ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့၊ ပွင့်ဖြူမြို့နှင့် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အဓိက စိုက်ပျိုးကြပြီး ထွက်ရှိလာသော ငရုတ်သီးများကို မင်းဘူးမြို့နှင့် မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်သွန်ဖြူ(ကြူကုတ်)ကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်း၊ ဗမာကြက်သွန်ဖြူကို မင်းဘူးမြို့နှင့် မကွေးမြို့ရှိပွဲရုံများမှ မှာယူရောင်းချကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မေမြို့ပန်းကို မြို့အနီးရှိ ညောင်ပင်သာကျေးရွာ၊ ပန်းတော်ပြင်ကျေးရွာနှင့် မယ်ဇလီတောကျေးရွာများတွင် အဓိကစိုက်ပျိုး ရောင်းချလျက်ရှိသည့်အပြင် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့မှလည်း မှာယူရောင်းချလက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ရွာတော်၊ မန်းသံပုရာကန်၊ ညောင်ပင်သာ၊ ဥယျာဉ်၊ ပန်းတော်ပြင်၊ ဇီးတော၊ မယ်ဇလီတော၊ ရွာသစ်၊ ဘွဲ့၊ ကုန်ကြီး၊ ဂျင်ရဲမြောင်စသည့်ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ စပါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူစသည့် သီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ဇီးတောကျေးရွာ၌ ကုလားပဲသီးနှံကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလဆန်းတွင်စိုက်ပျိုးပြီး ၂၀၂၅ခုနှစ်၊ မတ်လဆန်းတွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ အနောက်ဘက်ကမ်း ကျေးရွာများတွင် ဟော်လန်သံပုရာသီးနှံကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် စိုက်ဧက ၉၃၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။
