သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပင်လည်ဘူးမြို့နှင့် ထီးချိုင့်မြို့ စည်ပင်သာယာဈေးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး ဦးသန်းပိုနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နှင့် ထီးချိုင့်မြို့ရှိ စည်ပင်သာယာဈေးများအတွင်း ရောင်းချနေသော ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့နှင့် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ဖြင့် ပူးပေါင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ စစ်ဆေးရာတွင် အဓိကအနေဖြင့် တားမြစ်ကုန်စည်များ၊ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ကုန်စည်များအား ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း ရှိ၊မရှိ စစ်ဆေးခြင်းနှင့် ကုန်စည်များတွင် ကုန်ပစ္စည်း အမျိုးအစားအလိုက် မြန်မာစာဖြင့် ဖော်ပြရမည့် အချက်များ ထည့်သွင်းရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ရောင်းချသူ ဆိုင်ရှင်များအား ၎င်းတို့ရောင်းချသော ကုန်ပစ္စည်း အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ထည့်သွင်းရောင်းချနိုင်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ညွှန်ကြားချက် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

သံဖြူဇရပ်နှင့် ဘီးလင်းမြို့နယ်ရှိ ဈေးများတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သော မော်လမြိုင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သော အဖွဲ့ဖြင့် ၁၂.၁.၂၀၂၁ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာရှိ ဈေးနှင့် ကျေးရွာအတွင်းရှိ စတိုးဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

         ထို့ပြင် ၁၈.၁.၂၀၂၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးရှိ စတိုးဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

      ထိုသို့စစ်ဆေးရာတွင် စတိုးဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော အစားအသောက်များတွင် စားသုံးရန်မသင့်သော ကုန်ပစ္စည်းများ ပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန်စားသောက်ကုန်များ၊ ဆေးဝါးများ၊ တားမြစ်တိုင်းရင်းဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်ပြည်နယ်)

မော်လမြိုင်ကုန်စည်ဒိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

      ၁၇.၁.၂၀၂၁ ရက်နေ့တွင် မော်လမြိုင်ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်ဆွေးနွေးပွဲကို National Enlightement Institute Office (NEI) တွင်ကျင်းပပြုလုပ်ရာ မော်လမြိုင်ကုန်စည်ဒိုင်ဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ NEIမှ အုပ်ချုပ်မှု    ဒါရိုက်တာနှင့်ဝန်ထမ်းများ စုစုပေါင်း(၂၉)ဦး တက်ရောက်ပါသည်။

      အစည်းအဝေးတွင် ဝဥကဏ္ဍ၊ ရာဘာကဏ္ဍ၊ သားငါးကဏ္ဍတို့ကို ဦးစားပေးဆွေးနွေးခဲ့ကြပြီး ဆက်လက်၍ ကုန်စည်ဒိုင် တံဆိပ်ဝိုင်းပြုလုပ်ရေးကိစ္စ၊ ကုန်စည်ဒိုင်ငါးဈေးနှုန်းများ ဖော်ပြရာတွင် အဓိကကျသော ငါးအမျိုးအမည်များ၏ ဈေးနှုန်းများကို ဦးစားပေးဖော်ပြရန်နှင့် Warehouse၊ Cold store များ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကပိုင်လုပ်ငန်းများမှ မိမိတို့အစီအစဉ်ဖြင့် တည်ဆောက်နေမှုများနှင့်ပတ်သက်၍ Cold Store အရေအတွက်၊ သိုလှောင်သော ပမာဏ၊ သိုလှောင်သောအမျိုးအမည်တို့ကို သိရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ NEI၊ စက်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှပူးပေါင်းပြီး အစည်းအဝေးကျင်းပပြုလုပ်ကာ တွေ့ဆုံဆွေးနွေးကြရန် အတည်ပြုခဲ့ကြပါသည်။ ကုန်စည်ပို့ဆောင်ရေး ကားဂိတ်များ၏ အမည်စာရင်းများအား ကုန်စည်ဒိုင် Pageတွင် တင်ပြနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းများနှင့်ပတ်သက်သော အကြောင်းအရာများကို သက်ဆိုင်ရာကဏ္ဍအသီးသီးရှိ ကုန်သည်လုပ်ငန်းရှင်များနှင့်လည်း Meeting ပြုလုပ်သင့်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းတူ အသင်းအဖွဲ့တစ်ခုခြင်းစီအလိုက်တစ်လလျှင်(၂)ကြိမ် Meeting ပြုလုပ်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်ပြည်နယ်)

ဝိုင်းမော်မြို့၊ အမှတ်(၃)ရက်ကွက်ရှိ ရွှေပင်လယ်စတိုး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ပြည်နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေပင်လယ်စတိုး၌ ၁၈-၁-၂၀၂၁ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါဆွေးနွေးပွဲတွင် ရွှေပင်လယ်စတိုးရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးများ ၊စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်များတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များ၊  ကုန်စည်၊ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် ပတ်သက်၍ တိုင်ကြားနိုင်သည့် အခြေအနေများနှင့် ဌာနမှ စားသုံးသူတိုင်ကြားမှုများကို ဆောင်ရွက်ပေးသည့်အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ် 

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          ၁၅.၁.၂၀၂၁ ရက်နေ့တွင် ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာန CICC ရုံးခန်း၌ ပေါက်ကုန်းရပ်ကွက်မှ စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ ၎င်းဟော‌ပြောပွဲတွင် ဒု-ဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားမှု ဆောင်ရွက်ရာတွင် website ၊ Mobile Application တို့မှတဆင့် ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည့် အခြေအနေများ၊ ဗန်းမော်ခရိုင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန
ကချင်ပြည်နယ်

ဈေးကွက်နိုင်ငံများ၏ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များအတိုင်း တင်ပို့ခြင်းမှ ပြည်ပ ဈေးကွက်ခိုင်မာရေးဆီသို့…

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများအား အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိသည့် သီးနှံများ၊ ထုတ်ကုန်အများအပြားကို ပြည်တွင်းစားသုံးမှုအပြင် ပိုလျှံမှုများကို ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိပါသည်။ ထိုသို့ တင်ပို့ရာတွင် အများဆုံးမှာ ကုန်ကြမ်းများအတိုင်း တင်ပို့ခြင်းဖြစ်သော်လည်း ပြုပြင်ပြီး တင်ပို့သည်များလည်း ရှိသည်ကို တွေ့ရှိရပါသည်။ မြန်မာ့ထွက်ကုန်များ ပြည်ပဈေးကွက် ခိုင်မာစွာရရှိစေရန်မှာ ဈေးကွက်၏ လိုအပ်မှုပမာဏကို အပြည့်အဝဖြည့်တင်းရန် လိုအပ်သကဲ့သို့ ဈေးကွက်၏ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များအတိုင်း ထုတ်လုပ်တင်ပို့နိုင်ရန် လွန်စွာအရေးကြီးပါသည်။ မြန်မာ့ထုတ်ကုန်များ ပြည်ပသို့တင်ပို့ရာတွင် သက်ဆိုင်ရာဈေးကွက်ရောက်သည့်အခါမှ အရည်အသွေး မပြည့်မီ၍ ပယ်ချခံရမှုများ မကြာခဏဆိုသလို ကြုံတွေ့နေကြရပါသည်။ ထိုသို့သော အခြေအနေများသည် Exporter များအတွက် ထိခိုက်နစ်နာရသကဲ့သို့ မိမိတို့နိုင်ငံ၏ ထွက်ကုန်များ၏ ပုံရိပ်ကိုပါ ထိခိုက်မှု ရှိစေနိုင်ပါသည်။ ထို့ကြောင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမည့် ကုန်သည်လုပ်ငန်းရှင်များ၊ Exporter များအနေဖြင့် မိမိတို့၏ ကုန်စည်များအား တင်ပို့မည့်နိုင်ငံများ၏ အရည်အသွေးဆိုင်ရာ လိုအပ်ချက်၊ ကန့်သတ်ချက်များအတိုင်း ပြည့်မီအောင်ဆောင်ရွက်ရန် လွန်စွာအရေးကြီးပါသည်။ ထွက်ကုန်များ အရည်အသွေးကောင်းမွန်ရန်မှာ ကုန်သည်လုပ်ငန်းရှင်များ၊ Exporter များ သာမက စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အားလုံးကပါ မိမိတို့ကဏ္ဍအလိုက် အထူးဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်မှာ တောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ၏ ပါဝင်ကြိုးပမ်းမှုများက အရေးကြီးသကဲ့သို့ သက်ဆိုင်ရာအစိုးရဌာနများ၏ သတင်းအချက်အလက်ဆိုင်ရာ ပံ့ပိုးမှုများကလည်း အထူးလိုအပ်ပါသည်။ မြန်မာ့ထွက်ကုန်များ ပြည်ပဈေးကွက်နိုင်ငံများသို့ လွယ်ကူချောမွေ့စွာရောက်ရှိ၍ ဈေးကွက်ခိုင်ခိုင်မာမာရရှိရေးအတွက် Exporter များ၊ ကုန်သည်လုပ်ငန်းရှင်များ သာမက တောင်သူများကပါ မိမိတို့ထွက်ကုန်များအလိုက် ဈေးကွက်နိုင်ငံများ၏ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ၊ သတ်မှတ်ချက်များကို သိရှိလေ့လာထားရန် လိုအပ်ပါသည်။

ဈေးကွက်နိုင်ငံများ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက် များ

          ပြည်ပတင်ပို့မည့်ကုန်စည်များအား ဈေးကွက်နိုင်ငံများ၏ အရည်အသွေးဆိုင်ရာလိုအပ်ချက်၊ သတ်မှတ်ချက်များနှင့်ကိုက်ညီအောင် ပြုလုပ်ဆောင်ရွက်ခြင်းသည် ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်တွင် အဓိကကျသော လုပ်ငန်းစဉ်တစ်ရပ်ပင် ဖြစ်ပါသည်။ ထိုသို့ အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည့်အလျောက် ဈေးကွက်၏ အရည်အသွေးသတ်မှတ်ချက်များကို သိရှိထားရန်နှင့် မိမိတို့ ထွက်ကုန်များကို လိုအပ်သည့် အရည်အသွေးဆိုင်ရာ အချက်အလက်များကိုလည်း စနစ်တကျ စမ်းသပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထွက်ကုန်များအလိုက် နိုင်ငံအချို့၏ လက်ခံသည့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်အချို့အား လေ့လာသိရှိနိုင်စေရန် တင်ပြလိုပါသည်။

တရုတ်နိုင်ငံ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ

တရုတ်နိုင်ငံအနေဖြင့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ အစားအသောက်ဘေးကင်းမှုကို ဦးတည် ဆောင်ရွက်လာခဲ့ပြီး ပြည်တွင်းအစားအသောက်များ၊ ထုတ်ကုန်များနှင့် ပြည်ပမှ တင်သွင်းလာသည့် ထုတ်ကုန်များအပေါ် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များ ချမှတ်၍ တင်းကြပ်ဆောင်ရွက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် အစားအသောက်များ၊ ထုတ်ကုန်များ၏ အစားအသောက် ဘေးကင်းမှုဆိုင်ရာ သတ်မှတ်ချက်ဖြစ်သည့် မှိုဆိပ်ပါဝင်မှု ကန့်သတ်ချက်ကို အထူးအလေးထားလျက်ရှိကြပါသည်။ တရုတ်နိုင်ငံ၏ အစားအသောက်များ၊ ပြည်ပမှ တင်သွင်းလာသည့် ထုတ်ကုန်များအပေါ် မှိုဆိပ်ပါဝင်မှုကန့်သတ်ချက်အနေဖြင့်  Aflatoxin B1 ပါဝင်မှုကန့်သတ်ချက်မှာ ပြောင်းနှင့် ပြောင်းမှုန့်များတွင် ၂၀ µg/kg ၊ ဆန်နှင့်ဆန်မှုန့်တွင် ၁၀ µg/kg ၊ ဂျုံ၊ ဂျုံမှုန့်၊ ဘာလီနှင့် နှံစားတို့တွင် ၅ µg/kg ၊ အချဉ်ဖောက်ပဲချဉ်များတွင် ၅ µg/kg ၊ မြေပဲတွင် ၂၀ µg/kg ၊ အသင့်စား အစေ့အဆန်ခြောက်များတွင် ၅ µg/kg ၊ ချက်စားရသည့် အစေ့အဆန်များတွင် ၅ µg/kg ၊ နှမ်းအနှစ်တွင် ၂၀ µg/kg တို့ဖြစ်ကြောင်း သိရှိရပါသည်။ Aflatoxin M1 ပါဝင်မှုကန့်သတ်ချက်အနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများတွင် ၀.၅ µg/kg၊ ပြုပြင်ထုတ်လုပ်ပြီး ပိုးသတ်ထားသည့်နို့များ၊ အချဉ်ဖောက်ထားသည့်နို့များတွင် ၀.၂ µg/kg တို့ဖြစ်ပါ သည်။ Ochratoxin A ပါဝင်မှုကန့်သတ်ချက်အနေဖြင့် အစေ့အဆန်များ (grain)နှင့် ကြိတ်ခွဲပြီး အစေ့ အဆန်များ(milled grain products)တွင် ၅ µg/kg ၊ ပဲအမျိုးမျိုးတွင် ၅ µg/kg ၊ စပျစ်ဝိုင်တွင် ၂ µg/kg၊ လှော်ပြီးကော်ဖီစေ့များ (roasted coffee beans) တွင် ၅ µg/kg ၊ အသင့်သောက်ကော်ဖီများတွင် ၁၀ µg/kg တို့ဖြစ်ကြောင်း သိရှိရပါသည်။ Fumonisin ပါဝင်မှုကန့်သတ်ချက်အနေဖြင့် ဂျုံ၊ပြောင်းသီးနှံများ တွင် ၄၀၀၀ µg/kg၊ ဂျုံမှုန့်၊ ပြောင်းမှုန့်တို့တွင် ၂၀၀၀ µg/kg ၊ ဂျုံ၊ပြောင်းတို့ပါဝင်သော ထုတ်ကုန်များ တွင် ၁၀၀၀ µg/kg၊ နို့စို့ကလေးနှင့် ကလေးငယ်များအတွက် အစေ့အဆန်ပါဝင်သော ဖြည့်စွက်စာများ တွင် ၂၀၀ µg/kg တို့ ဖြစ်ကြပါသည်။

ကိုးရီးယားနိုင်ငံ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ

ကိုးရီးယားနိုင်ငံ၏ အစားအသောက်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်အစီရင်ခံစာအရ ကိုးရီးယားနိုင်ငံအတွင်းရှိ အစားအသောက်များနှင့် ပြည်ပမှ တင်သွင်းသည့်ထုတ်ကုန်များအပေါ် အစားအသောက်ဘေးကင်းမှုဆိုင်ရာ ကန့်သတ်ချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရှိရပါသည်။ အစားအသောက်နှင့် ထုတ်ကုန်များ၏ မှိုဆိပ်ပါဝင်မှုကန့်သတ်ချက်အနေဖြင့် Aflatoxin (B1+B2+G1+G2) ပါဝင်မှုကန့်သတ်ချက်မှာ ဆန်၊ ဂျုံ၊ ပဲခြမ်းအမျိုးမျိုး၊ မြေပဲ၊ ပြုပြင် ထုတ်လုပ်ထားသော အစေ့အဆန်ထုတ်ကုန်များနှင့် ပဲထုတ်ကုန်များ၊ ပဲအနှစ်များ၊ ငရုတ်ကောင်းမှုန့်၊ မဆလာမှုန့်၊ ဇာတိပ္ဖိုလ်သီး၊ နနွင်း၊ အရောင်တင်ငရုတ်ခြောက်မှုန့်၊ ဂျုံမှုန့်၊ သစ်သီးခြောက် စသည်တို့ တွင် ၁၅ µg/kg ထက်မများရန်ဖြစ်ပြီး Aflatoxin B1 အနေဖြင့် ၁၀ µg/kg ထက်မများရန် ဖြစ်ပါသည်။ Fumonisin ပါဝင်မှုကန့်သတ်ချက်အနေဖြင့် ဂျုံ၊ ပြောင်းတို့တွင် ၄ mg/kg ထက် မများရန်၊ ကြိတ်ခွဲ ပြုပြင်၍ ထုတ်လုပ်ထားသည့် ဂျုံ၊ ပြောင်းပါဝင်သော ထုတ်ကုန်များတွင် ၂ mg/kg ထက် မများရန်၊ ဂျုံ၊ ပြောင်း(၅၀%) ပါဝင်သည့် အစားအစာများနှင့် ပြုပြင်ထုတ်လုပ်ထားသည့် အစေ့အဆန်ထုတ်ကုန်များ တွင် (၁) mg/kg ထက် မများရန် စသည်ဖြင့် ကန့်သတ်ထားရှိပါသည်။ Ochratoxin A ပါဝင်မှု ကန့်သတ်ချက်အနေဖြင့် အစေ့အဆန်များနှင့် အစေ့အဆန်ထုတ်ကုန်များတွင် ၅ µg/kg ထက် မများ ရန်၊ ကော်ဖီစေ့နှင့် ကော်ဖီစေ့လှော်များတွင် ၅ µg/kg ထက် မများရန်၊ အသင့်သောက်ကော်ဖီများတွင် ၁၀ µg/kg ထက် မများရန်၊ အချဉ်ဖောက်ထားသည့် ပဲပုတ် ၊ ငရုတ်ကောင်းမှုန့်တွင် ၇ µg/kg ထက် မများရန်၊ စပျစ်ဖျော်ရည်နှင့် စပျစ်ဝိုင်များတွင် ၂ µg/kg ထက် မများရန်၊ သစ်သီး ခြောက်များတွင် ၁၀ µg/kg ထက် မများရန် စသဖြင့် ကန့်သတ်ချက်များ ချမှတ်ထားသည်ကို တွေ့ရှိရပါသည်။ ကိုးရီးယား နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များအပေါ် Heavy Metal ပါဝင်မှု ကန့်သတ်ချက်များကို အောက်ပါ အတိုင်း တွေ့ရှိရပါသည်-

ထိုင်းနိုင်ငံ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ

ဆက်လက်၍ ထိုင်းနိုင်ငံ၏ Mycotoxin ပါဝင်မှုကန့်သတ်ချက်များကို တင်ပြလိုပါသည်။ Aflatoxin (B1+B2+G1+G2) ပါဝင်မှုကန့်သတ်ချက်အနေဖြင့် အသင့်စား brazil nut တွင် ၁၀ µg/kg၊ မြေပဲတွင် ၂၀ µg/kg ၊ အသင့်စားမက်မွန်သီးတွင် ၁၀ µg/kg ၊ ဟေဇယ်သီးတွင် ၁၀ µg/kg ၊ မြေပဲဆီနှင့် အုန်းဆီတို့တွင် ၂၀ µg/kg စသဖြင့် အများဆုံးပါဝင်မှုကန့်သတ်ချက်များကို သတ်မှတ်ထားပါသည်။ Aflatoxin M1 ပါဝင်မှုကန့်သတ်ချက်အနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများတွင် ၀.၅ µg/kg ဖြစ်သည်ကို တွေ့ရှိရပါသည်။ Fumonisin ပါဝင်မှုကန့်သတ်ချက်အနေဖြင့် ပြောင်းကုန်ကြမ်းတွင် ၄၀၀၀ µg/kg ၊ ပြောင်းမှုန့်နှင့် ပြောင်းပါဝင်သည့်အစားအစာများတွင် ၂၀၀၀ µg/kg သတ်မှတ်ထားပါသည်။ Ochratoxin A ပါဝင်မှုကန့်သတ်ချက်အနေဖြင့် ဘာလီသီးနှံတွင် (၅) µg/kg ၊ ဂျုံတွင် (၅) µg/kg ၊ ငရုတ်သီးခြောက်တွင် ၃၀ µg/kg စသည်ဖြင့် သတ်မှတ်ထားပါသည်။ ထိုင်းနိုင်ငံသည် စိုက်ပျိုးရေး ထုတ်ကုန်များအပေါ် Heavy Metal ပါဝင်မှုကန့်သတ်ချက်များကို သတ်မှတ်ထားရှိရာ Cadmium ပါဝင်မှုအနေဖြင့် အစေ့အဆန်များ (ဂျုံ၊ ဆန်၊ ပန်းဂျုံအပါအဝင်)တွင် ၀.၁ mg/kg ၊ ဆန် (polished)တွင် ၀.၄ mg/kg ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်များတွင် ၀.၀၅ mg/kg ၊ အရွက်များတွင် ၀.၂ mg/kg ၊ ခရမ်းချဉ်၊ ခရမ်းသီး သီးနှံများတွင် ၀.၀၅ mg/kg ၊ ကြက်သွန်အပါအဝင် ကန်စွန်းဉ၊ မုံလာဉများတွင် ၀.၀၅ mg/kg၊ ပဲတောင့်ရှည်အပါအဝင် ပဲသီးများတွင် ၀.၁ mg/kg စသဖြင့် အများဆုံးပါဝင်မှု ကန့်သတ်ချက်များကို သတ်မှတ်ထားပါသည်။ Lead ပါဝင်မှုအနေဖြင့် အစေ့အဆန်များ (ဂျုံ၊ ဆန်၊ ပန်း ဂျုံအပါအဝင်) တွင် ၀.၂ mg/kg ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်များတွင် ၀.၁ mg/kg ၊ ခရမ်းချဉ်၊ ခရမ်းသီး သီးနှံများတွင် ၀.၀၅ mg/kg ၊ အရွက်များတွင် ၀.၃ mg/kg ၊ ကြက်သွန်အပါအဝင် ကန်စွန်းဉ၊ မုံလာဉများ တွင် ၀.၁ mg/kg ၊ ပဲတောင့်ရှည်အပါအဝင် ပဲသီးများတွင် ၀.၁ mg/kg ၊ ဘယ်ရီသီးအပါအဝင် သေးငယ်သော သစ်သီးများ တွင် ၀.၁ mg/kg ၊ စပျစ်သီးခြောက်တွင် ၀.၂ mg/kg ၊ ပဲခြမ်းများတွင် ၀.၂ mg/kg စသဖြင့် အများဆုံး ပါဝင်မှုပမာဏကို သတ်မှတ်ထားပါသည်။ Arsenic ပါဝင်မှုအနေဖြင့် ဆန်(polished)တွင် ၀.၂ mg/kg ၊ ဆန် (hasked) တွင် ၀.၃၅ mg/kg ၊ လက်ဖက်တွင် ၀.၂ mg/kg စသဖြင့် သတ်မှတ်ထားရှိပါသည်။

အိန္ဒိယနိုင်ငံ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ

          အိန္ဒိယနိုင်ငံ၏ ကုန်စည်များအလိုက် Mycotoxin ပါဝင်မှုကန့်သတ်ချက်များမှာ Aflatoxin (B1+B2+G1+G2) ပါဝင်မှုကန့်သတ်ချက်အနေဖြင့် အစေ့အဆန်များနှင့် ဆက်စပ်ကုန်ပစ္စည်းများတွင် ၁၅ µg/kg၊ ကတွတ်သီးခြောက်တွင် ၁၀ µg/kg၊ ကွမ်းသီးတွင် ၁၅ µg/kg၊ ဆီထွက်သီးနှံများတွင် ၁၅ µg/kg ၊ ပဲခြမ်းများတွင် ၁၅ µg/kg ၊ ဟင်းခတ်အမွှေးအကြိုင်များတွင် ၃၀ µg/kg စသည်တို့ဖြစ်ပါသည်။ Aflatoxin B1 ပါဝင်မှု ကန့်သတ်ချက်အနေဖြင့် ကွမ်းသီးတွင် ၁၀ µg/kg ၊ အစေ့အဆန်များနှင့် ဆက်စပ် ကုန်ပစ္စည်းများတွင် ၁၀ µg/kg ၊ အသင့်စားအစေ့များတွင် ၁၀ µg/kg ၊ ဆီထွက်သီးနှံများတွင် ၁၀ µg/kg ၊ ပဲခြမ်းများတွင် ၁၅ µg/kg စသဖြင့် သတ်မှတ်ထားပါသည်။ Aflatoxin M1 ပါဝင်မှုကန့်သတ် ချက်အနေဖြင့် နို့တွင် (၀.၅) µg/kg ၊ မလိုင်ထုတ်ပြီးနို့မှုန့်တွင် ၆ µg/kg နှင့် နို့မှုန့် (whole milk powder) တွင် ၄ µg/kg ဖြစ်သည်ကို တွေ့ရှိရပါသည်။ Ochratoxin A ပါဝင်မှုကန့်သတ်ချက်မှာ ဂျုံ၊ ဂျုံရိုင်းနှင့် ဘာလီတို့တွင် ၂၀ µg/kg ဖြစ်ပါသည်။

          အထက်ပါဖော်ပြချက်များမှာ တရုတ်၊ ကိုးရီးယား၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့၏ ကုန်ပစ္စည်းများ အလိုက် Mycotoxin ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ၊ Heavy Metal ပါဝင်မှုကန့်သတ်ချက်များကို ဗဟုသုတအနေဖြင့်သာ တင်ပြခြင်းဖြစ်ပါသည်။ နိုင်ငံအလိုက် တင်သွင်းလာသည့် ကုန်ပစ္စည်းများ၊ အစားအသောက်များအပေါ် အရည်အသွေးဆိုင်ရာ လက်ခံမှုသတ်မှတ်ချက်များကို အသေးစိတ်လေ့လာလိုပါက agriexchange.apeda.gov.in/IR_Standards/Import_Regulation.aspx တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

ကုန်စည်များအား အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်မှုအခြေအနေ

          မြန်မာနိုင်ငံ၌ လယ်ယာထွက်ကုန်များ၏ ပိုးသတ်ဆေးကြွင်းနှင့် Aflatoxin အပါအဝင် အခြားသော မှိုဆိပ်များ၏ ဓာတ်ခွဲစစ်ဆေးမှုများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနအောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး) (CTQM)တွင် လည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့တွင်လည်းကောင်း စမ်းသပ် စစ်ဆေးနိုင်ပါသည်။ Heavy Metal များအတွက် ဓာတ်ခွဲစစ်ဆေးမှုများကို စိုက်ပျိုးရေးဦးစီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့တွင် စမ်းသပ် စစ်ဆေးနိုင်ကြောင်း သိရှိရပါသည်။ အဓိကအားဖြင့် လယ်ယာထွက်ကုန်သီးနှံများကို CTQM နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ရှိ ဓာတ်ခွဲခန်းများက အဓိကစစ်ဆေးပေးနိုင်ပြီး လယ်ယာထွက်ကုန်များအနက် အစေ့အဆန်များနှင့် စားဖိုချောင်သီးနှံများ၏ ဓာတုဓါတ်ကြွင်းများကို CTQM က လည်းကောင်း၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရေးဦးစီးဌာနက လည်းကောင်း အဓိက စစ်ဆေး ပေးနိုင်ကြောင်း သိရှိရပါသည်။

ဈေးကွက်နိုင်ငံများ၏ သတ်မှတ်အရည်အသွေးများနှင့်ကိုက်ညီသည့်ထုတ်ကုန်များ တင်ပို့ခြင်းမှ ပြည်ပ ဈေးကွက် ခိုင်မာစေရေး

          ပြည်ပတင်ပို့မှု ခိုင်မာအားကောင်းရေးတွင် မိမိတို့ထုတ်ကုန်များ၏ အရည်အသွေးပြည့်မီမှုမှာ လွန်စွာအရေးပါ,ပါသည်။ ဈေးကွက်နိုင်ငံများမှ လက်ခံသော အရည်အသွေးသတ်မှတ်ချက်အတိုင်း တင်ပို့ရောင်းချနိုင်မှသာ ရေရှည်တည်တံ့သော ဈေးကွက်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ စိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် မိမိတို့ ထုတ်လုပ်လိုက်သည့် ကုန်စည်များ၏ အရည်အသွေးကို အထူး အလေးထားရန် လိုအပ်သကဲ့သို့ ကုန်သည်များ၊ exporter များကလည်း ဈေးကွက်သို့ မပို့မီ သိုလှောင်မှု လုပ်ငန်းများ၌ စနစ်တကျဆောင်ရွက်ကြရန်လည်း လိုအပ်ပါသည်။ ထို့ပြင် exporter များအနေဖြင့် မိမိတို့ တင်ပို့မည့် ဈေးကွက်နိုင်ငံများမှ ကုန်ပစ္စည်းအလိုက် လက်ခံသော အရည်အသွေးသတ်မှတ်ချက်များကို လေ့လာ၍ လိုအပ်သောဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ တစ်ဖက်နိုင်ငံမှ importer များနှင့် စနစ် တကျ ချိတ်ဆက်ကာ တင်ပို့မှုလုပ်ငန်းများကို ဂရုပြုဆောင်ရွက်သင့်ပါသည်။ သို့မှသာ မိမိတို့ထုတ်ကုန် များအတွက် ခိုင်မာသောဈေးကွက်ရရှိနိုင်ရုံသာမက မိမိတို့နိုင်ငံမှ ထွက်ကုန်များ၏ပုံရိပ်ကိုပါ မြင့်တက် စေနိုင်မည် ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

ကိုးကားချက်။     

(၁) agriexchange.apeda.gov.in

(၂) China Notifies Standard for Maximum Levels of Mycotoxins in Foods

(၃) Foods and Agricultural Import Regulations and Standards Report

(၄) Food and Agricultural Import Regulations and Standards Country Report – 2020

(၅) Food and Agricultural Import Regulations and Standards Country Report

  အောင်ဆန်းလင်း(DOCA)

လက်ရှိဖြစ်ပေါ်နေသော တရုတ်နိုင်ငံ၏ ပြောင်းစိုက်ပျိုး ထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေ

           တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ယခင်က ပြောင်းစိုက်ဧရိယာ လျော့နည်းခဲ့သဖြင့် ယခုနှစ်တွင် ပြောင်းစိုက်ပျိုးသည့် အဓိကနယ်မြေများ၌ စိုက်ဧရိယာတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

        ပြောင်းစိုက်ပျိုးဧရိယာ တိုးချဲ့စိုက်ပျိုးမှုမှာ တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး ဘက်စုံစီမံကိန်း ၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန၏ ဝန်ကြီးက နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနတွင် ပြောကြားခဲ့ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြောင်းစိုက်ပျိုးမှုအနေဖြင့်  ဟက်တာ (၄၁ .၂၆၄) သန်း ရှိပြီး ပြောင်းထွက်ရှိမှုအခြေအနေမှာ- (၂၆၀.၆၇) သန်း ရှိခဲ့ကြောင်း နိုင်ငံတော်စာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

          တရုတ်အစိုးရသည် ပြောင်းလက်ကျန်များကို လေလံစနစ်ဖြင့် ရောင်းချပြီးနောက်ပိုင်းတွင် ပြောင်းစျေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ ပြောင်း‌စျေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ အမြတ်အစွန်းနည်းပါးလာသော စက်မှုလုပ်ငန်းများ၏ ပြောင်းသုံးစွဲမှုမှာ  ပျမ်းမျှ တန်ချိန် (၈၂) သန်း ခန့်  လျော့ကျလာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ တရုတ်သွင်းကုန်လုပ်ငန်းများသည် ပြည်တွင်း၌ ပြောင်းပြတ်လပ်မှု မရှိစေရေးအတွက် ပြည်ပမှ ပြောင်းများကို တင်သွင်းလျက်ရှိနေပါသည်။

       ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း၌ ပြည်ပမှ ပြောင်းတန်ချိန် (၁၀) သန်းအထိ တင်သွင်းရမည့် အလားအလာရှိပြီး ယခင်ခန့်မှန်းချက်ဖြစ်သည့် တန်ချိန် (၇) သိန်းထက် ပိုမိုများပြားလာနိုင်ကြောင်း၊ လာမည့် (၁၀) နှစ်တာကာလအတွင်း၌ အစိုးရသည် စက်မှုလယ်ယာကဏ္ဍကို နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးမြေနည်းပါးသော တောင်သူများ၏ဝင်ငွေတိုးလာစေရန် တောင်သူများအား အဆင့်မြင့်စိုက်ပျိုးရေး စက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊         တရုတ်နိုင်ငံသည် ပိုမိုကောင်းမွန်သည့် သီးနှံမျိုးစေ့များ အသုံးပြုရေးနှင့် စိုက်ပျိုးနိုင်သော လယ်ယာမြေများ ကာကွယ်ရေးကို အလေးထား ဆောင်ရွက်ကာ ပြည်တွင်းကောက်ပဲသီးနှံများ ဖူလုံမှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန၏ ဝန်ကြီးက ပြောကြားခဲ့ပါသည်။

Source- Reuters

ဘာသာပြန် - ဒေါ်ထူးမြတ်အိ

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးအတွက် အသင်းအဖွဲ့၊ အစုအဖွဲ့များ၏ အခန်းကဏ္ဍ

       ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံတော်၏စီးပွားရေးတွင် များစွာအရေးပါလျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှ ပါဝင်မှုသည် ၉၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦီးစီးဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် တိုင်းဒေသကြီး/ပြည်နယ်များတွင် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် ဇုန်များ တိုးချဲ့ဖွဲ့စည်း တည်ထောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဗဟို အသင်းအဖွဲ့ချုပ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသကဲ့သို့ ဖွဲ့စည်းပြီးသည့် အသင်းအဖွဲ့များ၊ အစု အဖွဲ့များ၊ ဇုန်များ ဆက်လက်ရှင်သန်ခိုင်မာအားကောင်းစေရေးအတွက်လည်း စည်းရုံးအားပေး ဆောင်ရွက်လျှက်ရှိပါသည်။

          ၎င်းအပြင် ဒေသအသီးသီးမှ ထွက်ရှိသော လယ်ယာထွက်ကုန်များ ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးနှုန်းများအတိုင်း ရရှိခံစားနိုင်ရေး၊ ကုန်ပစ္စည်းများကို ရောင်းသူနှင့် ဝယ်သူ တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် မလိုလားအပ်တဲ့ စရိတ်စကများ လျော့နည်းသက်သာမှု ဖြစ်ပေါ်စေရေး၊ ကုန်စည်များရဲ့ စံချိန်စံညွှန်းနှင့် အလေး၊ တင်းတောင်း၊ အချိန်အတွယ် တစ်ပြေးညီဖြစ်ပေါ်စေရေး တို့ကိုရည်ရွယ်ပြီး ကုန်စည်ဒိုင်များတိုးချဲ့ဖွင့်လှစ်ခြင်းနဲ့ ဖွင့်လှစ်ပြီးကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကုန်သည် အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် (၁--၂၀၂၀)ရက်နေ့မှ (၃၁-၁၂-၂၀၂၀) ရက်နေ့အထိ တစ်နှစ်အတွင်း အသင်းအဖွဲ့(၁၇)သင်း၊ အစုအဖွဲ့(၃၅)ဖွဲ့၊ကုန်စည်ဒိုင်(၁)ခု ထပ်မံ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ပါသည်။

          တိုင်းဒေသကြီး/ပြည်နယ်များတွင် အသင်းအဖွဲ့၊ အစုအဖွဲ့၊ သီးနှံဇုန်များ ဖွဲ့စည်းရခြင်းမှာ သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ (လုပ်ကွက်ငယ်များအပါအဝင်) အားပွဲစား၊ ကုန်သည် များ၏ ဈေးနှုန်းထိန်းချုပ်မှုမခံရစေဘဲ ထိုက်သင့်သည့်ဈေးနှုန်းများရရှိရေး၊ စိုက်ပျိုးထုတ်လုပ်ရာ တွင်ဖြစ်ပေါ်လာသည့်အခက်အခဲများ၊ လိုအပ်ချက်များကို သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ ဈေးနှုန်းဈေးကွက်၊ ကုန်သွယ်မှုအတားအဆီး၊ နည်းပညာ၊ ချေးငွေများရရှိရေး ကို ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ရေမြေသဘာဝရာသီဥတု အခြေခံများအရ သီးနှံအမယ်စုံ စိုက်ပျိုးဖြစ် ထွန်းသော နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ၏ ကွဲပြားခြားနားသော ရေမြေသဘာဝအရ သီးနှံတစ်မျိုး ကို ရာသီကာလအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသောကြောင့် စျေးကွက်များ၌ သီးနှံမျိုးစုံကို တစ်နှစ်ပတ်လုံးရောင်းဝယ်ဖောက်ကားမှုများရှိပါသည်။ မိမိစိုက်ပျိုးထုတ်လုပ်သောသီးနှံများသည် စျေးကွက်လိုအပ်ချက်နှင့်အညီကိုက်ညီသော အရည်အသွေးရှိသည့်သီးနှံများ အမျိုးအစားများ ဖြစ်ရန် လိုအပ်သကဲ့သို့ စျေးနှုန်းမှန်မှန်ကန်ကန်ဖြင့် ရောင်းချနိုင်မည့်စျေးကွက်လည်းရှိရန် လိုအပ်ပါသည်။ ကုန်ဝယ်သူများအနေဖြင့် ပစ္စည်းမှန်၊ စျေးမှန်ရရှိရန် လိုအပ်သလို ရောင်းဝယ်ဖောက်ကားသူများသည်လည်း ပြည်တွင်း/ပြည်ပစျေးကွက်နှင့် စျေးကွက်သတင်းအချက်အလက်များ အပေါ်အခြေခံ၍ ရောင်းဝယ်ဖောက်ကားခြင်းဖြင့် စျေးနှုန်းကိစ္စ စိတ်ချရမည်ဖြစ်ပါသည်။ ကုန်စည် စီးဆင်းမှုနှင့်နီးစပ်သော အချက်အခြာကျသည့် ဒေသများ၌ ကုန်စည်ဒိုင်များ ဖွင့်လှစ်ပေး၍  အရောင်းအဝယ်ကိစ္စရပ်များဆောင်ရွက်ကြခြင်းဖြင့် အကျိုးကျေးဇူးပိုမိုဖြစ်ထွန်းလာစေရန် ဖြစ်ပါသည်။

အသင်းအဖွဲ့၊ အစုအဖွဲ့နှင့်ဇုန်များ ဖွဲ့စည်းခြင်း

အသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် ပန်းတိုင်တူ၊ ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ၊ စိတ်ဝင်စားသူ၊ ကျေးရွာအုပ်စုအတွင်း စိုက်ဧကအပေါ် မူတည်၍ အဖွဲ့ခေါင်းဆောင်(၁) ဦး အပါအဝင် အဖွဲ့ဝင်(၅) ဦး မှ (၁၀) ဦးထိ ပါဝင်သည့်သီးနှံအမျိုးအစားအလိုက် စုဖွဲ့ပြီး အစုအဖွဲ့ခေါင်းဆောင်များကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် အဖွဲ့ဝင်များအဖြစ် အဆင့်ဆင့်ရွေးချယ်ပြီး ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ ပါဝင်ဖွဲ့စည်းဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

အစုအဖွဲ့များ ဖွဲ့စည်းရာတွင်လည်း ပန်းတိုင်တူ၊ ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ၊ စိတ်ဝင်စားသူ၊ ကျေးရွာအုပ်စုအတွင်း စိုက်ဧက အပေါ်မူတည်၍ အဖွဲ့ခေါင်းဆောင်(၁)ဦး အပါအဝင် အဖွဲ့ဝင် (၅) ဦးမှ (၁၀) ဦးထိ ပါဝင်သည့် သီးနှံအမျိုးအစားအလိုက် အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

အလားတူ သီးနှံဇုန်များအား ဒေသတွင်း သီးနှံတစ်မျိုးတည်းကို တဆက်တစပ်တည်းရှိပြီး ဧကများစွာ တစ်အုပ်တစ်မ စိုက်ပျိုးထားသည့် သီးနှံအလိုက် သီးနှံဇုန်အဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဇုန်ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီများဖြင့် ဖွဲ့စည်းထားခြင်းပင် ဖြစ်ပါသည်။

ရရှိလာမည့် အကျိုးကျေးဇူးများ

          အသင်းအဖွဲ့၊ အစုအဖွဲ့ ဖွဲ့စည်းခြင်းကြောင့် ကျေးရွာဒေသများရှိ သီးနှံအလိုက် စိုက်ပျိုး၊ ထွက်ရှိမှုအခြေအနေများ၊ ဈေးနှုန်းများကို အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်များနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ပြီး စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်၊ ဈေးနှုန်း၊ သတင်းအချက်အလက်များအား အချိန်တိုအတွင်း ရရှိနိုင်ခြင်း၊ ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများ၊ အခက်အခဲများကို စုပေါင်း ဖြေရှင်းနိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်ခြင်း၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်း၊ သင်တန်းများတက်ရောက်ခြင်း၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းတို့တွင် အချိန်တိုအတွင်း စုစည်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

          သီးနှံအမျိုးအစားအလိုက် ဇုန်များဖွဲ့စည်းခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအနေဖြင့် တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများ အရည်အသွေးနှင့်အရေအတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ဝေစုပိုမိုရရှိရေး၊ အရည်အသွေးချင်းတူလျင် ဈေးနှုန်းယှဉ်ပြိုင်နိုင်ရေးနှင့် နာမည်ကောင်းရပြီး သီးနှံများကို တွင်တွင်ကျယ်ကျယ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ ပြည်တွင်း/ပြည်ပ ရောင်းဝယ်ဖောက်ကားသူများ Supply Chain ၊ Value Chain ပိုမိုမှန်ကန်လာစေရန် ဖြစ်ပါသည်။

အသင်းအဖွဲ့၊ အစုအဖွဲ့၊ သီးနှံဇုန်များ ဖွဲ့စည်းရာတွင် ဂရုပြုရမည့်အချက်များ

          အသင်းအဖွဲ့၊ အစုအဖွဲ့၊ သီးနှံဇုန်များ ဖွဲ့စည်းရာတွင် ချေးငွေမက်လုံးပေးစည်းရုံးခြင်းမျိုး မပြုရန်၊ အာမခံပေးခြင်း၊ ကတိကဝတ်ပြုခြင်းများမပြုရန်နှင့် ယုံကြည်မှုလျော့နည်းစေသည့် အပြုအမူများ မပြုလုပ်မိစေရန်လိုအပ်ပြီး အသင်းသားအချင်းချင်းအငြင်းပွားမှု၊ ပဋိပက္ခများ ဖြစ်ပေါ်လာပါက ဖြစ်စဉ်အပေါ် လေ့လာစုံစမ်း၍ သမာသမတ်ကျစွာ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။  အသင်းတွင် ဖြစ်ပေါ်လာသည့် အခက်အခဲများကိုလည်း အသင်းသားများ ပူးပေါင်းဖြေရှင်းနိုင်မှသာ အောင်မြင်မည်ဖြစ်ပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးမှအစ မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်ဒေသ အာဏာပိုင်အဖွဲ့အစည်းများ၊ လုပ်ငန်းနှင့်ပတ်သက်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံတတ်စေရန်လည်း လိုအပ်ပါသည်။ သို့မှသာ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစုအဖွဲ့၊ အသင်းအဖွဲ့၏ စုပေါင်းအင်အားဖြင့် စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။

          ထို့အပြင် လုပ်ငန်းကဏ္ဍတစ်ခုတွင် ဖြစ်ပေါ်လာသည့်အခက်အခဲပြဿာနာများကို တစ်ဦး တစ်ယောက်ချင်းဖြင့် ဆောင်ရွက်ခြင်းထက် အသင်းအဖွဲ့၏ စုပေါင်းအင်အားဖြင့် ကျော်လွှား ဖြေရှင်းမှသာ ထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါသည်။ အသင်းအဖွဲ့၊ အစုအဖွဲ့များတွင် ပါဝင်သူတိုင်းကလည်း မိမိတို့ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကို ရှေ့ရှု၍ စည်းလုံးညီညွတ်စွာ တိုင်ပင်ဆွေးနွေးခြင်းဖြင့် အချိန်တိုတွင်းအောင်မြင်မှုအရွေ့များ ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ မိမိတို့၏ လုပ်ငန်းကဏ္ဍနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများကိုလည်း စနစ်တကျစီမံဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက်လိုသည့် စိတ်ဆန္ဒဖြင့် စဉ်ဆက်မပြတ် တိုးတက်ရေးဟူသော ရည်မှန်းချက်ကို အားလုံးတူညီစွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊ ဇုန်များ၊ ကုန်စည်ဒိုင်များ ရှင်သန်ခိုင်မာအားကောင်းစေရေးနှင့် တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဗဟိုအသင်းအဖွဲ့ချုပ်များနှင့် ပူးပေါင်းချိတ် ဆက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

တင်မိုးအောင်

မြစ်ကြီးနားမြို့နယ်ရှိ နောင်နန်းကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း

       ၁၂-၁-၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြစ်ကြီးနားမြို့နယ် ၊ နောင်နန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ လက်လီ/လက်ကား‌ရောင်းချနေသော ကုန်စုံဆိုင်လုပ်ငန်းပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များရှင်းလင်းဆွေးနွေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော  Covid-19  လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များဖြစ်သော စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်များတွင်မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များ ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၂၃)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖျောက်ဖျက်ကျူးလွန်ပါက အခန်း(၂၆)ပါ  ပြစ်မှုပြစ်ဒဏ်များချမှတ်အရေးယူခံမည့်အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ပါသည်။ ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ COVID-19ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာကျန်းမာရေးအထောက်အကူပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများ ကို အရေးကြီးကုန်စည်(၃)မျိုးအဖြစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀အရ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းနှင့် ဈေးကစားရန်သိုလှောင်ခြင်းတို့ကို ပြုလုပ်ပါက အရေးကြီးကုန်စည်ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော doca.gov.mm သို့ ဝင်ရောက်ကြည့်ရှု၍ တိုင်ကြားမှုများ ပြုလုပ်နိုင်ကြောင်းနှင့် မိမိတို့ဌာနအနေဖြင့် စားသုံးသူပြည်သူများ၏ နစ်နာဆုံးရှုံးမှုများအား ဖြေရှင်းဆောင်ရွက်လျက်ပေးခဲ့သော တိုင်ကြားမှုများ၏ အခြေအနေများကိုလည်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်အတွင်း စားသုံးသူရေးရာအသိပညာပေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊မိုးညှင်းခရိုင် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၆-၁၀၂၀၂၁ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်ဆော်လော်ကျေးရွာအုပ်စုတွင်လည်းကောင်း၊ ၇.၁.၂၀၂၁ ရက်နေ့တွင် နန်းမားမြို့နယ်၊ ကျွန်းပင်သာကျေးရွာတွင်လည်းကောင်း  စားသုံးသူရေးရာနှင့်ပတ်သက်သည့် ဆွေးနွေးဟောပြောမှုများ ဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေး ပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏သမိုင်း ၊ စားသုံးသူရေးကာကွယ်ရေးဥပဒေ(၂၀၁၉)ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှုတို့ကို ဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်တို့ကို အသေးစိပ်ဆွေးနွေးခဲ့ပြီး စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက နစ်နာဆုံးရှုံးမှု များကို လူကိုယ်ဖြစ်စေ Phone၊ Mail၊ Fax၊ Website နှင့် mobile application တို့မှဖြစ်စေ တိုင်ကြားနိုင်သည့်အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်ကြသူများက မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်နယ်(DOCA)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ