ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပခုက္ကူမြို့သည်စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသကြီးများနှင့်မြို့နယ်များမှ ဆန်တင်သွင်းရပါသည်။ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ရွှေဘို၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ ကုန်းလမ်းကြောင်းဖြင့်လည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။
ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ဘိလပ်မြေဈေးကွက်မှာ မိုးတွင်း ကာလဖြစ်သောကြောင့် အရောင်းအဝယ်အနည်းငယ်အေးနေပြီး ကြံနှစ်ကောင်ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၈၇၀၀)၊ အယ်လဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၈၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
တောင်ငူမြို့သို့ အညာဒေသမှထွက်သော ဩဇာသီးများဝင်ရောက်လျက်ရှိရာ ပေါ်ဦးပေါ်စ၌ တစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်အထိပေးရပါသည်။ ယခုအခါတွင် တောင်ငူဒေသမှ ဩဇာသီးများပေါ်လာပြီဖြစ်သဖြင့် တစ်လုံးလျှင် ၅၀၀ကျပ်၊ သုံးလုံးယူလျှင် ၁၀၀၀ကျပ်ဖြင့် ဈေးကျသွားပြီဖြစ်ကာ ပေါများစွာစားသုံးနိုင်ကြပြီဖြစ်ပါသည်။
ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁)ရက်မှ(၇)ရက်ထိ (ပထမပတ်)အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၁)သောင်းခွဲခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁) သိန်းခန့်၊ ကုန်စည်ဒိုင်တွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်ပြီး ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ (၁)ပတ်အတွင်း ပိဿာ(၂)သိန်းခွဲခန့် စီးဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ပင်မှည့်သီး (ခေါ်) လိုင်းမချူးသီးတစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့်ရောင်းချပါသည်။ ပင်မှည့်သီးကို သကြားနှင့်တို့စားနိုင်သည့်အပြင် ဖျော်ရည်အဖြစ်လည်းသောက်သုံးနိုင်ပါသည်။ ပင်မှည့်သီးဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုပါသည်။