ပြည်ပကုန်သွယ်မှုသတင်းများ
အိန္ဒိယအစိုးရအနေဖြင့် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီ (ဇူလိုင်-ဇွန်)အတွင်း ပဲမျိုးစုံတန်ချိန် ၂၉.၂၅ သန်းအပါအဝင် ကောက်ပဲသီးနှံ တန်ချိန် ၃၃၂ သန်းအား ထုတ်လုပ်ရန် ရည်မှန်းထားသည်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းမှုများရှိနေချိန်၌ မဟာဗျူဟာလုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင်ထားရေးအတွက် ကျင်းပခဲ့သော ပြည်နယ်အရာရှိများ၏ ညီလာခံတွင် အဆိုပါလျာထားချက်များကို သတ်မှတ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ဆီထွက်သီးနှံတန်ချိန် ၄၄ သန်းနှင့် နှံစားပြောင်းတန်ချိန် ၁၇ သန်း ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်းလည်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ၁၈-၄-၂၀၂၃ ရက်နေ့တွင်ကျင်းပခဲ့သည့် စားအုန်းဆီမူဝါဒသုံးသပ်ရေး ညှိနှိုင်းအစည်းအဝေး၏ ရလဒ်များနှင့်အညီ စားသုံးဆီကဏ္ဍအပေါ် ထိန်းချုပ်သည့်မူဝါဒဖြစ်သည့် ပြည်တွင်းဈေးကွက်သို့ ရောင်းချပေးရမည့်အစီအစဉ် (Domestic Market Obligation - DMO Scheme) ကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမူဝါဒဌာနမှ ဌာနမှူး Mr. Kasan က ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၌ ၁ လတာကာလအတွင်း ပဲစင်းငုံဈေးနှုန်းများ ၁၀% ခန့် မြင့်တက်လာမှုနှင့်အတူ အစိုးရအနေဖြင့် ကျောင်း၊ သင်တန်း၊ ဆေးရုံ စသည်တို့တွင် ကျွေးမွေးသည့်နေ့လယ်စာအစီအစဉ်၌ ပဲစင်းငုံအစား ပဲနီလေး၊ ကုလားပဲတို့ကဲ့သို့သော အခြားပဲမျိုးများကို အသုံးပြုရန် အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံကုန်သည်များအသင်း (IPGA) က တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၏ ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုသည် ယခင်နှစ်စိုက်ပျိုးထုတ်လုပ်မှု တန်ချိန် ၁၃.၅၄ ကိုကျော်လွန်လျက် ယခုနှစ်တွင် တန်ချိန် ၁၃.၆၃ သန်းခန့် စံချိန်တင် ထွက်ရှိနိုင်မည်ဖြစ်ရာ တောင်သူများကို အကာအကွယ်ပေးနိုင်ရန်အတွက် ကုလားပဲ၏နေရာ၌ အစားထိုးသုံးစွဲနိုင်သည့် စားတော်ပဲတင်သွင်းမှုအား အစိုးရက ဆက်လက်ပိတ်ပင်ထားဖွယ်ရှိကြောင်း သိရှိရပါသည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် မလေးရှားနိုင်ငံရှိ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB)နှင့် တရုတ်နိုင်ငံ၊ စားသောက်ကုန်၊ ပြည်တွင်းထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့တင်သွင်းမှုဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးအသင်းချုပ် (CFNA) တို့အကြား စားအုန်းဆီကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ ပြည်ထောင်စုချည်မျှင်နှင့်အထည်ကော်မရှင်ဥက္ကဌ ဦးဆောင်လျက် လုပ်ငန်းရှင်များနှင့် လယ်သမားများ ပါဝင်ဖွဲ့စည်းထားသော ဝါဂွမ်းထုတ်လုပ်မှုနှင့်စားသုံးမှုကော်မတီသည် ၂၀၂၂-၂၀၂၃ သီးနှံရာသီ စိုက်ပျိုးထုတ်လုပ်မှုမှ ၁၇ဝ ကီလိုဂရမ်ဝင် ဝါဂွမ်းထုပ်ရေပေါင်း ၃၄၁.၉၁ သိန်း ထွက်ရှိမည်ဟု ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ၌ ခန့်မှန်းခဲ့ရာမှ လက်ရှိရာသီကာလတွင် စက်တင်ဘာလအထိ ၃၃၇.၂၃ သိန်း ထုတ်လုပ်နိုင်မည်ဟု ပြန်လည်ခန့်မှန်းခဲ့ရာ အနည်းငယ် ကွဲလွဲမှုဖြစ်ခဲ့ပါသည်။ အိန္ဒိယဝါဂွမ်းကုန်သည်များအသင်းကလည်း လက်ရှိရာသီကာလတွင် ၁၄ နှစ်ကာလအတွင်း အနည်းဆုံးအဖြစ် ဝါဂွမ်းထုပ်ရေ ၃ဝ၃ သိန်းသာ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထား
၂ဝ၂၃ ခုနှစ် မုတ်သုံရာသီတွင် အယ်လ်နီညိုဖြစ်ပေါ်မည့်အလားအလာများပြားနေသဖြင့် အိန္ဒိယနိုင်ငံအစိုးရသည် လယ်သမားများကို အကာအကွယ်ပေးရန်နှင့် ထိခိုက်နစ်နာမှုများ လျော့နည်းသက်သာစေရန် အရေးပေါ်အစီအစဉ်ချမှတ်ထားကြောင်း အဆင့်မြင့်အရာရှိများက ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ယခင်နှစ်၌ အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံ (ဘတ်ငွေ ၁၆၈ ဘီလီယံ) တန်ဖိုးရှိသည့် သစ်သီးဝလံတန်ချိန်ပေါင်း ၂.၁၇သန်းကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ၂၀၂၁ ခုနှစ်ကထက် ၃.၇၂% တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ယခင်နှစ် သစ်သီးဝလံတင်သွင်းမှုတန်ဖိုး စုစုပေါင်းသည် ဒေါ်လာ ၁၄.၆ ဘီလီယံ (ဘတ်ငွေ ၅၀၀.၈ ဘီလီယံ) ရှိသဖြင့် ထိုင်းနိုင်ငံ၏ တင်ပို့မှုမှာ သုံးပုံတစ်ပုံခန့် ပါဝင်လျက်ရှိကြောင်းဖြင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mr. Anucha Burapachaisri က ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းကြက်သွန်နီအထွက်နှုန်း ကျဆင်းခဲ့ရာ အိဒ်ဘာသာရေးပွဲတော်အလွန်ကာလတွင် ကြက်သွန်နီဈေးနှုန်းများ မြင့်လာခဲ့ကြောင်း သိရှိရသည်။
ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့သည့် ဈေးနှုန်းများသည် ယခုသီတင်းပတ်တွင် ၂ နှစ်အတွင်း အမြင့်ဆုံးသို့ ခုန်တက်ခဲ့ခြင်းက ရောင်းလိုအားကျဆင်းလာမှုအပေါ် ထိပ်တန်းဝယ်လက်များ၏စိုးရိမ်မှုကို ပိုမိုတိုးပွားလာစေကြောင်း သိရှိရသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ဗီယက်နမ်နိုင်ငံ၏ ဆန်ကွဲ ၅% ပါဝင်သော ဆန် ၁ တန်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၆၅ မှ ၄၇၀ အကြားရှိရာမှ ဒေါ်လာ ၄၉၅ မှ ၅၀၀ အကြား ဈေးနှုန်းသို့ တိုးမြှင့် ကမ်းလှမ်းမှုများရှိရာ ၂၀၂၁ ခုနှစ် ဧပြီလတွင် နောက်ဆုံးတွေ့ရရှိခဲ့သည့် ဈေးနှုန်းအဆင့်နှင့် တူညီလျက်ရှိသည်။
ကမ္ဘာတစ်လွှား၌ တရုတ်နိုင်ငံမှသည် အမေရိကန်ပြည်ထောင်စု၊ ၎င်းမှ ဥရောပသမဂ္ဂတို့ တိုင်အောင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းပြီး ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ကမ္ဘာ့ဆန်ဈေးကွက်သည် ၂၀၂၃ ခုနှစ်တွင် နှစ်ပေါင်း ၂၀ အတွင်း ဈေးကွက်ပြတ်လပ်မှု အကြီးမားဆုံးအခြေအနေအဖြစ် မှတ်တမ်းတင်ဖွယ်ရှိကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုတန်ဖိုးမှာ ၄ နှစ်ဆက်တိုက် မြင့်တက်ခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျဆင်းခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပြည်ပကုန်သွယ်မှု ကနဦးခန့်မှန်းစာရင်းများအရ ပဲမျိုးစုံတင်သွင်းမှုမှာ တန်ဖိုးအားဖြင့် ရူပီးငွေ ၁၅၇၈၀.၇၃ ကုဋေရှိပြီး ယခင်နှစ်တင်သွင်းမှုတန်ဖိုး ရူပီး ၁၆၆၂၇.၅၈ ကုဋေနှင့် နှိုင်းယှဉ်ပါက ၅.၀၉% ကျဆင်းခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာငွေတန်ဖိုးအရမူ ယခုနှစ် ပဲမျိုးစုံတင်သွင်းမှုသည် ဒေါ်လာ ၁.၉၄ ဘီလီယံရှိပြီး ယခင်နှစ် တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂.၂၂ ဘီလီယံအောက် ၁၂.၇၉% လျော့နည်းခဲ့ခ