ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့တွင် ကွမ်းစားသုံးသူပေါများခြင်းကြောင့် ဒေသအသီးသီးမှ ကွမ်းရွက်များဖြစ်သော ဟင်္သာတကွမ်း၊ ကွမ်းနုဝါ၊ မုံရွာကွမ်း၊ ကွမ်းစိမ်းနှင့် ကွမ်းကြမ်းများ ဝင်ရောက်လျက် ရှိပါသည်။ မကြာမီကာလအတွင်းက ရာသီဥတုအခြေအနေကြောင့် ကွမ်းများ မခူးဆွတ်နိုင်ခြင်း၊ သယ်ယူ ပို့ဆောင်မှု ခက်ခဲခြင်းတို့ကြောင့် ဈေးနှုန်းများ နှစ်ဆခန့်မြင့်တက်လာသည်ကို တွေ့ရပါသည်။

တောင်ငူခရိုင်တွင် တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်းနှင့် ဖြူးမြို့နယ်များရှိ ပါသည်။ ယင်းမြို့နယ်များတွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲလွန်းဖြူများကို အများဆုံးလျှက်ရှိရာ တောင်ငူ ခရိုင်တစ်ခုလုံးအနေဖြင့် မတ်ပဲ ၂၁၄၉၂၁ ဧက၊ ပဲတီစိမ်း ၄၅၀၅၅ ဧကနှင့် ပဲလွန်းဖြူ ၉၈၅၄ ဧက စိုက်ပျိုးထားရှိပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထမှာ ယခင်အပတ်က တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ရှိရာမှ ယခုမေလ (စတုတ္ထအပတ်)တွင် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်ပါသည်။
မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၈၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပါသည်။

တောင်ငူမြို့ ညောင်ပင်ဈေးတွင် ကြက်သား(အိမ်မွေးကြက်)တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။ မွေးမြူးရေးကြက် (စီပီကြက်)မှာ ယခင်အပတ်က အသားသီးသန့် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ရှိရာရာ ယခုမေလ (စတုတ္ထအပတ်)တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး အခြမ်းလိုက်ဈေးမှာ ယခင်အပတ်က အတိုင်း တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နွေစပါး ၁၇၈၉၁ ဧက ရှိရာ အထွက်ကောင်းစပါးမျိုးများဖြစ်သော ထိုင်းနှံကောက်၊ နယူးဧရာ-၁၂၊ ဆင်းသုခ၊ ရက် ၉၀ မျိုးများကို စိုက်ပျိုးကြပါသည်။
