သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကချင်ပြည်နယ်တွင် စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်း

       ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်ဟူသော  မျှော်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စစ်ဆေးရေးမှူးများသည် တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးရန်၊ ဈေးကွက် စောင့်ကြည့်စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်နှင့် စစ်ဆေးရေးမှူးလုပ်ငန်း တာဝန်များကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းကို ပြည်နယ်ဦးစီးမှူးရုံး၌ ၂၀-၈-၂၀၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

           အဆိုပါသင်တန်း၌ ပြည်နယ်ဦးစီးမှူး ဦးကိုကိုဦး က အဖွင့်အမှာစကား ပြောကြားပြီး စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းတာဝန်များအကြောင်း၊ ကွင်းဆင်းဆောင်ရွက်ရာတွင် သတိရပြုရမည့်အချက်များအကြောင်း၊ လိုက်နာဆောင်ရွက်ရန်အချက်တို့ကို ရှင်းလင်းဆွေးနွေးပို့ချခဲ့ပါသည်။ ဆက်လက်၍ ဒုတိယပြည်နယ်ဦးစီးမှူးက စစ်ဆေးရေးမှူးများသည် ကွင်းဆင်းဆောင်ရွက်သည့်အခါ စားသုံးသူကာကွယ်ရေးဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရမည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆောင်ရွက်ခြင်းများ၊ သိသင့်သိထိုက်သည့် ပြင်ပဗဟုသုတအကြောင်းတို့ကို ရှင်းလင်းပို့ချပြီး စစ်ဆေးရေးမှူးများနှင့် လက်တွေ့ကွင်းဆင်းဆောင်ရွက်ရသည့်အခါ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများ ၊ အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးကြပါသည်။

       စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းကို ၂၀-၈-၂၀၂၀ ရက် နေ့မှ ၂၁-၈-၂၀၂၀ ရက်နေ့ထိ သင်ခန်းစာခေါင်းစဉ်အလိုက် ဆွေးနွေးပို့ချခဲ့ပြီး အဆိုပါသင်တန်းကို မြစ်ကြီးနားခရိုင် ၊ ဗန်းမော်ခရိုင်နှင့် မိုးညှင်းခရိုင်တို့မှ စစ်ဆေးရေးမှူး စုစုပေါင်း(၁၀) ဦး တက်ရောက်ခဲ့ကြပါသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စားသုံးဆီများတွင် စားသုံးကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း

       ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီ၏အတည်ပြုချက်အရ တစ်နှစ်တာကာလအတွင်း ဦးစားပေးဆောင်ရွက်သွားမည့်ကုန်စည်အမျိုးအစား(၁၀)မျိုးအနက်မှ ပထမဦးစားပေး ကုန်စည်အနေဖြင့် စားသုံးဆီများအားစစ်ဆေးရန် ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ  တာဝန်ရှိသူများသည် ၄.၈.၂၀၂၀ ရက်နေ့မှ ၁၁.၈.၂၀၂၀ ရက်နေ့ထိ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ မိုးညှင်းမြို့နှင့် ဝိုင်းမော်မြို့ရှိ စားသုံးဆီလက်လီ/လက္ကားအရောင်းဆိုင်များ၌ စားသုံးသူကာကွယ်ရေးဉပဒေအရ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဉပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ASEAN Regional Integration Support-Myanmar Trade Related Technical Assistance (ARISE Plus Myanmar) စီမံကိန်းအရ အစားအစာ ထုတ်လုပ်သည့်ကဏ္ဍတွင် Covid-19 ရောဂါကာကွယ်တားဆီးနိုင်ရန် Covid-19 ကာလအတွင်း အစားအစာ ထုတ်လုပ် သည့်လုပ်ငန်းများ ဆောင်ရန်/ရှောင်ရန်များ

မြိတ်မြို့၊ သီဟဇေယျာစျေးကြီးရှိ စားသောက်ကုန်၊ အလှကုန်နှင့် ဆေးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

       တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဇူလိုင်လ ၂၂ ရက်နေ့တွင် မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြိတ်မြို့၊ သီဟဇေယျာ(မြို့သစ်)စျေးကြီးရှိ စားသောက်ကုန်ဆိုင်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူပြည်သူများအတွက် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ ရောင်းချသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ကုန်ပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

သီးနှံသိုလှောင်မှုလုပ်ငန်းဆိုင်ရာ နည်းပညာစာတမ်း

      စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) သည် ယခင်က ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန ဖြစ်သည့်အတွက် သီးနှံသိုလှောင်လုပ်ငန်းများနှင့်ပတ်သက်၍ သုတေသနစာတမ်းများနှင့် ဆောင်းပါးများရေးသားခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ယခုအခါ သိုလှောင်မှုနည်းပညာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ သုတေသနစာတမ်းများကို ကိုးကား၍ သီးနှံသိုလှောင်မှုလုပ်ငန်းဆိုင်ရာနည်းပညာစာတမ်းအား ပြုစုရေးသားခဲ့ရာ သီးနှံသိုလှောင်မှုဆိုင်ရာနည်းပညာများအား လိုအပ်သလိုအသုံးချနိုင်ရေးအတွက် အောက်ဖော်ပြပါ (pdf file) တွင် လေ့လာကြည့်ရှုနိုင်ပါသည်။

ITQM

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာမဟာဗျူဟာ ရေးဆွဲရေးအစည်းအဝေး ကျင်းပပြုလုပ်

         မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (MTIP) အား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ် ပြည်နယ်ဦးစီးမှူးရုံး၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာမဟာဗျူဟာရေးဆွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဌ မွန်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်၊ လုပ်ငန်းအဖွဲ့ဝင်များဖြစ်ကြသော သက်ဆိုင်ရာအစိုးရဌာနများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်နှင့် ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာမဟာဗျူဟာလုပ်ငန်းစီမံချက် ၂၀၂၀-၂၀၂၅ ပါ ကိစ္စရပ်များ၊ လက်ရှိ ဖြစ်ပေါ်လျက်ရှိသည့် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကြောင့် လုပ်ငန်းစီမံချက်ပါအချက်အလက်များအား ပြန်လည်ဆန်းစစ်ခြင်းဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦး

ရွှေဘိုပေါ်ဆန်း GI ရရှိရေး ဆောင်ရွက်နေမှု အခြေအနေများအား National Project Coordinator ဦးခင်မောင်ထွန်းနှင့် တွေ့ဆုံဆွေးနွေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း GI ရရှိရေးကိစ္စများ ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ငွေမှ GI ရရှိရေး Project နှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများအား National Project Coordinator ဦးခင်မောင်ထွန်းနှင့် ရွှေဘိုခရိုင် ဦးစီးမှူးရုံး၌ ၉.၇.၂၀၂၀ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     အဆိုပါတွေ့ဆုံပွဲတွင် National Project Coordinator ဦးခင်မောင်ထွန်းမှ ရွှေဘိုပေါ်ဆန်း GI ရရှိရေး Project အတွက် အခြေခံသည့် ဆန်စက်ပိုင်/ဆန်ကုန်သည်စာရင်းနှင့် ဆက်စပ်လုပ်ငန်းများကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး၊ နယ်နိမိတ်ဧရိယာ လတ္တီကျူ့၊ လောင်ဂျီကျူ့ သတ်မှတ်နိုင်ရေးကိစ္စများကို ယခင်ပြီးခဲ့သော work shop ၌ ဆွေးနွေးခဲ့ကြောင်း၊ ရွှေဘိုမြို့သည် (Square) မဟုတ်သည့် အတွက် မြေပြင်၌ ဆည်ရေသောက်ဧရိယာရှိသော်လည်း စိုက်ပျိုးသူတောင်သူများက ရွှေဘိုပေါ်ဆန်းတစ်မျိုးတည်းမစိုက်ဘဲ အခြားစပါးများလည်း စိုက်ပျိုးသည့်အတွက် ရွှေဘိုခရိုင်အတွင်းရှိ (၆)မြို့နယ်မှ ဆည်ရေသောက်ဧရိယာကိုသာ ဖြတ်ဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ National Project Coordinator ဦးခင်မောင်ထွန်းက ရွှေဘိုပေါ်ဆန်း GI ရရှိရေးနှင့်ပတ်သက်၍ သြဂုတ်လကုန်ပိုင်းတွင် work shop တစ်ခု ဆောင်ရွက်ရန်ရှိကြောင်း ၊ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး အပါအဝင် နေပြည်တော်ရှိ တီထွင်ဆန်းသစ်မှုနှင့်သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မျိုးစေ့တာဝန်ခံ ၊ JICA ဝန်ထမ်းများ၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ရွှေဘိုပေါ်ဆန်း စပါးစိုက်တောင်သူများ၊ မျိုးစေ့ထုတ်တောင်သူများ ၊ ဆန်စက်ပိုင်များအား ဆွေးနွေးရန် ဖိတ်ကြားမည်ဟု သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တတိယ ၃ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

       စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တတိယ ၃ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ရုံးအမှတ် ၅၂ ၊ စားသုံးသူရေးရာဦးစီးဌာန၌ Zoom Application အား အသုံးပြု၍ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ အစည်းအဝေးကို တက်ရောက်ခဲ့ကြပါသည်။

       အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၂၃)  နှင့်အညီ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှု လွယ်ကူစေရေး၊ ဈေးကွက်အတွင်း မျှတသော ယှဉ်ပြိုင်မှု ဖြစ်ပေါ်စေရေး၊ စားသုံးသူအကာကွယ်ပေးရေး၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး၊ မူပိုင်ခွင့် ကာကွယ်မှုမြှင့်တင်ရေးတို့အား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်မည့် အထူးစီးပွားရေးဇုန်များနှင့် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကိုလည်း မဟာဗျူဟာကျသော နေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ စတုတ္ထတစ်နှစ်တာ ကာလအတွင်း ကုန်သွယ်မှုလိုငွေ သိသာစွာကျဆင်းခဲ့ကြောင်း၊ COVID 19 ကာလနှင့် COVID 19 အလွန်ကာလများတွင်လည်း ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက်စေရေးအတွက် electronic ကူးသန်းရောင်းဝယ်မှုမြင့်တင်ရေးတို့အား  ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ အဓိကလုပ်ငန်းမှာ  စားသုံးသူအကာအကွယ်ပေးရေးဖြစ်ကြောင်း၊ ထုတ်လုပ်သူများ၊ ရောင်းဝယ်သူများနှင့် စားသုံးသူများအကြား ဘေးကင်းလုံခြုံမှုရှိသော ထုတ်ကုန်များကို သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းဝယ်နိုင်ကြစေရန် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ COVID 19 အလွန်ကာလများတွင် ရိက္ခာထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်စေရေးအတွက် စီစဉ်ဆောင်ရွက်ထားသဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ စည်းမျည်းစည်းကမ်းများ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပါသည်။

     ထို့နောက် ရုံးချုပ် ဌာနခွဲများမှ ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှူးများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တတိယ ၃လပတ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုတို့က ပြန်လည်ရှင်းလင်းဆွေးနွေး၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လမ်းညွှန်မှုများပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ITQM

စစ်ကိုင်းမြို့နယ်ရှိ ရေသန့်လုပ်ငန်းရှင်များအား အဖွဲ့စုံ ( စုံစမ်းစစ်ဆေးရေးအဖွဲ့ ) ဖြင့် ကွင်းဆင်းစစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် (လ/ထညွှန်ကြားရေးမှူး ) ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ စစ်ကိုင်းမြို့နယ်ရှိ ရေသန့်လုပ်ငန်းရှင်များအား အဖွဲ့စုံ(စုံစမ်းစစ်ဆေးရေးအဖွဲ့) ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

      အဆိုပါ ရေသန့်လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စီးပွားရေး လုပ်ငန်းများအနေဖြင့် စီးပွားရေးလုပ်ငန်းကို စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်ဝ မှန်ကန်ရမည်ဖြစ်ကြောင်း၊ ရေဘူးများကို စင်ပေါ်တွင် စနစ်တကျတင်ထားရန်နှင့် ရေဘူးများကို သေချာသန့်စင် စစ်ဆေးဆေးကြောပြီးမှ ရေများကို ထည့်သွင်းရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန တွင် ဖွင့်လှစ်ထားရှိသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ ( CICC ) အား တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားမှုများကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးနေကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ လုပ်ငန်း လိုင်စင်များရယူထားခြင်း ရှိ/မရှိ၊ COVID – ၁၉  ကာလအတွင်း ရေသန့်စက်ရုံများ လိုက်နာ ဆောင်ရွက်ရန်ချမှတ်ထားသော ညွှန်ကြားချက်များ၊စည်းကမ်းချက်များကို စနစ်တကျ လိုက်နာ ဆောင်ရွက် ခြင်းရှိ/မရှိ၊  စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေခြင်း ရှိ၊မရှိ  ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ မြောင်မြို့နယ်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

      စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် (လ/ထ ညွှန်ကြားရေးမှူး)၊ စစ်ဆေးအရာရှိတာဝန်ခံ၊ ဌာနခွဲတာဝန်ခံ၊ မြင်းမူ၊ မြောင်မြို့နယ် တာဝန် ခံများနှင့် မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍  မြင်းမူ၊ မြောင် စည်ပင်သာယာဈေးများသို့ COVID – 19  ကာကွယ်ရေးဆိုင်ရာကျန်းမာရေး အထောက်အကူပြုပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးသူ/သားများအား စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းခြင်း ရှိ/မရှိ၊ မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးကုန်များ ပြည့်စုံစွာ ပါရှိသည့် ကုန်စည်များကို ရွေးချယ်ရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။   

        ဆက်လက်၍ ရောင်းချနေသော စားသုံးကုန်စည်မှ သက်တမ်းလွန်၊ FDA တားမြစ် စားသောက်ကုန်များ  တားမြစ်ခြင်းလည်း ဆောင်ရွက်ခဲ့ပြီး ဈေးပိုင်ရှင် များအား လက်ကမ်း စာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ