သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လေးမျက်နှာမြို့နယ် မုန့်မျိုးစုံလုပ်ငန်းရှင်များအားထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေး ဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၆.၅.၂၀၂၅)ရက်နေ့ နေ့လယ်  (၁၂:၀၀)အချိန်တွင် လေးမျက်နှာမြို့၊ခမောက်စုကျေးရွာ၊ဈေးဟောင်းပိုင်းရပ်ကွက်ရှိ လင်းလက် မုန့်ဖတ် လုပ်ငန်း၌ ဒေသတွင်းမုန့်မျိုးစုံထုတ်လုပ်လျက်ရှိသော လုပ်ငန်းရှင်များအား ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး  အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင် စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိတို့ ထုတ်လုပ်လျက်ရှိသောလုပ်ငန်းတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များသိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက် ခံချက် ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်းလိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကြံခင်းမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့် ပြည်သူများအားစားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

    ၂၀၂၅ ခုနှစ်၊ မေလ (၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်း မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း ၍ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ မြို့နယ်ထွေအုပ်ရုံး၊ ဧရာဦးခန်းမ၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူ(၆၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟော ပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံး သူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များ အကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ကျေးရွာအတွင်း ကုန်စုံဆိုင်များမှတစ်ဆင့် ပြည်သူများထံ စားသုံးဆီဖြန့်ဖြူးရောင်းချနေမှု့အပေါ် မသမာသောနည်းလမ်းဖြင့် ပါဝင်ပတ်သတ် ရောင်းချခြင်းမပြုရန်၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေးရှင်းလင်း ဆွေးနွေးခြင်း၊ စားသုံးသူများသည်ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသား နှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊စီးပွားရေး လုပ်ငန်း ရှင်များအနေဖြင့် မိမိတို့ရောင်းချနေသော ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် အာမခံချက်ပေးနိုင်ခြင်း များအကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို လည်းကောင်း စသည်တို့ကိုအသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များ ကို မေးမြန်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

နတ်တလင်းခရိုင်အတွင်းရှိ ပဲပွဲရုံများ၊ ပဲကုန်သည်များနှင့်တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံရုံး၌ (၃.၄.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ တွင်နတ်တလင်းခရိုင် အတွင်းရှိ ပဲပွဲရုံများ၊ ပဲကုန်သည်များနှင့် တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်း ခရိုင်တာဝန်ခံ ဦခင်မောင်ထွန်းက  ပဲပွဲရုံများ၊ ပဲကုန်သည်များအား တွေ့ဆုံ၍ ဈေးကွက်အတွင်း မတ်ပဲများ ရောင်းဝယ်ရာတွင် ပဲများအတွင်းခဲများ ရောနှောရောင်းချခြင်းမပြုစေရေး၊ ဈေးနှုန်းမှန်ကန်ရေး ၊ အလေးချိန်မှန်ကန်ရေးနှင့် ပက်သက်၍  ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ ပြန်လည် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၅.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် ကြံခင်းမြို့၊ လမ်းမတော်လမ်း၊ မြို့မရပ်ကွက်ရှိ စားအုန်းဆီ အရောင်းကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ခွဲတမ်းရစားသုံးဆီများ ရောင်းချရာတွင် ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကိုခွဲခြားမှုမရှိ ဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ဆောင်ရွက်ရန်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့်ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ် ဒဏ်များအရအရေးယူဆောင်ရွက်နိုင်သည့် အကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီလုပ်ငန်း ရှင်ဘက်မှလည်း သိလိုသည်များ မေးမြန်း၍အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဇလွန်မြို့နယ် ကျုံရှကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန ၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၅.၅.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀) အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ်၊ ကျုံရှကျေးရွာရှိ ဓမ္မာရုံ၌ ပြည်သူ (၁၂၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူရေးရာ ဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက် များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြ ရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများ ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစား နိုင်ခွင့် များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အင်ပင်မြို့ရှိ ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့  နံနက်(၁၁:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ကံကြီးကျေးရွာရှိ နေဇာလင်း ဆီစက်၌   ဆီစက်လုပ်ငန်းရှင်များအား ဆီကြိတ်ခွဲထုတ်လုပ်ရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က  ၂၀၁၅ခုနှစ် စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ အခန်း ၁၀ ပုဒ်မ ၂၁။တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား ပထမ ဦးစွာရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်အညီ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ဆီစက်လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့  ကြိတ်ခွဲထုတ်လုပ်လျက်ရှိသောဆီများတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊  သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်လို အပ်ကြောင်း၊ သက်ဆိုင်ရာဌာန၏ထောက်ခံချက်ရရှိပြီးသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချရန်နှင့် စားအုန်းဆီများ သိုလှောင်ဖြန့်ဖြူးမှုရောင်းချမှုနှင့်ပတ်သက်၍လည်း ဒေသ အရောက်ဈေးနှုန်းများအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်ခစရိတ်အပြင် ၂% အမြတ်ဖြင့် သာရောင်းချရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း စသည်တို့ကို အသိ ပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် မြင့်ရတနာ ဆန်စက်လုပ်ငန်းသို့ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကွင်းဆင်းဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၅.၅.၂၀၂၅)ရက်နေ့ နံနက် (၁၀:၄၅) နာရီအချိန်တွင် အင်္ဂပူမြို့၊ အောက်ရွာကြီးကျေးရွာရှိ မြင့်ရတနာဆန်စက်၌ ဆန်စက်လုပ်ငန်းရှင် ဦးထက်မြက်နိုင် နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေ ရေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန် ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက် ပါ ဆန်ဈေးနှုန်းများနှင့်အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်း၊ အရည်အသွေးမမှန်မကန် ရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်ဈး ကွက်ရှိရာ မြို့နယ်အတွင်း / မြို့နယ်ပြင်ပများသို့ ချိတ်ဆက်တင်ပို့ရောင်းချခြင်း၊ တိုင်းပြင်ပများသို့ ဆန် များ တင်ပို့ရောင်းချရာတွင် ကုန်တင်လွှာစနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင် ရွက်ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန်၊  ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင်လည်း စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီ သော ကုန်စည်များကိုသာရောင်းချရန်၊စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန် များအကြောင်း၊တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် “ရတနာလင်း” ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၅.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ရွှေဘုံသာလမ်း၊ အမှတ်(၆)ရပ်ကွက်ရှိ “ရတနာလင်း”ဆီစက်လုပ် ငန်းရှင် ဦးနေလင်းနှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်  တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင် ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဆောင်ရွက်ရန်၊ ဈေးကွက်မရောက်မီကြိတ်ခွဲထုတ်လုပ်လျက်ရှိသောဆီများတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးဦးစားပေး ဆောင်ရွက် ပေးစေလိုကြောင်း၊ သက်ဆိုင်ရာဌာန၏ထောက်ခံချက်များ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်အညီ လိုက်နာဆောင်ရွက်မှုရှိကြောင်း၊ တစ်နေ့လျှင် ကြိတ်ခွဲထုတ်လုပ်နိုင်သော ဆီတန်ချိန်၊ကြိတ်ခွဲ ထုတ်လုပ်သော ကုန်ကြမ်းများ ရယူသော နေရာ၊ဒေသများကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်အနေဖြင့် ပြည်သူများစားသုံးရာတွင် ကျန်းမာရေး နှင့်သင့်တင့်ညီညွတ်မျှတအောင် ကြိတ်ခွဲထုတ်လုပ်ရန်၊ စားသုံးသူများအသုံးပြုရန် သင့်လျော်သောဆီ များကိုသာရောင်းချရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းချနိုင်ရေးရှင်းလင်းပြောကြားကာ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့နယ်တွင် မိုးစပါးရာသီကာလ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားကျင်းပ

    ၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်စိုက်တိုးမြှင့် ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်၊ယုံသလင်းတိုက်နယ်၊သင်္ဘန်းကုန်းကျေးရွာအုပ်စုရှိတောင်သူ ဦးချစ်ထွန်း၏ လယ်မြေဧရိယာ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားသို့  တက်ရောက်ကြ ကာ ဟင်္သာတမြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်အတူ  စားသုံးသူရေးရာဦးစီးဌာန၊  ဟင်္သာတမြို့နယ် တာဝန်ခံမှ ထိုအခမ်းနားသို့ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါအခမ်းအနားကို ဟင်္သာတခရိုင်၊ဟင်္သာတမြို့ ယုံသလင်းတိုက်နယ်၊သင်္ဘန်းကုန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးချစ်ထွန်း၏ လယ်မြေ(၃ ဧက)၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ကြဲပက်လျက်ရှိကာ အဆိုပါ သစ်စိမ်းမြေဩဇာ ကြဲပက်ခြင်းကြောင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး၊ မိုးစပါးအထွက်နှုန်းတိုးတက်လာစေရန်နှင့် ဓါတ်မြေဩဇာသုံးစွဲမှုကို လျော့ချနိုင်ကာ သဘာဝပတ်ဝန်း ကျင်ရှိ မြေဆီလွှာ၊ ရေ တို့တွင် ဓါတုအဆိပ်သင့်မှု လျော့နည်းစေ၍ မြေဆီလွှာ၏ ချဉ်ငံဓါတ်ကိုလည်း ထိန်းညှိပေးသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း မြို့နယ်စိုက်တိုးမြှင့်အဖွဲ့တာဝန်ရှိသူမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများ တက်ရောက်ကာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များအား ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ပြီး နံနက်(၁၀:၃၀)အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊နတ်တလင်း ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်မရောက်မီ ကုန်စည်နှင့်ဈေးကွက်ရောက်ပြီး ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ နတ်တလင်း ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံဦးဆောင်၍ နတ်တလင်းမြို့နယ် တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံတို့သည် (၃.၄.၂၀၂၅)ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် နတ်တလင်းမြို့၊ ရွာမရပ်ကွက်၊ အေးငြိမ်းသာမြို့သစ်၊ ဓမ္မစေတီလမ်းရှိ မြသော်တာ ပေါင်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ပေါင်မုန့်အမျိုးမျိုးတွင် ကုန်စည်များ၏ အမည်၊ အရွယ်အစား၊ အ‌ရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို သိသာ ထင်ရှားစွာဖော်ပြရန် စီးပွားရေးလုပ်ငန်းရှင်အား အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ