ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် သက်ဆိုင်သည့်သတင်းများ

Powered by Drupal

ဂျပန်နိုင်ငံ

၁။      ဂျပန်နိုင်ငံသည် ၂၀၂၅ ခုနှစ် တွင် ပို့ကုန်တန်ဖိုး ယမ်း (၂) ထရီလီယံ (ဟောင်ကောင်ဒေါ်လာ ၁၄၉ ဘီလီယံ) တင်ပို့နိုင်ရန် ရေးဆွဲထားသောစီမံကိန်းတွင် ကမ္ဘာ့ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသော Wagyu အမျိုးအစားအမဲသား၊ စိုက်ပျိုးရေးသားငါးနှင့် သစ်တောထွက်ပစ္စည်းများလည်း ပါဝင်ကြောင်း၊ သစ်သီးဝလံတွင် ပန်းသီး၊ ရေထွက်ကုန်ပစ္စည်း ပင်လယ်စာများတွင် Yellowtall ငါးအမျိုးအစားနှင့် Scallops (ခုံးကောင်) တို့ တင်ပို့ရန်ပါဝင်ကြောင်း၊ ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ အဓိကလိုအပ်သည့် အမျိုးအစားများကို ရွေးချယ်တင်ပို့သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Mr. Yosihide Suga ကလည်း တင်ပို့မည့်နိုင်ငံ၏ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ပြည့်မီနိုင်ရန် သက်ဆိုင်ရာကုန် ပစ္စည်းထုတ်လုပ်မည့်နေရာကို ဖွံ့ဖြိုးတိုးတက်ရန်လည်း လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ အမဲသား တင်ပို့မှုအား ၂၀၁၉ ခုနှစ်တွင် ယမ်း( ၂၉.၇) ဘီလီယံမှ ၂၀၂၅ ခုနှစ် တွင် ယမ်း(၁၆၀)ဘီလီယံ အထိတိုးမြှင့်တင်ပို့နိုင်ရန်စီစဉ်ထားရာ ဟောင်ကောင်၊ ထိုင်ဝမ်၊ အမေရိကန် နှင့် ဉရောပအဖွဲ့ဝင်နိုင်ငံများသို့ အဓိကထားတင်ပို့ရန် မျှော်မှန်းထားကြောင်း၊ Wagyu အမျိုးအစား အမဲသားကို ပိုမို လူသိများလာအောင် ဆောင်ရွက်သွားမည်ဟုဖော်ပြထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၈) ရက်ထုတ် South China Morning Post သတင်းစာ၌ Associated Press က “HK, mainland and US targeted in farm export plan” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားရာ Yellowtall ငါးအမျိုးအစား တင်ပို့မှုကို ၂၀၁၉ ခုနှစ်တွင် ယမ်း (၂၂.၉) ဘီလီယမ် တင်ပို့ခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ယမ်း (၅၄.၂) ဘီလီယံအထိ တင်ပို့သွားရန်စီစဉ်ထားရာ အမေရိကန်၊ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ဒေသ တို့သို့ အများအပြားတင်ပို့သွားမည်ဖြစ်ကြောင်း၊ လက်ဖက်တင်ပို့မှုတွင် ယမ်း (၁၄.၆)ဘီလီယံမှ (၃၁.၂)ဘီလီယံ အထိ လည်းကောင်း၊ ပန်းသီး တင်ပို့မှုတွင် ယမ်း (၁၄.၅)ဘီလီယံမှ (၁၇.၇)ဘီလီယံ အထိလည်းကောင်း၊ အဖျော်ယမကာ Sake တင်ပို့မှုအား ယမ်း (၂၃.၄)ဘီလီယံမှ (၆၀)ဘီလီယံအထိ လည်းကောင်း အသီးသီးတိုးမြှင့် တင်ပို့နိုင်ရန် အစီအစဉ်ရေးဆွဲထားကြောင်းနှင့် ဂျပန်နိုင်ငံ၌ အသက်အရွယ်ကြီးသူများပြားလာရာ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအတွက် ပြည်တွင်းဝယ်လိုအား လျော့နည်းလာသောကြောင့် ပြည်ပသို့တင်ပို့နိုင်ရန် စိုက်ပျိုးရေးကဏ္ဍဖြင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဂျပန်နိုင်ငံ၊ တိုကျိုမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တရုတ်နိုင်ငံ

၂။       ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် (၂)% နှေးကွေးသွား မည်ဟု ခန့်မှန်းထားသော်လည်း ၂၀၂၁ ခုနှစ်တွင်မူ ပုဂ္ဂလိကဏ္ဍမှ  ရင်းနှီးမြှုပ်နှံမှုများ၊ သုံးစွဲမှုများ ပြန်လည်မြင့်တက်လာနိုင်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း (၇.၉)%  တိုးတက်နိုင်ဖွယ်ရှိသည် ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ အဆိုပါအစီရင်ခံစာအရ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်ကာလအတွင်း သိသာစွာ ကျဆင်းခဲ့သော်လည်း အစိုးရအနေဖြင့် ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်ရေးဗျူဟာအား ထိရောက်စွာ ချမှတ်ကျင့်သုံးခဲ့ခြင်း၊ မူဝါဒများ ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခဲ့ခြင်း၊ တင်ပို့မှု ပိုမိုခိုင်မာအားကောင်းလာခဲ့ခြင်း တို့ကြောင့် နိုင်ငံ၏စီးပွားရေးသည် မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာတိုးတက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၃။      အဆိုပါ အစီရင်ခံစာအရ တရုတ်နိုင်ငံ၊ အကောက်ခွန် အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏသည် ဆက်လက်တိုးတက်လျက်ရှိပြီး၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအများစုတွင် ဆက်လက် ဖြစ်ပွားလျက်ရှိသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါမှ လုံးဝပြန်လည်နလန်ထူလာသည်ကို ပြသလျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း၌ တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ (၂၆၈) ဘီလီယံ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၂၁.၁) % အထိ စံချိန်တင်မြင့်တက်လာခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မသေချာမှုများ ဆက်လက်တည်ရှိလျက်ရှိသော်လည်း ကဏ္ဍစုံတွင် အချက်အလက်များ တိုးတက်လျက်ရှိသည့်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေး နလန်ထူလာမှုသည် ပြန်လည်အရှိန်ရလာပြီ ဖြစ်သည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်းဝယ်လိုအား ပြန်လည်နလန်ထူနိုင်မှုသည် ထုတ်လုပ်နိုင်စွမ်းထက် များစွာ နှေးကွေးလျက်ရှိကြောင်း၊ အခြေခံ ရင်းနှီးမြှပ်နှံမှုများထက် ပြည်တွင်းသုံးစွဲမှု ပိုမိုနှေးကွေးလျက်ရှိခြင်းတို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေး လျင်မြန်စွာ နလန်ထူလာနိုင်ရန် မသေချာမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ ၏ စီးပွားရေးပြန်လည်နလန်ထူနိုင်မှုအပေါ် ခြိမ်းခြောက်လျက်ရှိသည့် အန္တရာယ်များ မြင့်မားလျက်ရှိသော်လည်း  ထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

၄။      တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် ၂၀၂၁ ခုနှစ်တွင် စီးပွားရေးအပေါ် ထိခိုက်နိုင်သည့် အန္တရာယ်များအား ကျော်လွှားနိုင်မည့် အထူးဉီးစားပေးမူဝါဒများ ချမှတ်ဆောင်ရွက်သွားရန် ထိပ်သီးအစည်းအဝေးများ ကျင်းပလျက်ရှိကြောင်း၊ စီးပွားရေး ပိုမိုတိုးတက်လာစေရန် ထိ ရောက်သည့် မူဝါဒများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ မူဝါဒများအနက် ထိရောက် သေချာသည့် နည်းပညာအသုံးပြုနိုင်စွမ်းကို ပိုမိုမြှင့်တင်ပေးရန်၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဓိက စိန်ခေါ်မှုများအား ဖြေရှင်းပေးရန် တို့ပါဝင်ကြောင်းသိရှိရပါသည်။

၅။      တရုတ်နိုင်ငံ၊ အကောက်ခွန်အာဏာပိုင်အဖွဲ့မှထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏသည် ဆက်လက်တိုးတက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း စံချိန်တင် မြင့်တက်ခဲ့ရာ ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာ့နိုင်ငံအများစုတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါမှ လုံးဝ ပြန်လည် နလန်ထူလာသည်ကို ပြသလျှက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း၌ တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ(၂၆၈)ဘီလီယံ ရရှိခဲ့သည့်အတွက် ယခင်နှစ်၊ ကာလတူထက်(၂၁.၁)%အထိ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ကဏ္ဍစုံတွင် အချက်အလက်များ တိုးတက်လျက်ရှိသည့်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေး နလန်ထူလာမှုသည် ပြန်လည် အရှိန်ရလာပြီဖြစ်သည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်းဝယ်လိုအား ပြန်လည် နလန်ထူနိုင်မှုသည် ထုတ်လုပ်နိုင်စွမ်းထက် များစွာနှေးကွေးလျက်ရှိကြောင်း၊ အခြေခံရင်းနှီးမြှုပ်နှံမှုများထက် ပြည်တွင်းသုံးစွဲမှု ပိုမိုနှေးကွေးလျက်ရှိခြင်းတို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေး လျင်မြန်စွာနလန်ထူလာနိုင်ရန် မသေချာမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်နလန်ထူနိုင်မှုအပေါ် ခြိမ်းခြောက်လျက်ရှိသည့်အန္တရာယ်များ မြင့်မားလျက်ရှိသော်လည်း  ထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် ၂၀၂၁ ခုနှစ်တွင် စီးပွားရေးအပေါ် ထိခိုက်နိုင်သည့်အန္တရာယ်များအား ကျော်လွှားနိုင်မည့် အထူး ဉီးစားပေးမူဝါဒများ ချမှတ်ဆောင်ရွက်သွားရန် ထိပ်သီးအစည်းအဝေးများ ကျင်းပလျက်ရှိကြောင်း၊ စီးပွားရေးပိုမိုတိုးတက်လာစေရန် ထိရောက်သည့်မူဝါဒများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါမူဝါဒများအနက် ထိရောက်သေချာသည့် နည်းပညာအသုံးပြုနိုင်စွမ်းကို ပိုမိုမြှင့်တင်ပေးရန်၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဓိက စိန်ခေါ်မှုများအား ဖြေရှင်းပေးရန်တို့ ပါဝင်ကြောင်းသိရှိရပါသည်။

၆။      တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းလာသည့် အစားအစာများ၏ ထုပ်ပိုးအိတ်ခွံများ၌ COVID-19 ရောဂါပိုးများစမ်းသပ်တွေ့ရှိရသည့်အတွက် တင်သွင်းမှုများမှတစ်ဆင့်ကူးစက်ပျံ့နှံ့ခြင်းမဖြစ်ပေါ် စေရန် လိုအပ်သည့်လုပ်ဆောင်ချက်များ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံ၏ စီးပွားရေး ဆိုင်ရာကိစ္စရပ်များအား ပြန်လည်သုံးသပ်ခြင်း၊ လက်ရှိအခြေအနေများအား လေ့လာဆန်းစစ်ခြင်း တို့ကို စဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိပြီး ၂၀၂၁ ခုနှစ် စီးပွားရေးလုပ်ငန်းများအတွက် လမ်းညွှန် ချက်များချမှတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်းလမ်း၊ ရေလမ်းမှ သယ်ယူတင်သွင်းလာ သည့် အေးခဲအစားအသောက်များမှတစ်ဆင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီး နိုင်မည့် လမ်းညွှန်ချက်များအား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ကြေညာခဲ့ ကြောင်း ၊ ပြည်တွင်း၌ ခိုင်မာအားကောင်းသည့် စီးပွားရေးဆိုင်ရာမူဝါဒများ ချမှတ်ခဲ့သည့်အတွက် ပြည်တွင်းလက်လီရောင်းချမှု တစ်စထက်တစ်စ ပြန်လည်တိုးတက်လာပြီဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ မှ ထုတ်လုပ်ထွက်ရှိသည့် စက်မှုထုတ်ကုန်ကုန်ကြမ်းပစ္စည်းများအပေါ် ကမ္ဘာ့ဝယ်လိုအား မြင့်တက် လာကြောင်း၊တရုတ်နိုင်ငံတွင်စားသောက်ကုန်ဈေးနှုန်းများကျဆင်းလာသည့်အတွက်ငွေကြေးဖောင်း ပွမှု၏အဓိကအညွှန်းကိန်းတစ်ခုဖြစ်သည့် စားသုံးသူဈေးဆနှုန်းကိန်း(Consumer Price Index-CPI) သည် တစ်စထက်တစ်စ လျော့နည်းကျဆင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အစားအစာဖူလုံမှုနှင့် လူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုရှိရန် ကောက်ပဲသီးနှံစိုက်ပျိုးထွက်ရှိမှုနှင့် ထောက်ပံ့ပို့ဆောင်မှု လုပ်ငန်းများ တည်ငြိမ်မှုရှိရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ၊ တရုတ်နိုင်ငံအစိုးရ အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်ရေးဗျူဟာများ ထိရောက်စွာ ချမှတ်ကျင့်သုံးခဲ့ခြင်း၊ စီးပွားရေး မူဝါဒများပိုမိုခိုင်မာအားကောင်းအောင်ဆောင်ရွက်ခဲ့ခြင်း၊ ကမ္ဘာ့နိုင်ငံများသို့တင်ပို့မှု ပိုမိုခိုင်မာအား ကောင်းလာခဲ့ခြင်းတို့ကြောင့် နိုင်ငံ၏စီးပွားရေးသည် မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာ တိုး တက်လာခဲ့ပြီး လာမည့်နှစ်အတွင်း၌လည်း ဆက်လက်ဖွံ့ဖြိုးလာနိုင်ကြောင်းသိရှိရပါသည်။

၇။     တရုတ်နိုင်ငံသည် လာမည့်နှစ်သစ်ကူးနှင့် နွေဦးရာသီပွဲတော် အားလပ်ရက်များအတွက် ရောင်းလိုအားမြင့်တက်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်အရန်အဖြစ်ထားရှိသည့်ဝက်သားတန်ချိန် (၁၆၀၀၀) ကို ဈေးကွက်အတွင်းသို့ ဖြန့်ချိပေးခဲ့ကြောင်း၊ အေးခဲဝက်သားများအား ဈေးကွက်အတွင်း သို့ ဆက်လက်ဖြန့်ချိပေးသွားရန် အစီအစဉ်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ အစပိုင်း ကာလများမှစတင်၍ ဝက်သားရောင်းလိုအား မြင့်တက်လာစေရန် အရန်အဖြစ်ထားရှိသည့် အေးခဲ ဝက်သားများအား ဈေးကွက်အတွင်းဖြန့်ချိခြင်း၊ပိုမိုတင်သွင်းခြင်းစသည့် လိုအပ်သည့်စီမံဆောင်ရွက် မှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် ဈေးနှုန်းများကျဆင်းလာခဲ့ကြောင်း၊ တရားဝင် ထုတ်ပြန်ကြေညာခဲ့ သည့်စာရင်းဇယားများအရ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း၌ ဝက်သားဈေးနှုန်းသည် ပြီးခဲ့သည့် နှစ်၊ ကာလတူထက် (၁၂.၅)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

၈။     တရုတ်နိုင်ငံ၊ အမျိုးသားစာရင်းအင်းဗျူရို (National Bureau of Statistics-NBS)မှ ထုတ်ပြန် ကြေညာခဲ့သည့်အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်၊ပထမ(၁၁)လတာ ကာလအတွင်း ပြည်တွင်း လက်လီရောင်းချရမှုပမာဏသည် အမေရိကန်ဒေါ်လာ(၅.၃၆)ထရီလီယံ ရရှိခဲ့သည့်အတွက် ယခင် နှစ်၊ ကာလတူထက်(၄.၈)ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း၌ လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှုပမာဏသည် ယခင်နှစ်၊ ကာလတူထက်(၅) ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်းလက်လီရောင်းချမှု ဆက်လက်တိုးတက်လျက် ရှိခြင်းသည် ကမ္ဘာပေါ်တွင် စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ထိခိုက်မှုမှ ပြန်လည်နလန်ထူလာခြင်းကို ပြသနေခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့် နှစ်၊ နိုဝင်ဘာလအတွင်း လူမှုမီဒီယာများမှတစ်ဆင့် လက်လီရောင်းချရမှုသည် ယခင်နှစ်၊ ကာလတူ ထက်(၅)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အထူးသဖြင့် အွန်လိုင်းမှတစ်ဆင့် လက်လီ ရောင်းချရမှု ပမာဏ (၁၀.၅၃)ထရီလီယံ ရရှိခဲ့သည့်အတွက် ယခင်နှစ်၊ ကာလတူထက် (၁၁.၅) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာ့ကပ်ရောဂါ အခြေအနေ အား တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်သည့်အတွက် လက်လီရောင်းချရမှု ဆက်လက်မြင့်တက် လာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

(ရင်းမြစ်- တရုတ်နိုင်ငံ၊ ပေကျင်းမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ထိုင်းနိုင်ငံ

၉။     COVID -19 ကပ်ရောဂါကြောင့် ပို့ကုန်တင်ပို့မှုကျဆင်းခြင်းနှင့်အတူ လွတ်လပ်သော ကုန် သွယ်မှုသဘောတူညီချက်အသုံးပြုမှု Use of Free Trade agreement (FTA)၏ အထူးအခွင့်အရေး များနှင့် Generalized system of Preferences(GSP) စနစ်အသုံးပြုမှုတို့သည် ၂၀၂၀ ခုနှစ် ပထမ(၉)လတွင် နှစ်အလိုက်၌ (၁၄.၆၇%)ကျဆင်းခဲ့ကြောင်း၊ အဆိုပါအစီအစဉ်(၂)ခုဖြင့်ရရှိသော အထူးအခွင့်အရေးများကို အစားအစာ၊ အဖျော်ယမကာနှင့် ပြုပြင်ထားသောလယ်ယာထုတ်ကုန် များတွင် အထူးအသုံးပြုကြောင်း၊အဆိုပါ FTA နှင့်GSP အရအထူးအခွင့်အရေးများအသုံးချမှုသည် ဇန်နဝါရီလမှစက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ(၄၅.၆၀)ဘီလီယံရှိခဲ့ကြောင်း၊ အဆိုပါ စုစုပေါင်းကိန်းဂဏန်းတွင် FTA  အခွင့်အရေးအသုံးချမှုမှာ ပထမ(၉)လတွင် အမေရိကန်ဒေါ်လာ (၄၂.၃၃) ဘီလီယံရှိကြောင်း၊ ၎င်းမှာ နှစ်အလိုက်တွင် (၁၅.၈၅%)ကျဆင်းသွားခြင်းဖြစ်ကြောင်း၊ GSP အသုံးပြု၍ တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ(၃.၂၇)ဘီလီယံရှိပြီး ၎င်းမှာ(၂.၄၄%) တိုးတက် လာခြင်း ဖြစ်ကြောင်း၊ FTA အခွင့်အရေး အများဆုံးအသုံးပြု၍ တင်ပို့ခဲ့သောဈေးကွက်များမှာ တရုတ်၊ အာဆီယံ၊ ဂျပန် ၊ ဩစတြေးလျ၊ အိန္ဒိယ တို့ဖြစ်ကြောင်း၊ အထူးအခွင့်အရေးအမြင့်ဆုံးအသုံးပြု၍ တင်ပို့ခဲ့သော ဈေးကွက်မှာ ထိုင်းနိုင်ငံပါဝင်သော ထိပ်တန်း FTA (၅)ခုဖြစ်သည့် ထိုင်း-ချီလီ FTA ၊ အာဆီယံ-တရုတ် FTA၊ ထိုင်း-ပီရူး FTA ၊ ထိုင်း-ဂျပန် FTA၊ အာဆီယံ-တောင်ကိုရီးယား FTA တို့ဖြစ် ကြောင်း၊ အထူးအခွင့်အရေးများ ရရှိတင်ပို့ခဲ့သည့် ထုတ်ကုန်များတွင် လတ်ဆတ်သော ဒူးရင်းသီး၊ သဘာဝရာဘာနှင့်ရောစပ်ထားသောရာဘာတုထုတ်ကုန်၊သစ်သီးဝလံများ၊(၅)တန်ထရပ်ကားများနှင့် လေအေးပေးစက်များဖြစ်ကြောင်း၊အမေရိကန်နိုင်ငံသည် GSP အသုံးပြုမှုနှုန်းအမြင့်ဆုံးနိုင်ငံဖြစ်ပြီး ၎င်းနောက်တွင် ရုရှားနှင့်ဓနသဟာယနိုင်ငံများ၊ ဆွစ်ဇာလန်နိုင်ငံ၊ နော်ဝေးနိုင်ငံတို့ဖြစ်ကြောင်း သိရှိ ရပါသည်။

(ရင်းမြစ်-ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဘရာဇီးလ်နိုင်ငံ

၁၀။    ဘရာဇီးလ်နိုင်ငံတွင် ပြောင်းဝယ်လိုအား ပုံမှန်အနေအထားသာရှိခြင်း၊ သိုလှောင်ရုံနှင့် ကုမ္ပဏီ လုပ်ငန်းများအတွက် ပြက္ခဒိန်နှစ်ကုန်ဆုံးချိန် အစိုးရရုံးပိတ်ရက်များတွင် လုပ်ငန်းများရပ်နားထား ခြင်း တို့ကြောင့် ပြောင်းစျေးကွက်၌ အရောင်းအဝယ်အေးလျက်ရှိပြီး စျေးကွက်ရပ်ဆိုင်းလုနီးပါး ဖြစ်ပေါ် နေကြောင်း၊ အကျိုးဆက်အနေဖြင့် ဘရာဇီးလ်နိုင်ငံ၏ ပြောင်းတင်ပို့မှုစျေးကွက်တွင် အကျ ဈေးနှုန်း ဖြင့်တည်ငြိမ်လျက်ရှိပြီး စျေးကွက်ပိတ်ချိန်တွင် အနည်းငယ်တက်ရိပ်ပြခဲ့သော်လည်း ပြောင်းစျေးနှုန်း ကျဆင်းနေရုံသာမက အမေရိကန်ဒေါ်လာတန်ဖိုးမှာလည်း အနည်းငယ်ကျဆင်း ခဲ့သဖြင့် ဘရာဇီးလ်ငွေကြေးတန်ဖိုးမှာအနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ပြောင်းစျေးကွက်တွင် ပြောင်း တစ်အိတ်လျှင် ဘရာဇီးလ်ငွေကြေး ၇၅ နှင့် ၇၇ ကြားတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံမှ တင်ပို့သည့် ပဲပုတ်စေ့စျေးနှုန်းသည် ဒေါ်လာတန်ဖိုးအတက်/ အကျအပေါ်တွင် မူတည်နေကြောင်း၊ ပဲတင်ပို့ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလနှင့် ဘရာဇီးလ်ငွေတန်ဖိုး ကျဆင်းခဲ့ပြီး နိုဝင်ဘာလလယ်တွင်ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့ လက်ကျန်ပြတ်လပ်မှုနှင့်အတူ အမေရိကန်ဒေါ်လာတန်ဖိုးလည်း မြင့်တက်လျက်ရှိခဲ့ခြင်းတို့ကြောင့့် လုပ်ငန်းရှင်များသည် ပဲပုတ်စေ့ စိုက်ပျိုးထုတ်လုပ်မှုအပေါ် အလေးထားလုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘရာဇီးလ်နိုင်ငံ၊စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဩစတြေးလျနိုင်ငံ

၁၁။    သြစတြေးလျနိုင်ငံအနေဖြင့်  ၂၀၂၁ ခုနှစ်အတွက် GDP တိုးတက်မှုနှုန်း ၅% မျှော်မှန်းထားပြီး ၂၀၂၂ ခုနှစ်အတွက် ၄ % မျှော်မှန်းထားရာ လေးနှစ်တာကာလအတွင်း  အလုပ်လက်မဲ့နှုန်းသည်  COVID-19 မတိုင်မီအဆင့်သို့ ပြန်ရောက်သွားနိုင်ပြီး ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များတွင် စီးပွားရေး ကျဆင်းမှုများထက် အလုပ်အကိုင်များ ပြန်လည်နလန်ထူလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ အလုပ်လက်မဲ့နှုန်းသည် နိုဝင်ဘာလတွင် ၆.၈ % ရှိခဲ့ပြီး နှစ်လယ်ပိုင်း နောက်ဆုံးခန့်မှန်းချက် ဖြစ် သည့် ၉.၂၅ % ဝန်းကျင်ခန့်မှန်းထားခြင်းမှ လျော့ကျခဲ့ခြင်းဖြစ်ကြောင်း၊ သြစတြေးလျနိုင်ငံ၏ ပြည် နယ်များတွင် COVID-19 ဆိုင်ရာကန့်သတ်ချက်များ ဖယ်ရှားခဲ့ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလ သုံးလပတ်အတွင်း သြစတြေးလျ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP မှာ ၃.၃ % မြင့် တက်ခဲ့ရာ ၎င်း ၃.၃ % မှာ ၁၉၇၆ ခုနှစ် မှစတင်၍ အများဆုံးတိုးတက်မှုဖြစ်ကြောင်း၊ ပြည်နယ် များအနက် COVID-19 ဒုတိယလှိုင်းဒဏ်ခံစားခဲ့ရသည့် ဗစ်တိုးရီးယားပြည်နယ်မှအပ ကျန်ပြည်နယ် များ၏ GDP များမှာလည်း ခိုင်မာစွာတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာသုံးလပတ်အတွင်း အလုပ်အကိုင်တစ်ခုထက်ပိုသော အလုပ်မျိုးစုံလုပ်ကိုင်မှုမှာ ၁၇.၅ %ခန့် တိုးတက်လာကြောင်း၊ ဝန်ဆောင်မှုကဏ္ဍ ပြန်လည်ဖွင့်လှစ်မှုနှင့်အတူ လုပ်ငန်းများအပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိသေး သော်လည်း အတိုင်းအတာတစ်ခုထိ ပြန်လည် လည်ပတ်နေသည့်အတွက် အချိန်ပိုင်းလုပ်သား လိုအပ်ချက်များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်သွယ်မှုတွင်မူ တရုတ်နှင့် ၂၀၁၉ ခုနှစ် ကတည်းက ဖြစ်ပွားလျက်ရှိသော တင်းမာမှုများ ဆက်လက်ဖြစ်ပွားဆဲဖြစ်ရာ လယ်ယာထွက်ကုန် များအနက် အမဲသား၊မုယောစပါး၊ ဝိုင်၊ ပုဇွန်စသည့် ကုန်စည်များအတွက် စျေးကွက်ဝင်အခွင့်အလမ်း များ ဆုံးရှုံးလျက်ရှိကြောင်း၊ သြစတြေးလျပြည်နယ်များမှ တင်သွင်းသောသစ်များတွင် ပိုးမွှားများ ပါဝင်သည်ဆိုသည့်အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံက သစ်တင်သွင်းမှုအား ရင်ဆိုင်ထားခြင်း ခံရ လျက်ရှိကြောင်း၊ အထူးသဖြင့် လယ်ယာထွက်ကုန်များအနက် ဝိုင်တင်သွင်းမှုအပေါ် အမြင့်ဆုံး စည်း ကြပ်မှုအဖြစ် အကောက်ခွန်နှုန်း ၂၁၂ % သတ်မှတ်ခြင်းက အေဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုးရှိ ပို့ကုန် တင်ပို့မှုအား အကြီးအကျယ်ထိခိုက်စေသည့်အတွက် သြစတြေးလျ ဝိုင်ထုတ်လုပ်သူများ နစ်နာမှု များစွာ ကြုံတွေ့ရလျက် ရှိကြောင်းသိရပါသည်။

၁၂။     သြစတြေးလျနိုင်ငံ၏ အဓိကအမဲသားတင်သွင်းသည့်ကုမ္ပဏီအား ဒီဇင်ဘာလအတွင်း တရုတ် နိုင်ငံကတင်သွင်းမှုကို ထပ်မံပိတ်ဆို့လိုက်ခြင်းကြောင့် သြစတြေးလျကုန်သွယ်ရေးဝန်ကြီးက တရုတ် နိုင်ငံ၏ တရုတ်- သြစတြေးလျနှစ်နိုင်ငံကုန်သွယ်ရေး သဘောတူစာချုပ် နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး၏ လိုက်နာဆောင်ရွက်ရမည့် ဝတ္တရားများအတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်း ပြောကြားထား ကြောင်း၊ တရုတ်နိုင်ငံက (၁၈)လအကြာ စုံစမ်းစစ်းဆေးမှုများပြုလုပ်ပြီးနောက် ပြီးခဲ့သည့် မေလ အတွင်းက သြစတြေးလျက မုယောစပါးတင်သွင်းမှုကို ၈၀.၅ %  တန်ပြန်စုပုံ တင်သွင်းခွန် အဖြစ် သတ်မှတ်ကောက်ခံခဲ့သည့်အတွက် ယင်းကဲ့သို့ တန်ပြန်စုပုံတင်သွင်းခွန် ကောက်ခံမှုအပေါ် သြစတြေးလျက အငြင်းပွားမှုဖြေရှင်းရန် WTO သို့ အရေးဆိုတင်ပြခဲ့ပြီးဖြစ်ကြောင်း၊ တရုတ် အာဏာပိုင်များက အောက်တိုဘာလမှစ၍ ပြည်တွင်းစက်ရုံနှင့်စွမ်းအင်ကုမ္ပဏီများအား သြစတြေးလျ နိုင်ငံမှ ကျောက်မီးသွေးမဝယ်ရန်တားမြစ်ခဲ့ပြီး သြစတြေးလျ ကျောက်မီးသွေးတင်သွင်းမှုအပေါ် တရားမဝင်ပိတ်ဆို့လိုက်သည့်အချိန်မှစ၍ တစ်တန်လျှင် အေဒေါ်လာ ၁၃၈.၅၀ မှ ၁၀၁.၂၅ သို့ ကျဆင်းခဲ့ကြောင်း၊ သြစတြေးလျမှ ကျောက်မီးသွေး တင်သွင်းမှုများ ကန့်သတ်လိုက်သည့်အချိန်မှ စတင်၍ တရုတ်နိုင်ငံ၏ စွမ်းအင်ပြတ်လပ်မှုမှာ ပိုမိုဆိုးရွားလာသည့်အတွက်  ပြည်နယ်(၄) ခုရှိ အာဏာပိုင်များသည် စွမ်းအင်အသုံးပြုမှု ကန့်သတ်သည့်အမိန့်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ သိရှိရပါသည်။

(ရင်းမြစ်-ဩစတြေးလျနိုင်ငံ ၊ ကင်ဘာရာမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံ

၁၃။    ယခင်အပတ်က အိန္ဒိယနိုင်ငံ ပဲခွဲစက်များတွင် အဝယ်များလာသည့်အတွက်ကြောင့် မြန်မာ မတ်ပဲနှင့် ပဲစဉ်းငုံအပြင် စားတော်ပဲနှင့် ပဲရာဇာဈေးနှုန်းများပါ ပြန်လည် မြင့်တက်လာကြောင်း တွေ့ရှိ ရပြီး၊ ကုလားပဲနှင့် ပဲတီစိမ်း ဈေးနှုန်းများ  ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။မွန်ဘိုင်းဈေးကွက်တွင် မြန်မာ မတ်ပဲ FAQ ဟာ ရူပီး ဆက်တက်ပြီး ၇၂၅၀ ရူပီးဈေးထိ ဖြစ်ပေါ်ခဲ့ ကြောင်း၊ မတ်ပဲ လက်ကျန်နည်းပါးနေသည့်အတွက် ပဲခွဲစက်များတွင် လတ်တလော လိုအပ်ချက်အရ အဝယ်ရှိခဲ့ပြီး  မတ်ပဲဈေး ဆက်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ချန်နိုင်း ဈေးကွက်တွင်လည်း မြန်မာ မတ်ပဲ FAQ၊ SQ များ ရူပီဈေးမြင့်တက်ခဲ့ကြောင်း၊ လက်လီနှင့် လက်ကား ဆိုင်များတွင်လည်း မတ်ပဲခွဲခြမ်းကို အဝယ်နည်းနေပြီ ဖြစ်ကြောင်းသိရှိရပါသည်။

၁၄။    မွန်ဘိုင်းဈေးကွက်တွင် မြန်မာ့ပဲစဉ်းငုံ လက်ကျန်နည်းပါးလာနေပြီး ပဲခွဲစက်များက ဝယ်ယူ လာသည့်တွက်ကြောင့် ဈေးနှုန်းမှာ (၁၀၀ ကီလိုဂရမ်)ကို ၅၈၀၀၀ ရူပီးဈေးနှုန်း ထိ ဖြစ်ပေါ်ခဲ့ ပါသည်။ အိန္ဒိယ ပဲစဉ်းငုံပေါက်ဈေးနှုန်းများအနေဖြင့်လည်း ၆၁၀၀-၆၁၅၀ ထိ ဈေးနှုန်းဖြစ်ပေါ် နေခဲ့ပါ သည်။ အိန္ဒိယနိုင်ငံရှိ ပဲစဉ်းငုံ(သစ်)များသည် ဈေးကွက်ထဲကို ခန့်မှန်းသလောက်မဝင်လာဘဲ ဖြစ်ပေါ် နေပြီး အထွက်နှုန်းအနေဖြင့်လည်း မနှစ်ကထက် လျော့နည်းမယ်လို့ ခန့်မှန်းနေကြပါသည်။ ရာသီ ဥတု မကောင်းခြင်း၊ အပင်ရောဂါကျရောက်မှုများကြောင့် ပဲစဉ်းငုံ အထွက်နှုန်းနည်းမည်ဟုလည်း ခန့်မှန်း ထားကြပါသည်။

၁၅။    သို့ရာတွင် အရောင်းစင်တာများတွင် ပဲစဉ်းငုံခွဲခြမ်းကို အဝယ်ပါးနေပြီး လာမည့် ဖေဖော်ဝါ ရီ လလယ်လောက်မှသာ စားသုံးမှု အင်အား တိုးလာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ အိန္ဒိယ အစိုးရက ပဲစဉ်းငုံတန်ချိန် ၄ သိန်းတင်သွင်းခွင့်ခွဲတမ်းပေးထားရာမှာ နိုင်ငံစုံက ပဲစဉ်းငုံများ ၂.၂၅ သိန်း ဝန်းကျင်ဟာ  အိန္ဒိယ ပြည်တွင်းကို ရောက်ရှိနေပြီ ဖြစ်နေပါကြောင်း ၊ ပဲစဉ်းငုံတင်သွင်းမှု ပမာဏ အနေဖြင့် တန်ချိန် ၁ သိန်းဝန်းကျင် တင်သွင်းရန် ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။အိန္ဒိယ အစိုးရမှလည်း တောင်သူ တွေဆီမှ ပဲစဉ်းငုံများကို အခြေခံဈေး (Minimum Support Price )ထိ ဝယ် ယူပြီး ဈေးကွက်ကို မြှင့်တင် ပေးရန် ရှိနေကြောင်း သိရှိရပါသည်။

(ရင်းမြစ်- Current Content)