သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

     ၂၁.၁၂.၂၀၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည်  မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာနှင့် တောင်းကလေးကျေးရွာ အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်၊ တားဆီးရေးဆိုင်ရာစံသတ်မှတ်ချက်များနှင့်ကိုက်ညီပြီး (A) အဆင့်၊(B)အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ် ခွင့်ပြုနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန

မုံရွာမြို့နယ်အတွင်း သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

          ပြည်သူများအသုံးပြုနေသည့် သောက်ရေသန့်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၏ ထုတ်လုပ်ရောင်းချခွင့် ထောက်ခံချက်ရရှိပြီးမှသာ ထုတ်လုပ်ရောင်းချခွင့်ရှိသဖြင့် ထောက်ခံချက် လျှောက်ထားသည့် သောက်ရေသန့်စက်ရုံများနှင့် လျှောက်ထားမှုမရှိသေးသော စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန မှ တာဝန်ရှိသူများသည်လည်း လိုက်ပါ၍ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူ ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် သောက်ရေသန့်စက်ရုံ(၂၇)ခုခန့်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မုံရွာခရိုင်မှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်း၍ ထုတ်လုပ်ရောင်းချခွင့် ထောက်ခံချက်လျှောက်ထားခြင်းမရှိဘဲ ထုတ်လုပ် ရောင်းချနေသော  မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်၊ မောင်းခမ်းကျောင်းလမ်းရှိ သောက်ရေသန့် စက်ရုံသို့ ကွင်းဆင်းစစ်ဆေးပြီး၊ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များနှင့်အညီ (FDA) ထောက်ခံချက် အမြန်ဆုံးလာရောက် လျှောက်ထားရန်နှင့် ခွင့်ပြုချက်ရရှိပြီးမှသာ ထုတ်လုပ်ရောင်းချရန် သတိပေး မှတ်တမ်းတင်လက်မှတ်ရေးထိုးစေခဲ့ပါသည်။ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရန်လိုအပ်သော အသားတင်ပါဝင်မှုပမာဏနှင့် ထားသိုသိမ်းဆည်းပုံအညွှန်းကို ဖော်ပြပေးရန် စားသုံးသူရေးရာဦးစီး ဌာနအနေဖြင့် အသိပညာပေးခဲ့ပါသည်။ ပူးပေါင်းလိုက်ပါစစ်ဆေးခဲ့သည့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူကလည်း အခွန်ပေးဆောင်ပြီး စည်ပင်လုပ်ငန်းလိုင်စင် ရရှိမှုရှိ/မရှိနှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများလိုက်နာမှုရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)

စစ်ကိုင်းခရိုင်တွင် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာန၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်လင်းသည် (၁၈.၁၂.၂၀၂၀) ရက်နေ့တွင် မိတ်ဖတ်ဌာနများဖြစ်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာစားသုံးသူရေးရာအဖွဲ့တို့ဖြင့် ရွှေပေါက်ပင်ကျေးရွာရှိ ကုန်စုံဆိုင်များအား ကွင်းအသိပညာပေး စစ်ဆေးခဲ့သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဉပဒေ အခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသားဖေါ်ပြခြင်းနှင့်ပါတ်သက်၍ ကုန်စည်များအပေါ်တွင် မဖြစ်မနေပါဝင်ရမည့် အချက်များဖြစ်သည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ သုံးစွဲပုံအညွှန်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်များကို ကုန်စည်ပေါ်တွင်  မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာနှင့်ဖြစ်စေ (သို့မဟုတ်) တွဲလျက်ဖြစ်စေ မဖြစ်မနေ ဖေါ်ပြပါရှိရမည်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကော်ပရှင်၏ (၃.၁၂.၂၀၁၉) ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉  အရ ကုန်စည်အမျိုးအစားအလိုက် အသေးစိတ် ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိမရှိ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ဦးစီးမှူးရုံးသစ်ဆောက်လုပ်ခြင်း အိတ်ဖွင့်တင်ဒါပွဲ ကျင်းပ

             စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ဦးစီးမှူးရုံးသစ် (၅၀'×၃၅'×၂၄') RC (၂)ထပ် (အတွင်း ရေ၊ မီး၊ မိလ္လာ)(Apron & Drain အပါ) ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းတွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ငွေကျပ် (၁၁၂.၀၀၀) သန်း ကိုလျာထားခဲ့ပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မုံရွာမြို့၊ ဘက်စုံသုံးခန်းမတွင် နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ငန်းစဉ် (၁/၂၀၁၇) နှင့်အညီ ၁၈.၁၂.၂၀၂၀ရက်နေ့ နံနက် (၁၀:၀၀)၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန၊ ဝန်ကြီး ၊ ဦးစိုးဦး ဥက္ကဌ က ဦးဆောင်၍ တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် တင်ဒါခေါ်ယူခြင်းအား အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်း ရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)

ကသာခရိုင်အတွင်းရှိ ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းပို နှင့် အဖွဲ့သည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများနှင့်အတူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းသော ကုန်စည်များ အသုံးပြုနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ပင်လည်ဘူးမြို့နယ်၊ ပင်းကြိုင်းကျေးရွာတွင် လည်းကောင်း၊ ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် ကောလင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များ မုန့်ဆိုင်များတွင် လည်းကောင်း၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် ထီးချိုင့်မြို့၊ မောင်းကုန်းစံပြကျေးရွာရှိ ကုန်စုံဆိုင်များတွင် လည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနမှ အသိပေး ကြေငြာထားသည့် သုံးစွဲရန် မသင့်သော တားမြစ်ကုန်ပစ္စည်းများ၊ သက်တမ်းလွန်ပစ္စည်းများနှင့် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ကာလအတွင်း စားသောက်ကုန်များ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ရောင်းချသူ ဆိုင်ရှင်များအား ပြည်သူများအား ဘေးအန္တရာယ်ဖြစ်စေသော စားသောက်ကုန်များအား မရောင်းချကြရန်၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား (မြန်မာစာဖြင့်) ပြည့်စုံစွာဖော်ပြ၍ ထည့်သွင်းရောင်းချရန်နှင့် လိုက်နာခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

ကသာခရိုင်
စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖတ် ဌာနများနှင့် ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ကန့်ဘလူမြို့ အမှတ်(၅) ရပ်ကွက် ၌ လည်းကောင်း၊ ၁၇ရက်နေ့တွင် ကျွန်းလှမြို့ သစ်ရာမြိုင်ရပ်ကွက် ၌ လည်းကောင်း၊ ၊ ၁၈ရက်နေ့တွင် ကန့်ဘလူမြို့အမှတ်(၂)ရပ်ကွက် ၌ လည်းကောင်း၊  ၂၁ရက်နေ့တွင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေး ၌ လည်းကောင်း  ဈေးကွက်စောင့်ကြည့် ကွင်ဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ဖော်ပြခြင်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်နိုင်ရန် စီးပွားလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ပေးဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။     

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)

ဗန်းမော်မြို့နယ်ရှိ စက်ရုံ၊အလုပ်ရုံများအား ရှောင်တခင်စစ်ဆေးခြင်း

          ခရိုင်အဆင့် Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းဆပ်ကော်မတီ အလိုက် တာဝန်များခွဲဝေပေးအပ်ခဲ့ရာ ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး(လက်ထောက်ညွှန်ကြားရေးမှူး)အနေဖြင့်ကော်မတီများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ Covid-19 ကာလအတွင်း ဗန်းမော်ခရိုင်၌ အစိုးရဌာန(၇)ခုဖြင့်ဖွဲ့ စည်းထားသော စက်ရုံ၊အလုပ်ရုံများစစ်ဆေးရေးကော်မတီရှိ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် (၁၄.၁၂.၂၀၂၀) မှ(၁၇.၁၂.၂၀၂၀)ရက်နေ့ထိ ဗန်းမော်မြို့နယ်အတွင်းရှိ နေမင်းဆီစက်၊ ဦးကောင်းဆီစက်၊ D-1 အဆင့်မြင့် ကားပြုပြင်ရေး(ကားလေးဝပ်ရှော့)၊ Vision Fund Myanmar Company Ltd များသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ဆိုင်ရာလိုက်နာရမည့် (A, B, C) စည်းကမ်း သတ်မှတ်ချက်များကို ယခင်ပုံမှန်စစ်ဆေးစဉ် ဆောင်ရွက်ရန်လိုအပ်သည်များ မှာကြားထားမှုအပေါ်လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီစစ်ဆေးခြင်း၊ အဆင့်သတ်မှတ်ချက်များနှင့်ညီသော စက်ရုံ၊အလုပ်ရုံများကို (A) အဆင့်သို့တိုးမြှင့်ပေးခြင်း၊ အဆင့်သတ်မှတ်ချက်များနှင့်မညီသော စက်ရုံ၊အလုပ်ရုံများကို (B,C)သို့လျှော့ချခြင်းတို့ကို ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မိမိဌာနမှလည်း ဌာနလုပ်ငန်းတာဝန်များဖြစ်သော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များထုတ်လုပ်ရောင်းချပါက ထုတ်ပြန်ထားသောဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြပေးရမည် ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားတို့ကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ထားဝယ်မြို့ပေါ်ရှိ ကုန်တိုက်နှင့် စတိုးဆိုင်များတွင် ကလေးနို့မုန့်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

       ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ကုန်တိုက်များနှင့် စတိုးဆိုင်များတွင်   ကလေးနို့မုန့်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီဆောင်ရွက်ထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ စျေးကွက်တင်ခြင်းဆိုင်ရာအမိန့်ပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိစျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

မြိတ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

      ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ မြိတ်မြို့နယ်အတွင်းရှိ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များတွင် ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သည့် စားသောက်ဆိုင် နှင့်လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် မှုရှိ/မရှိနှင့် စစ်ဆေးရန်ကျန်ရှိသောဆိုင်များအား ပြန်လည်ရောင်းချခွင့်ပေးနိုင်ရန်အတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့နယ်အတွင်း စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင် (၃၆၆)ဆိုင်အား အဖွဲ့သုံးဖွဲ့ခွဲ၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး (A)အဆင့်ရရှိသည့်ဆိုင်(၂၈၅)ဆိုင်အား ဆိုင်ထိုင်ရောင်းချခွင့်ပြုခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

အရာတော်မြို့၊ မြို့နယ် သနပ်ခါးအသင်းနှင့် တွေ့ဆုံခြင်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် အရာတော်မြို့၊ မြို့နယ်သနပ်ခါးအသင်း ဥက္ကဌ၊ အတွင်းရေးမှူးအပါအဝင် အသင်းသား (၅)ဦးနှင့် အရာတော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံရုံး၌ တွေ့ဆုံခဲ့ရာ မြို့နယ်သနပ်ခါးအသင်းမှ ဥက္ကဌက အရာတော်မြို့၊ မြို့နယ်သနပ်းခါးအသင်းကို  ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ(၁၄) ရက်နေ့တွင်  အလုပ်အမှုဆောင်(၂၇)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသား (၂၀၀၀) ကျော်ရှိပါကြောင်း၊ အသင်းလစဉ် ပုံမှန်အစည်းအဝေးကို (၂)လတစ်ကြိမ် ပြုလုပ်ပါကြောင်း၊ ကိုဗစ်ကာလ ဖြစ်၍ သနပ်ခါးအရောင်းအဝယ် အေးနေပါကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်၊ စိတ်ပုတီး၊ အမြစ်မှုန့်သောက်ဆေး၊ သနပ်ခါးအမြစ်ရည်၊ မျက်နှာသစ်ဆပ်ပြာ(အခဲ၊ အနှစ်)၊ ပေါင်ဒါ၊ အရွက်ခေါင်းလျှော်ရည်၊ အရွက်သောက်ဆေး၊ နံ့သာခေါင်းအုံး၊ ပန်းအိုး စသည်တို့ကို ထုတ်လုပ်ရောင်းချလျက်ရှိသော်လည်း ဈေးကွက်ကျယ်ပြန့်မှု မရှိသေးပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သော ပြပွဲများ၊ အခမ်းအနားများ၊ ပွဲတော်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်သနပ်ခါးအသင်းအနေဖြင့် ကိုဗစ်ကာလတွင် အရောင်းအဝယ်ပါးပြီး ကုန်ကြမ်းများကို အချိန်ကြာမြင့်စွာ သိုလှောင်ထားရ၍ စီးပွားရေးအကျပ်အတည်းဖြစ်နေပါကြောင်း၊ အသင်းသားများ ရေရှည်ရပ်တည်နိုင်ရန်နှင့် အခက်အခဲများ ပြေလည်စေရန် ချေးငွေများ လိုအပ်လျက်ရှိကြောင်း တင်ပြမှုအပေါ် အသင်းအဖွဲ့မှတဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ အချက်အလက်အပြည့်အစုံနှင့်တကွ ချေးငွေလျှောက်ထားရန် အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

 စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ