သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးရှိလက်လီ/လက်ကား ရောင်းချနေသောမြပုလဲဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၁;၃၀) အချိန်တွင် မြောင်းမြမြို့နယ် ညောင်ကြီးဈေးရှိ လက်လီ/လက်ကားရောင်းချနေသောမြပုလဲဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်ညောင်ပင်ကြီးဈေးရှိ လက်လီ/လက်ကား ရောင်းချနေသော မြပုလဲဆန်ဆိုင်တွင် MRF မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံရုံးတွင်အလှကုန်နှင့်လူသုံးကုန်ပစ္စည်းရောင်းချသူလုပ်ငန်းရှင်များအား  online Saleနှင့် ပတ်သက် သည့် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည်(၁၉.၈.၂၀၂၅)ရက်နေ့၊နံနက်(၁၁;၃၀)အချိန်တွင် လပွတ္တာမြို့နယ်တာဝန်ခံရုံးတွင် အလှကုန်နှင့် လူသုံးကုန်ပစ္စည်း ရောင်းချသူလုပ်ငန်းရှင်များအား online Saleနှင့် ပတ်သက်သည့်စားသုံးသူအသိပညာပေးဟောပြောခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော အလှကုန်နှင့်လူသုံးကုန် ပစ္စည်းရောင်းချသူလုပ်ငန်းရှင်များ အား မိတ်ဆက်စကားပြောကြားပြီး   online Shopping မှတ်ပုံတင် လျှောက်ထား ရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင် လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်းရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်း လိပ်စာမှန်ကန်ကြောင်း၊ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်)Mobile phone Number ဖြင့်Sing Up(Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg. gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည် ဖြစ်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့အဝတ်အထည်လုပ်ငန်းရှင်များနှင့် ကုန်မျိုးစုံလုပ်ငန်းရှင် (၂၀)ဦး တက်ရောက် ခဲ့ပါသည်။

DOCA (ဧရာဝတီ)

ဓနုဖြူမြို့နယ် အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များတွင် စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိမရှိ အား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် စားသုံးဆီများရောင်းချလျက်ရှိသော စျေးဆိုင်များအား သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၁၈-၈-၂၀၂၅ နံနက် (၁၁) နာရီက ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ စားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

    အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက် များနှင့် စျေးများရှိ စားသုံးဆီအရောင်းဆိုင်များတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့်ရောင်းချရန်၊ အခြားစားသောက်ကုန်ပစ္စည်းများဖြင့် တွဲဖက်၍ ရောင်းချခြင်းမပြုရန်၊ အမှတ်တံဆိပ်ပါ ရောင်းချသည့် မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့် ကုန်ပစ္စည်းများ၊ စားသံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားများ ပါဝင်သော ကုန်စည်ကို ရောင်းချရန်​စသည့် လုပ်ငန်းများကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။

 

    ဓနုဖြူမြို့နယ်တွင်ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ စားသုံးဆီများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်အသင်းက မြို့ပေါ်ရပ်ကွက်၊ စျေးများရှိ စားသုံးဆီ အရောင်း ဆိုင် (၂၄) ဆိုင်တွင် စားအုန်းဆီများကို ပြည်သူများအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့် လက်လီလက်ကားအရောင်းဆိုင်များသို့ (၁၈-၈-၂၀၂၅) နေ့နံနက်ပိုင်းက ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ စစ်ဆေးမှုတွင် ဦးအောင်ဇော်ဦး ဦးစီးအရာရှိက မအူပင်၊ မင်္လာဈေး၊ မြို့မဈေး၊ ၃လမ်းဈေးနှင့် ၉ရပ်ကွက်ဈေးများမှ စားအုန်းဆီရောင်းချသည့် လက်လီဆိုင်များမှ စားအုန်းဆီကိုယ်စားလှယ်ထံမှ လက်ကားဈေး ဖြင့်ဝယ်ယူကာ ၂ ရာခိုင်နူန်းအမြတ်ဖြင့် မိမိတို့တာဝန်ယူရောင်းချပေးရမည့် ရပ်ကွက်/ကျေးရွာများသို့ အိမ်ထောင်စု စာအုပ်ဖြင့်  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ဈေးအတွင်း ရပ်ကွက်နေပြည်သူများ အတွက်လည်း နေ့စဉ် ဈေးနှုန်းဖော်ပြ၍ ရောင်းချပိဿာနှင့်အတူ မြင်သာသောနေရာတွင် ရောင်းချနေကြောင်း တွေ့ရှိရသည်။  ဆိုင်ရှင်များကို ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းမပြုရန် စားအုန်းဆီလက်လီ လက်ကား အရောင်းဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအား ဆွေးနွေးခဲ့ပြီး  ကျေးရွာနေပြည်သူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူ‌‌ရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် ဒေသတွင်း စက်မှုလုပ်ငန်းသုံး လုပ်ငန်းရှင်များတွင် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ၁၈-၈-၂၀၂၅ ရက်၊ နေ့ နံနက် ၁၀:၃၀ အချိန်တွင် မအူပင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဈေးခန်းမတွင် ဒေသတွင်း တစ်ပိုင်တစ်နိုင် ထုတ်လုပ်သော စားသောက်ကုန်နှင့် လူသုံးကုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟော ပြောခဲ့ ကြောင်း သိရှိရသည်။

       ဟောပြောဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အကြောင်းကို ရှင်းလင်းခြင်း၊ စီးပွားရေးလုပ်ငန်းရှင် အကြောင်းကိုရှင်းလင်းခြင်း၊ ဥပဒေ အခန်း(၁၁)မှ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်းများ၊ အခန်း(၁၅)မှ ကုန်စည်နှင့် ဝန်ဆောင်မှု လုံခြုံစိတ်ချရမှု စပ်လျဉ်း၍ ဆောင်ရွက်ရမည့် အချက်များကိုရှင်းလင်းခြင်း၊ ကုန်စည် နှင့် ဝန်ဆောင်မှုအပေါ် စီးပွားရေးလုပ်ငန်းရှင် တာဝန်ရှိမှုဖြစ်သော စားသုံးဝယ်ယူအသုံးပြုမှုကြောင့် ဆုံးရှုံနစ်နာမှု ရှိလာပါက တာဝန်ရှိသူအကြောင်း ကိုလည်းကောင်း ရှင်းလင်းခြင်း၊ ဒေသတွင်း ကုန်စည်များထုတ်သူအနေဖြင့် အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့် အညီသိသာထင်ရှားစွဦ ဖော်ပြရမည့် အချက်များအကြောင်းကို ရှင်းလင်းခြင်း၊ မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သိပ္ပံနည်းကျ် သုတေသနပြုဆောင်ရွက်ချက်နှင့် ကျန်းမာရေးဆိုင်ရာ အာမခံချက်များ ဖော်ပြရမည်ဖြစ်ကြောင်း၊ မိမိကုန်စည်ကြောင့် ထိခိုက်နစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အတွက် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဦးစားပေးထုတ်လုပ်ကြရန်၊ သက်ဆိုင်ရာဌာနတို့၏ ညွန်ကြားများအတိုင်း လိုက်နာ ဆောင် ရွက်ပြီး ထုတ်လုပ်နိုင်ရန်ကို အသိပညာပေးရှင်းလင်းခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းသော လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး လုပ်ငန်းရှင် ၂၅ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ချောင်းကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ၁၇-၈-၂၀၂၅ ရက်၊ နေ့ နံနက် ၁၀:၀၀ ချောင်းကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟော ပြောခဲ့ ကြောင်း သိရှိရသည်။

      အဆိုပါဟောပြောပွဲတွင်  ဦးအောင်လွင် ဦးစီးအရာရှိကဟောပြောခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်။ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်းကို လည်းကောင်း၊  စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ် နှင့် ဆက်စပ်သော စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်၊ ဝန်ဆောင်မှုများ အကြောင်းကို လည်းကောင်း၊ ကုန်စည်များနှင့် စပ်လျဉ်း၍ ဒေသတွင်း ထုတ်လုပ်ရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိသော ကုန်စည်များကို စနစ်တကျထုတ်လုပ် သောကုန်စည်များကို ရွေးချယ်ဝယ်ယူ သုံးစွဲတတ် စေရန် ကုန်အညွှန်းအမှတ်အသား ကြည်ရှု့ခြင်းနှင့် စပ်လျဉ်း၍ သိရှိနိုင်ရန်အချက်များကို ရှင်းလင်း ဟောပြောပြီး ဟောပြောပွဲတွင် မြန်မာနိုင်ငံအရန်မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်ဟောပြောခဲ့ကြပြီး ဟောပြောပွဲတက်ရောက်သူ ဆရာ၊ ဆရာမ ကျောင်းသား၊ ကျောင်းသူများ (၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခြင်း

      ၁၈-၈-၂၀၂၅ရက်နေ့ နံနက် (၉)နာရီအချိန်တွင် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဌာနဆိုင်ရာများ စုပေါင်း၍ ဆိုက‌ရေးတီးပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိင်ရေး လုပ်ငန်းညှိနိူင်း အစည်းအဝေးသို့ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

    အခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်မှူးက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များအား ရှင်းလင်းတင်ပြ၍ မအူပင်ခရိုင်အဆင့်ပြိုင်ပွဲ ယခင်နှစ် ဆောင်ရွက်မှုအခြေအနေနှင့် ယခုနှစ်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

    ဆက်လက်၍ ဂီတပညာရှင်များက က ဆို၊ က၊ ရေး၊ တီး ပညာရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက မြို့နယ်အလိုက် ပြိုင်ပွဲဝင်များ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

    ဆက်လက်၍ မအူပင်ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေးဆပ် ကော်မတီများ၊ ဒိုင်အဖွဲ့နှင့် သဘင်ပညာရှင် အဖွဲ့များက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးကြရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဖြည့်စွက်အကြံပြုပြောကြားပြီး (၂၆) ကြိမ်မြောက်  ဆို၊ က၊ ရေး၊ တီး မအူပင် ခရိုင်အဆင့်ပြိုင်ပွဲအောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အောင်မြင်စွာကျင်းပခဲ့သည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ အခြေခံပညာအလယ်တန်းကျောင်း ဝမ်နားခမ်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည် တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ပါသည်။

DOCA(ရှမ်း)

 

         

“ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်” အမည်ဖြင့် ညမီးကြီးမီးပုံးပျံဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

       ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့မှ ၄ ရက်နေ့အထိကျင်းပပြုလုပ်မည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု “ဖွံ့ဖြိုးကုန်သွယ် နိုင်ငံကြွယ်" အမည်ဖြင့် ညမီးကြီး ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့၊ ညနေ(၃)နာရီအချိန်တွင် ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ(၃)၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်၌ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တောင်ကြီးမြို့မှ မီးပုံးပျံပညာရှင် ဦးတိုး၊ ဓာတ်ပုံနှင့် ဒီဇိုင်းပညာရှင် ဦးဆန်းဝင်းတို့မှ Virtual ဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လွှတ်တင်မည့် မီးပုံးပျံအနေဖြင့် အဆင့်အတန်းမြင့်မြင့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်ပေးအပ်မည့် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ မီးပုံးပျံပြိုင်ပွဲဝင်ရောက်နိုင်ရန် အတွက် မီးပုံးပျံပြုလုပ်ခြင်း၊ Performance များဖြင့် ယှဉ်ပြိုင်နိုင်ရေးအတွက် စနစ်တကျပြင်ဆင်ကြ ရန်နှင့် ကော်မတီ၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကော်မတီ/လုပ်ငန်းအဖွဲ့ အလိုက် သုံးစွဲရမည့် အသုံးစရိတ်များအား စနစ်တကျသုံးစွဲကြရန်နှင့် သုံးစွဲကုန်ကျမည့် အသုံးစရိတ် စာရင်းများအား ကြိုတင်တင်ပြကြရန်လိုကြောင်း၊ မီးပုံးပျံလွှတ်တင်မှုအနေဖြင့် ယခင်နှစ်အင်အားနှင့် ယခင်နှစ်ပုံစံအတိုင်း ဦးတည်ဆောင်ရွက်ကြရန်လိုကြောင်း၊ အဓိကအရေးကြီးဆုံးမှာ မိမိတို့ ဝန်ကြီးဌာန မှ လွှတ်တင်မည့် မီးပုံးပျံအနေဖြင့် မီးလောင်မှုမရှိဘဲ ကောင်းကင်သို့ အောင်မြင်ချောမောစွာ လွှတ်တင်နိုင်ရေး သက်ဆိုင်ရာပညာရှင်များဘက်မှ ဂရုပြုဆောင်ရွက်ပေးရန်လိုကြောင်း၊ မီးပုံးပျံ လွှတ်တင်ရေးလုပ်ငန်းကော်မတီအား ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်တာဝန်ယူရန်နှင့် Performance များနှင့်ပတ်သက်၍ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်မှ ကြီးကြပ်ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ Performance များဆောင်ရွက်ရာတွင် မူပိုင်ခွင့်ဦးစီးဌာနမှ အကတာဝန်ယူရန်နှင့် အိုးစည်ဒိုးပတ်တီးခတ်ခြင်းနှင့် ပတ်သက်၍ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် ရန်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ညမီးကြီးတစ်မျိုးသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ လိုအပ်သောယမ်းများနှင့် ရှမ်းစက္ကူများ အချိန်မီရရှိပြင်ဆင်နိုင်ရေး အတွက် ရှမ်းပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် မီးပုံးပျံပညာရှင်များပေါင်းစပ် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပမည့်ရက်မှာ ၂-၁၁-၂၀၂၅ ရက်နေ့မှ ၄-၁၁-၂၀၂၅ ရက်နေ့အထိ ဖြစ်သဖြင့် ပြင်ဆင်ချိန် (၂)လခွဲခန့် ရရှိမည်ဖြစ်ရာ အဆင့်အတန်းရှိရှိ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး အစည်းအဝေးတက်ရောက်လာ သူများမှ ဌာနအလိုက် ဆောင်ရွက်မည့်အစီအစဉ်များနှင့် လိုအပ်ချက်များအားတင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်မှ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ညနေ(၁၆း၄၅)နာရီအချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ရှမ်း)

 

လတံဆိပ်ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းကာ    တာချီလိတ်မြို့၊  ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ပြင်ရှိ လတံဆိပ်ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လတံဆိပ်ဂျုံခေါက်ဆွဲသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊ သက်ဆိုင်ရာ ဌာနများ၏လုပ်ငန်းလိုင်စင်များပြုလုပ်ရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ