HighLight News

Powered by Drupal

ဒေးဒရဲမြို့နယ်၌ MSME လုပ်ငန်းများအတွက် စားသုံးသူအကာအကွယ်ပေးရေးနှင့် ကုန်စည်အညွှန်းအမှတ်အသားများ စိစစ်ဆောင်ရွက်

             ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့၊‌ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဒေသတွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ ထုတ်လုပ်ရက်၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းများ၊ အသုံးပြုပုံနှင့် ထုတ်လုပ်သူအချက်အလက်များအား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စိစစ်ကြည့်ရှုခဲ့ကြသည်။ ထို့အပြင်  MSME လုပ်ငန်းရှင်များအား စားသုံးသူအခွင့်အရေးများကို လေးစားလိုက်နာဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ် ကင်းရှင်းသော ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ကြရန် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ်တွင် လူငယ်ရေးရာ စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၉.၆.၂၀၂၆) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြန်​အောင်မြို့၊ အုတ်ရှစ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အုတ်ရှစ်ကုန်းတွင် ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ စကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူတို့ အနေဖြင့် အသင့်စားမုန့်များဝယ်ယူ စားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးရက်များ အဓိကဖက်ရှု့ရမည်ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းဈေးတန်းနှင့် ပြင်ပဈေးဆိုင်များတွင် စားသုံးရန် မသင့်သောအစားအစာများနှင့် ရရှိလာမည့်ဆိုးကျိုးများအကြောင်း စသည့်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

      ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့် အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စိုက်ပျိုးရေးဆေးဆိုင်နှင့် ဓါတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       (၁၉.၆.၂၀၂၆)နေ့ (၁၀:ဝ၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များနှင့် ဓါတ်‌မြေဩဇာများအား အရည်အသွေးနှင့်အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချခြင်းရှိ/ မရှိနှင့် သိုလှောင်ခြင်း၊ဈေးကစားခြင်းများရှိ/ မရှိအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးသည် မြန်အောင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များနှင့် ဓါတ်မြေဩဇာ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

        ထိုသို့စစ်ဆေးခဲ့ရာတွင် မြန်အောင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးနှင့် ဓါတ်‌မြေဩဇာ အရောင်းဆိုင်များတွင် G-46 (လုံးကြီး) တစ်အိတ်လျှင် ၁၄၅၀၀၀/- ကျပ်နှင့် 15:15:15: (ကွန်ပေါင်း) တစ်အိတ်လျှင် ၁၂၀၀၀၀/- ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ဓါတ်မြေဩဇာများ၏ အရည်အသွေးနှင့် အလေးချိန်များပြည့်ဝမှုရှိကြောင်း တွေ့ရှိရပါသည်။ သိုလှောင်ထားမှုမရှိဘဲဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ ဒေသတွင်း စားသောက်ကုန် လုပ်ငန်းရှင်များအား MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၉.၆.၂၀၂၆)ရက်နေ့ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင်  ကြံခင်းမြို့၊ မင်းသိရီ-၂ရပ်ကွက်၊ ‌မြို့ဦးခန်းမတွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍  သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်း ပြည့်မီအောင်ထုတ်လုပ်နိုင်ရေးနှင့် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြနိုင်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆွေးနွေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များ ဝယ်ယူစားသုံးသူ မိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့်စီးပွား‌ရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့်​ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အမှတ်(၁)ရပ်ကွက်တွင်  ဆီဝယ်ယူခွင့်စာအုပ်ဖြင့်​ ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေး၊ အလေးချိန်၊ အကြိမ်အရေအတွက်၊ ဈေးနှုန်းမှန်ကန်မှုရှိမရှိ မြန်အောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်သည် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကွင်းဆင်းစိစစ်မှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ မြန်အောင်ခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှတစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီ ကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ မြန်အောင်မြို့နယ် အမှတ်(၁)ရပ် ကွက်ရှိ အိမ်ထောင်စု ၂၂၀ အား စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်အိမ်ထောင်လျှင်(၅၀ ကျပ်သား) ဖြင့် ပိဿာချိန် ၁၀၀ ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA (ဧရာဝတီ)

အ.လ.က မြင်းတဲကျောင်းတွင်  လူငယ်ရေးရာအသိပညာပေး ဟောပြော

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊  အခြေခံ ပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၈.၆.၂၀၂၆)နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့၊ မြင်းတဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင်  ကျောင်းသား/ ကျောင်းသူ (၁၄၀) ဦးအား လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာပေ၏ အကျိုးကျေးဇူးများအကြောင်း သိကောင်းစရာများအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပြီး နံနက်(၁၁:၀၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားသုံးဆီဖြန့်ဖြူးကြီးကြပ်ရေးအဖွဲ့မှ အိမ်ထောင်စုအလိုက် ဆီဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စားသုံးဆီဖြန့်ဖြူးကြီးကြပ် ရေးအဖွဲ့သည် (၁၉.၆.၂၀၂၆)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ် ရှမ်း​ခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၄၀၀)အား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဝယ်ယူရာတွင် တစ်လရရှိမှု အကြိမ်ရေ၊ ဈေးနှုန်း၊ အလေးချိန်အပြည့်အဝရရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းရာတွင် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း ခွဲတမ်းရ စားသုံးဆီ ကုန်စုံဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ်ရောင်းချပေးရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေး ရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူး ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး အင်္ဂပူမြို့နယ် ရှမ်း​ခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု(၄၀၀)အား စားအုန်းဆီ ပိဿာ(၂၀၀) သတ်မှတ်ရည်ညွှန်းစျေး ဖြင့်ရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA (ဧရာဝတီ)

ဟင်္သာတခရိုင်ရှိ MyRo တွင် ဆန်စက်သိုလှောင်ရုံများရှိ စပါး/ဆန်လက်ကျန် အခြေအနေများအား မြေပြင်စိစစ်ကောက်ယူခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ရှိ ဆန်သိုလှောင်ရုံများအား  (၁၉.၆.၂၀၂၆)နေ့ နံနက် (၀၈:၃၀) နာရီအချိန်မှစ၍ ဇလွန်မြို့နယ်ဆန်စက်များ၊ သိုလှောင်ရုံများအား Myro မှတ်ပုံတင်သက်တမ်းများတိုးရန်နှင့် လစဉ်လဆန်း(၁)ရက်မှ(၁၀)ရက်အတွင်း ဆန်စပါးကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်များဖြည့်သွင်းကြရန် ကွင်းဆင်းအသိပေးဆောင်ရွက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းရာတွင် MyRo တွင် မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ဆွေးနွေးခဲ့ပြီး၊ ဇလွန်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်များသည် ရက်(၉၀)၊ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထ၊ ဆင်းသွယ်(ရှယ်)ဆန်များကို ဒေသတွင်းထွက်ရှိမှုမှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှု အိတ်အရေအတွက် များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာဆန်များ သိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ဧရာဝတီ)

ကွန်ပျုတာတက္ကသိုလ်(ဟင်္သာတ)တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် တာငါးဆယ်(တ)ရပ်ကွက်ရှိ ကွန်ပျုတာတက္ကသိုလ်ခန်းမ၌ ကျောင်းသား/ ကျောင်းသူနှင့် ဆရာ/ဆရာမ(၂၅၀)ဦးအား (၁၈.၆.၂၀၂၆)နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာနမှ  ဟင်္သာတခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းအသိပညာပေး ဟောပြောခြင်းနှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ကွန်ပျုတာတက္ကသိုလ်ဆရာကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊  စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိ၍ ဖြေရှင်းဆောင်ရွက်မှု  အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က  စားသုံးသူရေးရာဦးစီးဌာန၏ နှစ်စဉ် မတ်လ(၁၅)ရက်နေ့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်  တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များအကြောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ကို လည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသူ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမ (၂၅၀)ဦးအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးနှင့် ဓါတ်‌မြေဩဇာအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

         (၁၈-၆-၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဟင်္သာတခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  မီးသတ်တပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဟင်္သာတမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးနှင့် ဓါတ်‌မြေဩဇာအရောင်းဆိုင်များအား သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချမှု မရှိစေရေး၊ အရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရေး၊ သိုလှောင်ပြီး ဈေးကစားခြင်းများ မပြုလုပ်စေရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထိုသို့စစ်ဆေးခဲ့ရာတွင်  ဟင်္သာတမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးနှင့် ဓါတ်‌မြေဩဇာ အရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိပြီး၊ ဓါတ်မြေဩဇာများ၏ အရည်အသွေးနှင့် အလေးချိန်များ ပြည့်ဝမှုရှိကြောင်း တွေ့ရှိရပါသည်။ သိုလှောင်ထားမှုမရှိဘဲဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News