ဌာနတာဝန်ရှိသူအဆင့်ဆင့်၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုင်ကြားမှုအပေါ်ဖြေရှင်းပေးနိုင်မှုအခြေအနေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နေ တိုင်ကြားသူသည် Online Shop Facebook Page မှ Honda Giorno 50CC Efi မော်တော်ဆိုင်ကယ်ကို ငွေကျပ်သုံးသိန်းလေးသောင်း(၃၄၀၀၀ဝိ/-)ဖြင့် ဝယ်ယူခဲ့ပြီး ကျသင့်ငွေအား KBZ pay ဖြင့်ငွေပေးချေခဲ့ကြောင်း၊ ငွေလွှဲပြီးသော်လည်း ပစ္စည်းပေးပို့လာခြင်းမရှိသည့်အတွက် ဖုန်းဖြင့်ဆက်သွယ်သော်လည်းမရသဖြင့် နစ်နာမှုအား ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီဌာန၏ Facebook စာမျက်နှာသို့ Messenger မှတစ်ဆင့် တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်ကြားခံရသည့် Online Shop ၏လိပ်စာမှာ မြဝတီမြို့ဖြစ်သောကြောင့် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ကရင်ပြည်နယ်ဦးစီးမှူးရုံးသို့ချိတ်ဆက်၍ Online Shop ဆိုင်သည် ဖော်ပြပါလိပ်စာတွင် အမှန်တကယ်ရှိ/မရှိနှင့် တိုင်ကြားခံရသူ၏ ဖုန်းနံပါတ်၊ လိပ်စာနှင့်အမည်တို့အား စုံစမ်းခဲ့ပါသည်။    

     ကရင်ပြည်နယ်ဦးစီးမှူးရုံးကလည်း တိုင်ကြားခံရသည့် Online Shop Facebook Page ဖြစ်သော (××××××)ဆိုင်ပါ ဖုန်းနံပါတ်အား ဆက်သွယ်ခဲ့ရာ ဖုန်းမကိုင်ခြင်း၊ ဖုန်းပြန်ချပစ်ခြင်း၊ စက်ပိတ်ထားခြင်း၊ တိုင်ကြားစာတွင် ဖော်ပြထားသည့်ဆိုင်လိပ်စာသို့ မြေပြင်ကွင်းဆင်းစုံစမ်းခဲ့ရာ အဆိုပါ ကုမ္ပဏီမရှိသည့်အပြင် လိပ်စာအနီးတစ်ဝိုက်တွင်လည်း ဆိုင်ကယ်အရောင်းဆိုင်မရှိကြောင်း စုံစမ်း တွေ့ရှိခဲ့ပါသည်။

    ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၃) ရက်နေ့တွင် တိုင်ကြားသူနှင့်တွေ့ဆုံ၍ တိုင်ကြားသည်မှစ၍ အဆင့်ဆင့်စုံစမ်းရရှိမှုအခြေအနေများ၊ လက်ရှိကာလ၌ Online Shop ဖြင့် ရောင်းချမှုများ တွင်ကျယ်လျက်ရှိကြောင်း၊ Online Shop ဖြင့်ဝယ်ယူမည်ဆိုပါက ပစ္စည်းတန်ဖိုးအနည်း/အများမခွဲခြားဘဲ ဝယ်ယူမည့်သူက စိစစ်သုံးသပ်ရမည့်အချက်များရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website နှင့် Facebook Page တို့တွင်သတိပြုရန်အချက်များကို ဖော်ပြထားသဖြင့် လေ့လာနိုင်ပြီး သိရှိလိုက်နာဆောင်ရွက်နိုင်ကြောင်းနှင့် ဌာနကဆောင်ရွက်နေသောလုပ်ငန်းများအကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ရာ တိုင်ကြားသူကလည်း စိတ်ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းခဲ့ပါသည်။

DOCA(စစ်ကိုင်း)