ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုမှ အမျိုးသားအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆီသို့ …

Powered by Drupal

ထုတ်လုပ်မှုမှသည် ဈေးကွက်ဆီ …

       သီးနှံများ၊ ထွက်ကုန်များ၊ ကုန်စည်များ ထုတ်လုပ်ခြင်း၏ အဓိကပန်းတိုင်သည် စားသုံးရန် ဖြစ် သော်လည်း စားသုံးမှုမှ ပိုလျှံမှုများအတွက် ဈေးကွက်သည် မရှိမဖြစ်လိုအပ်သော အရာပင်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် ပြည်တွင်းထုတ်ကုန်များအား ထုတ်လုပ်မှုတိုးတက်စေရန်၊ ပြည်တွင်းစားသုံးမှု တိုးတက်မြင့်မားရန်၊ စားသုံးမှုမှ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရန်ဟူသည့် မူဝါဒများကို ကဏ္ဍ အလိုက် ချမှတ်ဆောင်ရွက်လျှက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒ (၁၂) ရပ်တွင်လည်း "ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေခြင်းနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာ ကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေးပုံစံဖော်ထုတ်ရန်" ဟူ၍ ပါရှိ ပါ သည်။ အဆိုပါမူဝါဒကို အကောင်အထည်ဖော်ရာတွင် ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရေး၊ စားသုံးမှုဖူလုံ စေရေးနှင့် ဈေးကွက်ရရှိရေးတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်ရမည်ဆိုသည့်အချက်မှာ ထင်ရှားလျက် ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍတို့အပေါ် အခြေခံ၍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများစွာ ပိုင်ဆိုင်လျှက်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ထို့ပြင် သဘာဝတရားက ကောင်းစွာပေးအပ်ထားသည့် စိုက်ပျိုးရေးကဏ္ဍတွင် ကုန်ထုတ် လုပ်မှုတိုးတက်အောင်နှင့် ခေတ်မီအောင်လုပ်ဆောင်နိုင်ပါက အာဆီယံနှင့် အာရှဒေသတွင်းတွင် အဓိက စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်သွယ်ရေးဗဟိုချက်မဖြစ်လာမည့် အလားအလာ ကောင်းများစွာရှိနေကြောင်း လေ့လာမှုစစ်တမ်းတစ်ခုအရ သိရှိရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ လယ်ယာလုပ်ငန်းအပါအဝင် စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီဖွံ့ဖြိုးသည့် စီးပွားရေးပုံစံအဖြစ် ပေါ်ပေါက် လာစေရန် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

      ၂၀၂၀ ပြည့်နှစ်စာရင်းအရ မြန်မာနိုင်ငံ၏လူဦးရေသည် (၅၄) သန်းကျော်ရှိပြီး အာဆီယံတွင် ပဉ္စမမြောက် လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်ပါသည်။ အဆိုပါအချက်သည် ထုတ်ကုန်များအပေါ် ပြည်တွင်းဈေးကွက်အတွက် အလားအလာကောင်းများစွာ ဖြစ်ပေါ်စေနိုင်သကဲ့သို့ ပြည်တွင်းထုတ်လုပ်မှု ကိုလည်း အားကောင်းစေနိုင်မည့် မောင်းနှင်မှုကို ဖြစ်စေပါသည်။ ထို့ပြင် မြန်မာနိုင်ငံသည် စီးပွားရေး အင်အားကြီးမားပြီး ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်း၊ ကမ္ဘာ့နိုင်ငံများသို့ ရေလမ်းခရီးပါ ဆက်သွယ်သွားလာနိုင်သည့် အခွင့်အရေးများ ရှိနေခြင်း စသည်တို့သည် မြန်မာ့ထုတ်ကုန်များအတွက် ဈေးကွက်ဖော်ဆောင်ရေးတွင် အားသာချက်များဟု ဆိုနိုင် မည်ဖြစ်ပါသည်။ ထို့ကြောင့် ထုတ်လုပ်မှုအား ပြည်တွင်း၊ ပြည်ပဈေးကွက် နှစ်ခုလုံးအတွက် မျှော်မှန်း ဆောင်ရွက်သင့်ပါသည်။ ထုတ်လုပ်မှုနှင့် ဈေးကွက်သည် အပြန်အလှန်သက်ရောက်လျှက်ရှိပြီး ထုတ်ကုန်၏ အရည်အသွေးနှင့် ပမာဏအပေါ်မူတည်၍ ဈေးကွက်ခိုင်မာမှုရှိနိုင်မည်ဖြစ်သကဲ့သို့ ဈေးကွက်၏ အနေ အထားအပေါ် မူတည်၍လည်း ထုတ်လုပ်မှုကို ချိန်ထိုးလုပ်ဆောင်သင့်ပါသည်။ လက်ရှိအခြေအနေ၌ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းစဉ်များအပေါ် အဓိကသက်ရောက်လျှက်ရှိသောအချက်မှာ ဈေးကွက် ရရှိမှုပင် ဖြစ်ပါသည်။ ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ဈေးကွက်ရရှိရေးတို့အတွက် အခြေခံကျသော အချက် များအား ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ပါသည်။

ထောက်ပံ့ပို့ဆောင်ရေး (logistics)

       ထောက်ပံ့ပို့ဆောင်ရေး (logistics) သည် ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးလုပ်ငန်းများတွင် အဓိကကျသော ကဏ္ဍတစ်ခုဖြစ်ပါသည်။ ထုတ်ကုန်များ ဈေးကွက်သို့ လွယ်ကူချောမွေ့စွာ ရောက်ရှိ ရန်မှာ logistics ၏ ပါဝင်မှုသည် များစွာဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါသည်။ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ၏ အဓိကရည်ရွယ်ချက်မှာ မှန်ကန်သောအရည်အသွေးရှိသည့် ထုတ်ကုန်များ စားသုံးသူ များထံသို့ အချိန်မီရောက်ရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းများတွင် ကုန်ကျစရိတ်သက်သာစေရန် ဖြစ်ပါ သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း နည်းပါး နေခြင်း၏ အဓိကအတားအဆီးမှာ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးစရိတ်စကများ ကြီးမားနေခြင်း ကြောင့် ဖြစ်ကြောင်း သုံးသပ်ကြပါသည်။ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအတွင်းတွင် ထောက်ပံ့ ရေးနှင့် ပို့ဆောင်ရေးလုပ်ငန်း ကုန်ကျစရိတ်များ အကြီးမားဆုံးဖြစ်နေကြောင်း သိရှိရပါသည်။ ထိုသို့ ကုန်ကျစရိတ် မြင့်မားခြင်းကြောင့် ထုတ်ကုန်များ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင်ရောက်နိုင်ရန် အခက် အခဲများဖြစ်ပေါ်ကြရပါသည်။ ထို့ကြောင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များအပြင် ထုတ်ကုန် များ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုပါ လျော့ချနိုင်မှသာလျှင် ဈေးကွက်ဝင်ရောက်နိုင်စွမ်းမှာ တိုးတက် ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။

       ထုတ်ကုန်များ လိုအပ်သည့်နေရာသို့ ရောက်ရှိစေရေးအတွက် ထောက်ပံ့ပို့ဆောင်မှုတွင် အရေး ပါဆုံးလုပ်ငန်းမှာ သယ်ယူပို့ဆောင်ရေးပင်ဖြစ်ပါသည်။ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် ထောက်ပံ့ပို့ဆောင်မှုတွင် သယ်ယူပို့ဆောင်ရေး၏အခန်းကဏ္ဍသည် ပို၍ပင် အရေးပါလာပါသည်။ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများသည် လူနေမှုဘဝ အတွက် မရှိမဖြစ်လိုအပ်ချက်များဖြစ်ပြီး အဆိုပါလုပ်ငန်းများမှာ ကုန်စည်များကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းခြင်း၊ ထိမ်းသိမ်းသိုလှောင်ခြင်း၊ ကိုင်တွယ်ဆောင်ရွက်ခြင်းနှင့် သုံးစွဲသူများ လက်ဝယ်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးခြင်း စသည်တို့ဖြစ်ပါသည်။ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လေကြောင်း လိုင်းများ၊ ရထားပို့ဆောင်ရေးလုပ်ငန်းများ၊ သင်္ဘောတင်လုပ်ငန်းများ၊ ဆိပ်ကမ်းလုပ်ငန်းများနှင့် ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းများပါဝင်ပါသည်။ အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ ကုန်သွယ် ရေးလုပ်ငန်းများအပါအဝင် ထုတ်ကုန်များ၏ ဈေးကွက်ရရှိမှုကို အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဒေသအလိုက် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်လာစေရန်နှင့် ထုတ်ကုန်များ ဈေးကွက်ရရှိ စေရန်အတွက် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းများကို လွယ်ကူကောင်း မွန်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မူဝါဒချမှတ်သူများအနေဖြင့် လုပ်သာကိုင်သာရှိသော အစီအမံများ ချမှတ်ရန်လိုအပ်သကဲ့သို့ လက်တွေ့ အကောင်အထည်ဖော်ကြရ မည့်သူများကလည်း မြေပြင်တွင်ဖြစ်ပေါ်လျှက်ရှိသည့် အခက်အခဲများ၊ ကိစ္စရပ်များအပေါ် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ အထူးသဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အဓိကပါဝင်ဆောင်ရွက်ကြရသည့် ထုတ်လုပ်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာအစိုးရဌာနများသည် "မိမိတို့ဒေသအလိုက် ကုန်သွယ်မှုနှင့်ပတ်သက်၍ logistics နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများကို သုံးသပ်ဖော်ထုတ်၍ အထက်တာဝန်ရှိသူ အဆင့်ဆင့်သို့ တင်ပြခြင်း၊ ကုန်ကျစရိတ်ကြီးမြင့်နေမှုများရှိပါက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းခြင်း၊ လွယ်ကူချောမွေ့ သည့် ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်မှုဖြစ်ပေါ်စေရေး ပေါင်းစပ်ဆောင်ရွက်ခြင်း၊ ကုန်စည်စီးဆင်း မှုနှင့် သယ်ယူပို့ဆောင်မှုဆိုင်ရာအခြေအနေများအပေါ် လေ့လာသုံးသပ်ခြင်း" စသည်တို့ကို ပြုလုပ်  ဆောင်ရွက်ခြင်းသည် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ကောင်းများပင် ဖြစ်ပါ သည်။

ဆက်လက်ဖော်ပြပါအုံးမည် … ။

  အောင်ဆန်းလင်း(DOCA)