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မြိတ်မြို့၊ သီဟဇေယျာစျေးကြီးအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေး

          တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှစ၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍  မြိတ်မြို့၊ သီဟဇေယျာ(မြို့သစ်)စျေးကြီးရှိ ဆေးဆိုင် များနှင့်အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူပြည်သူများ သုံးစွဲရာတွင်ဘေးဥပဒ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ ရောင်းချသောကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာ ဌာနများမှတားမြစ်ထားသောကုန်ပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိ စျေးကွက်စောင်ကြည့်စစ်ဆေး ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ကော့သောင်းမြို့၊ မြို့မစျေးအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေး

      ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည်  ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက် မြို့မစျေးကြီးရှိ စားသောက်ကုန်များနှင့်အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် စားသောက်ကုန်ပစ္စည်းများရောင်းချသူများအနေဖြင့် စားသုံးသူ ပြည်သူများ၀ယ်ယူစားသုံးရာတွင် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းမှုရှိစေရန်နှင့် ရောင်းချသောကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှတားမြစ်ထားသောကုန်ပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိ စျေးကွက် စောင်ကြည့်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

သုံးစွဲရန်မဖြစ်သော တိုင်းရင်းဆေးဝါးဖြစ်သည့် ကိုဗစ်နိုင်ဆေးလျက်ဆား (KOVITNAI MEDICAL SALT) အား ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

       ၈.၁၀.၂၀၂၀ ရက်နေ့မှ ၉.၁၀.၂၀၂၀ ရက်နေ့ထိ ကချင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် တိုင်းရင်းဆေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်း၍  တိုင်းရင်းဆေးဦးစီးဌာနမှ သုံးစွဲရန်မသင့်တားမြစ်ထားသော Oline တွင် ရောင်းချနေသည့် ကိုဗစ်နိုင် လျှက်ဆား COVITNAI MEDICINE SALT အား ရောင်းချနေမှု ရှိ/မရှိ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်၊ ဧရာရပ်ကွက်နှင့် ဒူကထောင်ရပ်ကွက်ရှိ ဆေးဆိုင်များတွင်လည်းကောင်း၊ ဗန်းမော်မြို့နယ်၊ မင်းကုန်းရပ်ကွက်၊ အလယ်ရပ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ညောင်ပင်ရပ်ကွက်၊ နားခါတောင်ရပ်ကွက်၊ နားခါမြောက်ရပ်ကွက်ရှိ ဆေးဆိုင်များတွင်လည်းကောင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ Talk Show အစီအစဉ်ကျင်းပပြုလုပ်

        ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမိုးနှင့် ဝန်ထမ်းများသည် ၆.၁၀.၂၀၂၀ရက်နေ့  နံနက် ၁၀:၀၀နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်သော Talk Show အစီအစဉ်တွင် စားသုံးသူ ကာကွယ် ပေးရေးဆိုင်ရာနှင့်ပတ်သက်သည့် စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့် တာဝန်ဝတ္တရားများအား ရှင်းလင်းပြောကြားခဲ့ပြီး ၊ စားသုံးသူကာကွယ်ရေးဉပဒေ (၂၀၁၉ ) ၊ အခန်း(၁၈)ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များနှင့် Covid-19 ကာလတွင် စျေးကွက်အတွင်းရှိ ကုန်စည်စျေးနှုန်းများနှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခြင်းများ အပြင် စားသုံးသူများအနေဖြင့် ကုန်စည်များအပေါ် မိမိတို့၏အခွင့်အရေးများဆုံးရှံးနစ်နာမှုများရှိပါက ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ကုန်စည်စီးဆင်းမှုနှင့်အခြေခံစားကုန်ဈေးနှုန်းအခြေအနေများအား ညှိနှိုင်းဆွေးနွေး

           Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလနှင့်အညီ  ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း ရောဂါပိုမိုဖြစ်ပွားမှုများပြားလာခြင်းကြောင့် မြို့နယ်အချို့တွင် Stay At Home သတ်မှတ်ထား ရှိြခင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးမှ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ကုန်တင်ကားများ ဝင်ရောက်မှု အခြေအနေများကို စိစစ်ဆောင်ရွက်နေသည့်အတွက် ကုန်စည်စီးဆင်းမှုနှင့် အခြေခံစားကုန်ဈေးနှုန်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဦးညွန့်ရွှေ မှဦးဆောင်၍ ၂၉.၉.၂၀၂၀ရက်နေ့တွင် Online Meeting ဖြင့်ဆွေးနွေး ဆောင်ရွက်ခဲ့သည်။

     အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှုး ဦးကျော်စွာဝင်းနှင့်အတူ ဆန်စက်လုပ်ငန်းရှင်အသင်း ၊ ဆန်ကုန်သည် အသင်း၊ ကုန်စည်ဒိုင်လုပ်ငန်းရှင်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊လက်လီရောင်းဝယ်ရေး လုပ်ငန်းရှင် များမှ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း၁၅ဦးခန့် တတ်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် အရေးကြီးကုန်စည်များစီးဆင်းမှုအဆင်ပြေချောမွေ့စေရန်၊ ကုန်တင်ကားမောင်းသူနှင့်ယာဉ်နောက်လိုက်တို့အား Covid-19 ရောဂါရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးရန်၊ ယခုကာလသည်မိုးစပါးကာလဖြစ် သည့်အတွက် စပါးတင်ဆောင်သည့် ကားများ တစ်မြို့နယ်နှင့်တစ်မြို့နယ် ဖြတ်သန်းရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် (၂၀၂၀-၂၀၂၁) မိုးစပါးအခြေခံဈေးနှုန်းအောက်ရောက်ရှိပါက    အခြေခံဈေးနှုန်းနှင့်အညီ ဝယ်ယူနိုင်ရေး စသည်တို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

မြန်မာ့ရော်ဘာအရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးနှီးနှောဖလှယ်ပွဲကို Online စနစ် ဖြင့် ကျင်းပပြုလုပ်

            မြန်မာ့သဘာဝရော်ဘာထုတ်ကုန် အရည်အသွေးပိုမိုကောင်းမွန်ရေးနှင့် နိုင်ငံတကာဈေးကွက် နှင့် ဈေးနှုန်းရရှိစေရေးအတွက် မြန်မာ့ရော်ဘာအရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးတက် ရေးနှီးနှောဖလှယ်ပွဲကို ၃၀.၉.၂၀၂၀ ရက်နေ့တွင် Online စနစ် ဖြင့် ကျင်းပခဲ့ပါသည်။

            မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ရုံပိုင်ရှင်များ စသည်ဖြင့် Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူများအားလုံး ကဏ္ဍအလိုက် ပူးပေါင်း အဖြေရှာပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန် များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်နိုင်မှု မြင့်မားလာစေရေးအတွက် အမျိုးသား အဆင့် ပို့ကုန်မဟာဗျူဟာ (NES) လုပ်ငန်းစီမံချက်ကို ဦးစားပေးကဏ္ဍ ကုန်စည် (၁၁) ခု၊ ဝန်ဆောင်မှု (၂)ခုနဲ့ အထောက်အကူပြုကဏ္ဍ (၅) ခု စုစုပေါင်း (၁၈) ခု သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာမှာ ရော်ဘာကဏ္ဍဟာလည်း ဦးစားပေးကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်ပါကြောင်း၊ မြန်မာ့ ရော်ဘာစံအရည်အသွေး သတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်မှသာ ပြည်ပဈေးကွက်သို့ ယှဉ်ပြိုင် ရောင်းချနိုင်မည်ဖြစ်ပါကြောင်း၊  မြန်မာ့ရော်ဘာ ထုတ်လုပ်တင်ပို့ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲ၊ အတားအဆီးများကို Supply Chain တစ်လျှောက်ပါဝင်ပတ်သက်သူ များအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ပို့ကုန်ကဏ္ဍကို မြှင့်တင်ပေး နိုင်မည်ဖြစ်ပါကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆွေးနွေးပြောကြားခဲ့ပါသည်။

            ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ဘဏ္ဍာနှစ်အလိုက် ရော်ဘာတင်ပို့နိုင်မှု၊ နိုင်ငံအလိုက်ဈေးကွက်ရရှိမှုနှင့် ရော်ဘာကဏ္ဍ တိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

            ထို့နောက် သက်ဆိုင်ရာဌာနများအလိုက် ပညာရှင်များက စာတမ်းဖတ်ကြားခြင်း၊ ရော်ဘာ စိုက်ပျိုးတောင်သူများ၊ စက်ရုံပိုင်ရှင်များ၊ ကုန်သည်လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအလိုက် ရေတိုရေရှည် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါ သည်။

ITQM

ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ၊ မြစ်ကြီးနားခရိုင်ခရိုင်ရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ်(ရေ၊ မီး၊ မိလ္လာ)ဆောက်လုပ်ခြင်း

         ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ ခရိုင်ဦစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂) ထပ် (အတွင်းရေ၊ မီး၊ မိလ္လာ)(Apron& Drain)အပါ  အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်း အား လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခဲ့ရာ ၁၁.၉.၂၀၂၀ ရက်နေ့တွင် အဆောက်အအုံ တခါးပေါက်များ သံပန်းတပ်ဆင်ခြင်းနှင့် ရုံးဝင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းပမာဏ၏ ၁၀၀% ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ရေဦးမြို့ပေါ်ရှိ အလှကုန်အရောင်းဆိုင်များနှင့် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၁၁.၉.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေဦးမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့စသည့် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ အလှကုန် အရောင်းဆိုင်များတွင် သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများအား စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ဖော်ပြထားသည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရမည့် အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ကုန်စည်များနှင့် မိခင်နို့အစားထိုးကုန်စည်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၏ မှတ်တမ်းတင်ထားသော အမှတ်တံဆိပ်များအား sticker ကပ်ပြီးမှသာ ရောင်းချရန်ဆိုသည့် ညွှန်ကြားချက်အတိုင်း လိုက်နာမှု ရှိ/ မရှိနှင့်  စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိတို့အား ဈေးကွက်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ