အမေရိကန်မှ တင်သွင်းသည့် ဝါဂွမ်းအပေါ် ပိုးသတ်ပေးရန်လိုအပ်ချက် ဘင်္ဂလားဒေ့ရှ်အစိုးရက ဖြေလျော့

Powered by Drupal

၂ဝ၂၃ ခုနှစ် မေလ ၁၆ ရက်နေ့မှစတင်၍ အမေရိကန်နိုင်ငံမှ တင်သွင်းသည့် ဝါဂွမ်းများအပေါ် ပိုးသတ်ပေးရန်လိုအပ်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပယ်ဖျက်ပေးခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းသူများအတွက် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးမှုနှင့် ၅ ရက်တာစောင့်ဆိုင်းနေရမှုကို လျော့နည်းသက်သာစေခဲ့ကြောင်း ဒါကာမြို့ရှိ အမေရိကန်သံရုံးက ပြောကြားခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ နည်းပညာကိုယ်စားလှယ်အဖွဲ့၏ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ၌ အမေရိကန်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အပြီးတွင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း အမေရိကန် ဝါဂွမ်းထုတ်လုပ်မှုနှင့် ပိုးမွှားစီမံကွပ်ကဲရေးမဟာဗျူဟာနှင့် ဝါဂွမ်းပြုပြင် ထုတ်လုပ်သည့် နည်းပညာတို့ဖြင့် ဝါဂွမ်းတွင်ပါရှိနေသော ပိုးမွှားကို ဖယ်ရှားသန့်စင်လျက်ရှိကြောင်း အမေရိကန်နိုင်ငံဘက်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါဂွမ်းကို ဒုတိယမြောက်အကြီးမားဆုံးထုတ်လုပ်ပြီး ဒုတိယအများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ကာ အမေရိကန်နိုင်ငံအတွက် ဝါဂွမ်းများကို သတ္တမမြောက် အကြီးမားဆုံးတင်ပို့သည့် နိုင်ငံလည်းဖြစ်ပါသည်။ ၂ဝ၂၂ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်၏ ဝါဂွမ်းတင်ပို့မှုမှာ တန်ဖိုးဒေါ်လာ ၄၇၅ သန်းကျော်ရှိခဲ့ပါသည်။ ယခင်က ပိုးသတ်ပေးရန် လိုအပ်ချက်သည် အမေရိကန်နိုင်ငံ၏ ဝါဂွမ်းရောင်းချမှုအား နှောင့်နှေးစေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တင်သွင်းသူများအနေဖြင့်လည်း နှစ်စဉ်ဝါဂွမ်း ပိုးသတ်မှုအတွက် ဒေါ်လာသန်းပေါင်းများစွာကို ကျခံခဲ့ရကြောင်း၊ အမေရိကန်နိုင်ငံမှ အရည်အသွေးမြင့်မားပြီး ရေရှည်အသုံးခံသော ဝါဂွမ်းများကို တင်သွင်းခွင့်ပြုခြင်းဖြင့် အချိန်နှင့်ငွေ သိသာစွာကုန်ဆုံးမှုကို လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အမေရိကန်သံအမတ်ကြီး Mr. Peter D Haas က ယခုကဲ့သို့ ဝါဂွမ်းတင်သွင်းမှုအပေါ် ပိုးသတ်မှိုင်းတိုက်ပြုလုပ်ရန် လိုအပ်ချက်ကို ဖယ်ရှားပေးခြင်းဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကုန်သွယ်မှုအတားအဆီးများကို လျှော့ချနိုင်မည်ဖြစ်ကာ ကြွယ်ဝချမ်းသာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံခြားဝင်ငွေတိုးတက်စေရန် အမေရိကန်နိုင်ငံမှ အရည်အသွေးမြင့်မားသော ဝါဂွမ်းများကို လိုအပ်လျက်ရှိပြီး အမေရိကန်မှ စားသုံးသူများသည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ်လုပ်သော ရေရှည်အသုံးခံပြီး အရည်အသွေးမြင့်မားသည့် အဝတ်အထည်များကို အသုံးပြုလျက်ရှိပါသည်။ ဘင်္ဂလားဒေ့ရှ်လယ်ယာစိုက်ပျိုးရေးဝန်ကြီး Mr. Muhammad Abdur Razzaque က ၎င်းတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ရာသီဥတုအကျပ်အတည်းကို ဖြေရှင်းရန်၊ ဆန်းသစ်သောနည်းပညာများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အစားအသောက်ဖူလုံမှုရှိစေရန်တို့အတွက် အမေရိကန်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဦးစီးဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: The Daily Star, 23 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)