HighLight News

Powered by Drupal

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest -EOI) ခေါ်ယူခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန လက်အောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီးဘေးတွင် တည်ရှိပါသည်။

          ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများမှ ပြည်ပ သို့ တင်ပို့သည့် လယ်ယာထွက်ကုန်သီးနှံများနှင့် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းသည့် စားသုံးဆီများ၏ အရည်အသွေးများအား ဓာတ်ခွဲစမ်းသပ်စစ်ဆေး၍ ရလဒ်များအား  Test Report ထုတ်ပေးလျက်ရှိပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်(ISO/ IEC 17025) ရရှိရေး၊ ပို့ကုန်သွင်းကုန် များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် အထောက်အကူဖြစ်စေရေးနှင့်  စီးပွားဖြစ် တွက်ချေကိုက်မှု ရှိစေရေး (Commercialization) တို့အတွက် ပြည်တွင်းလုပ်ငန်းရှင်များနှင့် Joint Operation စနစ် ဖြင့် အကျိူးတူပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။

          သို့ပါ၍ စိတ်ပါဝင်စားသည့် ကုမ္ပဏီများ အနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ပုံစံကို www.doca.gov.mm တွင် download ရယူ၍  ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့ ရုံးချိန်အတွင်း  နောက်ဆုံးထား၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်သို့ လိပ်မူ၍လည်းကောင်း၊ အီးမေးလ် itqmconsumer@gmail.com သို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI)  နှင့်အတူပူးတွဲ တင်ပြရမည့်ကုမ္ပဏီဆိုင်ရာ အထောက်အထားများ

          (က) လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြ၍ ဆောင်ရွက် မည့် လုပ်ငန်းစီမံချက် (Work Plan ၊ Budget Plan) နှင့်အတူ အကြောင်းကြားစာ

          (ခ)   သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

          (ဂ)   အဆိုပြုကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီဖြစ်ရန်နှင့် နည်းပညာအရ ပူးပေါင်းဆောင်ရွက် မည့် ပြည်ပကုမ္ပဏီ ရှိပါက ယင်းကုမ္ပဏီ၏ အချက်အလက်များ (ပူးတွဲဖြင့် တင်ပြရန်)

          (ဃ) ရင်းနှီးမြှုပ်နှံလိုသည့်ကုမ္ပဏီ၏ လုပ်ငန်းအတွေ့အကြုံ (ပြည်တွင်းရှိ အစိုးရဌာန၊ အဖွဲ့ အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိပါက ယင်းဌာန၊ လုပ်ငန်းအဖွဲ့ အစည်း၏ ထောက်ခံချက်၊ ပြည်ပတွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိပါက ယင်း အထောက်အထားများကို ပူးတွဲဖြင့် တင်ပြရန်)

          (င)   ရင်းနှီးမြှုပ်နှံလိုသည့်ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေနှင့်သက်ဆိုင်သည့် အထောက် အထားများ (ယခင် ၃ နှစ်အတွင်း လက်မှတ်ရ စာရင်းစစ်အဖွဲ့က စာရင်းစစ်ဆေးထား သည့် အစီရင်ခံစာ)

          (စ)   ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person အမည်၊ ရာထူး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် Email လိပ်စာ

                  (အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၃၄၃၀၄၅၉၊ ၀၆၇-၃၄၃၀၅၁၀)

 

 

 

စားသုံးသူရေးရာဦးစီးဌာန

တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးတွင် Talk Show ကျင်းပပြုလုပ်ခြင်း

              စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများကို မိမိတို့စားသုံးသူရေးရာဌာန၏ ဗဟုသုတရေးရာများ သိရှိနားလည် တိုးတက်မှုများရရှိစေရန် ရည်ရွယ်၍ Talk Show အစီအစဉ်များ ကျင်းပပြုလုပ်လျှက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကို ( ၂၁.၉.၂၀၂၆ ) ရက်နေ့ တွင် တမူးမြို့နယ်တာဝန်ခံ ဦးစွမ်းရည်(ဦးစီးမှူး)နှင့် ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း (ဒုကြီးကြပ်ရေးမှူး)တို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင်  အစားအသောက်ဝယ်ယူရာ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် ညွှန်ကြားချက်များနှင့်အညီ ရွှေးချယ်ဝယ်ယူစားသုံးကြရန်၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် သက်တမ်းလွန်ဆေးဝါးများ၊ အစားအစာများအား ဝယ်ယူသုံးစွဲခြင်းမပြုရန်နှင့် ဆီစားသုံးမှုလျော့ချရေးနှင့် ဆီအလွန်အကျွံ စားသုံးခြင်းကြောင့် ဖြစ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများအကြောင်းကို Talk Show အစီအစဉ်ကျင်းပပြုလုပ်ခဲ့ကြောင်း  သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်အတွင်း ဖြစ်ပေါ်နေသောအခြေအနေ ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၁)ဦးသည် မြေပြင်စစ်ဆေးရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားချက်အရ “ပဲဆီနှင့် နှမ်းဆီဈေးကွက်တွင် အရောအနှောဆီများ လိမ်လည်ရောင်းချမှု မြင့်တက်လာ”ဟူသည့် သတင်းဖော်ပြချက်အပေါ်  ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်(၆)ဆိုင်သို့ ကွင်းဆင်းစိစစ်ခဲ့ရာတွင် လက်ရှိဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် စားသုံးဆီဆိုင်များအနေဖြင့် ပဲဆီသန့်၊ နှမ်းဆီသန့်၊ နှမ်းဖြူဆီနှင့် ပဲပိစပ်ဆီများသာ အများဆုံးရောင်းချလျက်ရှိပြီး အရောအနှောဆီများ ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရကြောင်း သိရှိရပါသည်။

         ဈေးကွက်အတွင်း  ရောင်းချနေသော တစ်ပိဿာဈေးနှုန်းများအနေဖြင့် ဒေသတွင်းဆီစက်များမှ ကြိတ်ခွဲထုတ်လုပ်သည့် ပဲဆီသန့် (၂၃၀၀ဝိ/-)၊ ရွှေတောင်ပဲဆီ(၂၂၀၀ဝိ/-)၊ နှမ်းဆီ(၂၀၀၀ဝိ/- မှ၂၁၀၀ဝိ/-)၊နှမ်းဖြူဆီ (၂၁၀၀ဝိ/-)နှင့် ပဲပိစပ်ဆီ(၂၁၀၀ဝိ/-)ဖြင့် ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ စက်တင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန်စည်များနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ဘေး အန္တရာယ်ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၅)(အ.လ.က)ကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအားလည်းကောင်း၊ ဦးစားပေးကုန်စည်များနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မြို့မဈေးရှိ ကုန်စုံဆိုင်များအားလည်းကောင်း၊ ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား အမှတ်(၃)ရပ်ကွက်ရှိ “ရှိုင်း”မုန့်မျိုးစုံလုပ်ငန်းအားလည်းကောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း(၄)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ (အ.ထ.က)ကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ ကုန်ပစ္စည်းအတုအပများနှင့် သက်တမ်းလွန်စားသောက်ကုန်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/ ၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်တွင် ပဲဆီနှင့်နှမ်းဆီဈေးကွက်တွင် အရောအနှောဆီများ လိမ်လည်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

      (၂၅.၉.၂၀၂၆) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) မှ ဦးဆောင်၍ ဝန်ထမ်း ( ၂ ) ဦးနှင့် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ကလေးမြို့ပေါ်ရှိ စားသုံးဆီရောင်းချသည့် ဆီဆိုင်များတွင် ပဲဆီနှင့် နှမ်းဆီများကို ဈေးကွက်အတွင်း  ရောနှော၍ လိမ်လည်ရောင်းချမှုများ ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ပြည်တွင်းဆီဈေးကွက်အတွင်း မြေပဲဆီနှင့် နှမ်းဆီစားသုံးမှု မြင့်တက်လာသည့်အပေါ် အခွင့်ကောင်းယူပြီး နာမည်ရရှိပြီးသော အမှတ်တံဆိပ်အချို့အနေဖြင့် ဆီအရောအနှောများပြုလုပ်ရောင်းချနေသည့်အပေါ်တွင် စားသုံးသူပြည်သူများအနေဖြင့် မြေပဲဆီနှင့် နှမ်းဆီစစ်စစ်ထက် ရှောနှောဆီများကြောင့် ဆီချေးနံ့နံခြင်း၊ အနံ့မမွှေးခြင်းများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အတွက် ကလေးမြို့ပေါ်ရှိ၊ အောင်မြေမာန်ရပ်ကွက်၊ အောင်ဇေယျ ရပ်ကွက်နှင့် သဇင်ရပ်ကွက်အတွင်းရှိ စားသုံးဆီရောင်းဆိုင်များတွင် ရောနှောဆီများ ရောင်းချမှု ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စားသုံးဆီများရောင်းချရာတွင် မိမိရောင်းချသည့် အမှတ်တံဆိပ်ပေါ်တွင် ကပ်နှိပ်ထားသော ကုန်အညွှန်းအမှတ်အသားများတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြထားရမည်ဖြစ်ပြီး အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ကို မြန်မာဘာသာဖြင့် ဖော်ပြပါရှိရသည့် စားသုံးဆီများကိုသာ ရောင်းချရန် ပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများအား သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဝန်ထမ်းတို့သည်   ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော််မတီ၏ ညွှန်ကြားချက်အရ သက်ဆိုင်ရာဌာနများဖြင့်ပူး‌ပေါင်း၍ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ( ၂၅ )ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မုံရွာမြို့နယ်၊ မုံရွာမြို့ပေါ်ရှိ " သန့်"  စားသောက်ကုန်လုပ်ငန်းနှင့် ကောင်းကြိုက် စားသောက်ကုန်လုပ်ငန်းများသို့ MSME - လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      အဆိုပါကွင်းဆင်းရာတွင် ထုတ်လုပ်သော ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၄၁)၊ (၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ပတ်သက်၍ ပြုလုပ်ရေးသားဖော်ပြရန်နှင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် စားသုံးသူ စိတ်ကျေနပ်မှုရှိစေရေး၊ လုပ်ငန်းခွင်တွင် သန့်ရှင်းသပ်ရပ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရ မှုရှိစေရေးတို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား၂၀၂၆ ခုနှစ်၊ စက်တင် ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းများသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ငွေအိုး” ဆေးနှင့်ဆေးပစ္စည်းဆိုင်အား  ဈေးနှုူန်းမြှင့်တင် ရောင်းချခြင်းရှိ/မရှိနှင့် ဆေးဝါးများပြတ်လပ်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရရှိမှုအခြေအနေ၊ ရောင်းချနေသည့် ဈေးနှုန်းများမြင့်တက်ခြင်းရှိ/ မရှိနှင့် ဆေးလက်ကျန်တို့အား အဓိကစစ်ဆေးခဲ့ကြောင်း၊ ဆက်လက်၍ ဆေးဝါးများ၏ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ၊ စံမညီဆေးဝါးများကို ရောင်းချခြင်းမပြုရန် လုပ်ငန်းရှင်များအား အသိပညာပေးခဲ့ကြောင်း၊ ထို့အပြင် ဆေးဝါးများကို စည်းကမ်းတကျ သိုလှောင်ထားရှိမှုရှိ/မရှိ၊ ဆေးဆိုင်လိုင်စင် တရားဝင်ရှိ/မရှိတို့ကိုလည်း စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်း မြှင့်တင်ရောင်းချရန်အလို့ငှာ သိုလှောင်ခြင်းများ ပြလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး မြို့မဈေးရှိ ဆန်ဆိုင်များအား ကွင်းဆင်း

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၂)ဦးတို့သည် ကန့်ဘလူမြို့မဈေးရှိ ဆန်လက်လီ၊လက်ကား ရောင်းချသည့်ဆိုင်များအား ဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်သိုလှောင်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ကြောင်း၊ ထို့နောက်တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေ အနေတို့အား စစ်ဆေးခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်တန်ချိန် ၂၅ သို့မဟုတ် စပါးတင်း ၂၅၀၀နှင့် အထက် သိုလှောင်ရုံပိုင်ဆိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် Myanmar Rice Online(MyRo)- www.myro.com.mmတွင်မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားကာ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီကားရောက်ရှိမှုနှင့် လက်လီအရောင်းဆိုင်များအား      ပုံမှန်ကွင်းဆင်းစစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင်မှ တာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုနှင့် စားအုန်းဆီ လက်လီအရောင်းဆိုင်များအား   အချိန်အတွယ်မှန်ကန်မှု ရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကန့်ဘလူမြို့နယ်၌ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ  လက်လီအရောင်းဆိုင်များမှ စားအုန်းဆီကို ရည်ညွှန်းဈေးနှုန်းနှင့် ၂% အမြတ်တို့ဖြင့်  အိမ်ထောင်စုတစ်စု(စာအုပ်တစ်အုပ်)လျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း၊ သယ်ယူပို့ဆောင်ရေး လမ်းခရီးအခြေအနေအရ ဆီရောက်ရှိမှုအပေါ်မူတည်၍ အိမ်ထောင် စုတစ်စု(စာအုပ်တစ်အုပ်)လျှင် သတ်မှတ်ထားသည့် (၂)ပိဿာနှုန်းပြည့်မီအောင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း လက်လီအရောင်းဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့အကောက်ခွန်(ကင်းစခန်း)၌ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းထားပြီး အများပြည်သူသုံးစွဲရန်မသင့်သော ပိတ်ပင်တားမြစ်ကုန်ပစ္စည်းများအား မီးရှို့ဖျက်ဆီး

    (၂၃.၉.၂၀၂၆) ရက်နေ့တွင် တမူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ ကလေးမြို့ အကောက်ခွန် (ကင်းစခန်း) ၌ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းထားပြီး အများပြည်သူသုံးစွဲရန်မသင့်သော ပိတ်ပင်တားမြစ်ကုန်ပစ္စည်းအား မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ တမူးမြို့မှ ဦးလှိုင်ဝင်းကျော် ( လ/ထအကောက်ခွန်မှူး ) မှ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနတို့ပူးပေါင်း၍  ကလေးမြို့အကောက်ခွန် (ကင်းစခန်း) တွင် မီးရှို့ဖျက်ဆီးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         မီးရှို့ဖျက်ဆီးရာတွင် တမူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ ကလေးမြို့ အကောက်ခွန် (ကင်းစခန်း) တွင် ( ၂−၈−၂၀၂၆ ) ရက်နေ့တွင် သိမ်းဆည်း အရေးယူဆောင်ရွက်ခဲ့ပြီး ( ၃၁−၈−၂၀၂၆ ) ရက်နေ့တွင် သိမ်းဆည်းမိန့်ထုတ်ပြန်ထားပြီးဖြစ်သည့် အများပြည်သူသုံးစွဲရန်မသင့်သော ပိတ်ပင်တားမြစ် ကုန်ပစ္စည်းဖြစ်သည့် Brand; ESSE Speical Gold Cigaretes, ( 1×10U×50 Ctn ), ( 26 ) Pkgs, 1300 Ctn, C/O – S/Krea ခန့်မှန်းတန်ဖိုးအနေဖြင့် ကျပ် ( ၃၂,၅၀၀၀,၀၀၀ ) အား နံနက် ( ၁၀:၀၀) နာရီအချိန်မှ စတင်၍ ( ၁၂:၄၃၀ ) နာရီအချိန်ထိ ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News