စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ဖရဲစိုက်တောင်သူများ GAP စနစ်နှင့်အညီ စိုက်ပျိုးနိုင်ရေးဆွေးနွေးဟောပြောပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းပိုနှင့်အဖွဲ့၊ မြို့နယ် သီးနှံကာကွယ်ရေးတာဝန်ခံနှင့် ဖရဲစိုက်တောင်သူ (၁၇)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး က ဖရဲစိုက်တောင်သူများအနေဖြင့် အစုအဖွဲ့ ဖွဲ့စည်းရန် လိုအပ်ကြောင်းနှင့် ဖရဲစိုက်ပျိုးရာတွင် နိုင်ငံတော်မှ တရားဝင်ခွင့်ပြုထားသော ဓါတ်မြေဩဇာ / ပိုးသတ်ဆေးများကိုသာ အသုံးပြုရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးများကို ရောင်းချခွင့်လိုင်စင် ပြုလုပ်ထားသော ဆိုင်များမှ ဝယ်ယူသုံးစွဲရန်၊ စိုက်ပျိုးရာသီတစ်လျှောက် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်၊ သီးနှံအရည်အသွေးကောင်းမွန်ရေးနှင့် ကိုဗစ်-၁၉ ကာလဖြစ်၍ လုပ်သားများ၏ ကျန်းမာရေး၊ လူမှုဘဝသာယာရေးတို့ကို ရှေးရှု၍ GAP စနစ်နှင့်အညီ စိုက်ပျိုးကြရန်၊ ရေရယူသုံးစွဲရန်အတွက် ကြိုတင်၍ ရေယူမည့်အစီအစဉ်များအား တင်ပြတောင်းခံ သွားရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော တောင်သူများမှလည်း လုပ်ငန်းအခက်အခဲ များ၊ လိုအပ်သည်များ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ကသာခရိုင်