HighLight News

Powered by Drupal

စားသုံးသူကာကွယ်ရေး ပြည်သူအသိပညာပေး

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ညောင်ပင်ဝဲအုပ်စု၊ ညောင်ပင်ဝဲကျေးရွာ၌ (၁၈.၆.၂၀၂၆)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာနမှ လေးမျက်နှာမြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးဦးဆောင်သောအဖွဲ့သည် ပြည်သူ(၄၀)ဦးအား ဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ပြည်သူများ  ရရှိနိုင်မည့် အခွင့်အရေးများအား အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများအား ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များကို လိုက်နာ‌ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အစားအသောက်နှင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော  ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်း၊ အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်းကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ပေါ်ရှိ  MSME ထုတ်ကုန် လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

          ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့၊ နေ့လယ် (၁၃း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်တာဝန်ခံနှင့် မုံရွာမြို့နယ်တာဝန်ခံတို့သည် မြို့ပေါ်ရှိ MSME ထုတ်ကုန် ထုတ်လုပ်သည့် Htoo Sann အမှတ်တံဆိပ်၊ Myo Thiri အမှတ်တံဆိပ်နှင့် စိန်သီဟအမှတ်တံဆိပ် စုစုပေါင်း အမှတ်တံဆိပ် ( ၃ )မျိုးတို့အား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ / မရှိနှင့် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ‌ ဖော်ပြထားခြင်း ရှိ/ မရှိ တို့အား မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ အဆိုပါ လုပ်ငန်း ( ၃ )ခုအား ညွှန်ကြားချက်နှင့် ပြည့်စုံ၊ ကိုက်ညီမှု ရှိ / မရှိ စစ်ဆေးရာတွင် ကိုက်ညီမှုမရှိသေးသည့် ကုန်အမှတ်တံဆိပ်များအား အချိန်ကာလ ၁ လ သတ်မှတ်၍ ပြင်ဆင်စေပြီး၊ နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ဖွင့်လှစ်သော အခြေခံစက်ချုပ် နည်းပညာသင်တန်း၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြော

          စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်၊ ရွာထောင်ကျောင်းတိုက်၌ “အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းအတွက် ဖွင့်လှစ်မည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း” တွင် ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၉ရက်နေ့ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် တာဝန်ခံ ဒေါ်ကေသီအောင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို သင်တန်းတစ်ချိန် ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ (၁၅ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

          စစ်ကိုင်းမြို့နယ်တာဝန်ခံ ဒေါ်ကေသီအောင်က စားသုံးသူရေးရာဦးစီးဌာန၊ ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၉) ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင် ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်း ထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊  Call Center နံပါတ် 1535 တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး အခြေခံစက်ချုပ်နည်းပညာသင်တန်းသူ (၁)ဦးမှာ Call Center နံပါတ် 1535ဖြင့် နေပြည်တော် (ရုံးချုပ်)သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းမှုများပြားလာ

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် အသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံပွဲများဆောင်ရွက်ရာတွင် တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများ ကို ကာကွယ်နိုင်ရန်နှင့် တရားမဝင်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန်အတွက် Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ မေးမြန်းခြင်း၊ တိုင်ကြားခြင်းများ ဆောင်ရွက်နိုင်ကြောင်း အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ဇွန်လ ၂၂ ရက် နံနက်ပိုင်တွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များကို ပိုမိုသတိပြုမိလာကြပြီး စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ပိုမိုပြုလုပ်လာကြကြောင်း သိရသည်။ စားသုံးသူပြည်သူများသည် နေ့စဉ်လူမှုဘဝတွင် ဝယ်ယူသုံးစွဲနေသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/ မရှိ နှင့် စားသုံးသူအခွင့်အရေး ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို သိရှိလိုသဖြင့် 1535 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းလျက်ရှိကြောင်း သိရသည်။

           ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူများအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သတင်းအချက်အလက်များကို သိရှိလိုပါကဖြစ်စေ၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားလိုပါကဖြစ်စေ ရုံးချိန်အတွင်း  Consumer Call Center နံပါတ် 1535 သို့ အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန (DOCA) ဝက်ဘ်ဆိုက်တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် စနစ်တကျ ရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ မိဘပြည်သူများ စားသုံးဆီဖူလုံမှုရှိစေရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင် ကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများထံသို့ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးနေမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ စားအုန်းဆီ ကိုယ်စားလှယ်အရောင်းဆိုင်များသို့ သွားရောက်ကာ  စားသုံးသူမိဘပြည်သူများ လက်ဝယ်သို့ ဆီအမှန်တကယ်ရောက်ရှိစေရန်အတွက် အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ ၁ ပိဿာနှုန်းဖြင့် စနစ်တကျခွဲတမ်းချ ရောင်းချပေးနေမှုရှိ/ မရှိ၊ စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် မိမိသဘောဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မတရားသဖြင့် ဈေးကစားခြင်းများရှိ/ မရှိ၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ဆီများကို သုံးစွဲနိုင်ရန် စားအုန်းဆီ အရည်အသွေး မှန်ကန်မှု ရှိ/ မရှိနှင့် ဝယ်ယူသူများ နစ်နာမှုမရှိစေရန် အလေးချိန် ပြည့်ဝမှန်ကန်မှု ရှိ/ မရှိ၊ စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်သိမ်းဆည်းပြီး ဈေးကစားခြင်းများပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။"

          ယခုကဲ့သို့ ကွင်းဆင်းကြီးကြပ်ခြင်းကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများသည် စားအုန်းဆီများကို သတ်မှတ်ဈေးနှုန်း၊ အလေးချိန်မှန်ကန်စွာဖြင့် စိတ်အေးချမ်းသာစွာ ဝယ်ယူရရှိလျက်ရှိကြောင်းနှင့် ဆီလာရောက်ဝယ်ယူသူ စားသုံးသူပြည်သူများကိုလည်း စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ နစ်နာဆုံးရှုံးမှုရှိပါက Consumer Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းတို့ကိုပါ တစ်ပါတည်း အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

“ ပြည်တွင်းရှိMSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့၊ အေးသာယာရပ်ကွက်၊ သဇင်(၁၀) လမ်းရှိ “စူပါ”ပါပလာကြော်နှင့် ပါပဘာ(အစိမ်း)များ ဖြန့်ဖြူးရောင်းချသည့် (MSME)လုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်မှူး ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် ဇွန်လ(၂၂)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၎င်းလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် “စူပါ” တံဆိပ်ဖြင့် ပါပလာကြော်နှင့် ပါပလာ(အစိမ်း)တို့တွင် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိစစ်ဆေးပြီး ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် ပြည်တွင်းရှိ (MSME)လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး စီးပွားရေးလုပ်ငန်းရှင်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်များတွင် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြနိုင်ရေးနှင့် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများအား အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ ကော့မှူးမြို့နယ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ”

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကကူပုံ ကျေးရွာအုပ်စု၊ ညောင်တောက်ကျေးရွာတွင် ဇွန်လ(၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲခဲ့ရာတွင် ကကူပုံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေး ရာဦးစီးဌာန အနေဖြင့် ၂၀၁၉ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေကို အတည်ပြုပြဌာန်းလိုက်ကြောင်း၊ ၎င်းဥပဒေတွင် ပါဝင်သည့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန် စသည့်ဥပဒေ၏ ရည်ရွယ်ချက်များ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွား ရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံများပေးခြင်း၊ ကုန်စည်နှင့်စပ် လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်များနှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများစသည့် အချက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောပေးခဲ့ပြီး ကျေးရွာစားသုံးသူပြည်သူများအနေဖြင့် ကုန်စည်များအား ဝယ်ယူသုံးစွဲရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက် စသည့်အချက်များအား မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲခြင်းများ ပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ဒေသခံစားသုံး သူပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျဝယ်ယူစားသောက်တတ်စေရန် ရည်ရွယ်၍ ဇွန်လ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စား သောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားများ အား မြန်မာဘာသာဖြင့် ဖော်ပြရန် ညွှန်ကြားချက်များနှင့် အညီ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ တို့အား ဈေးကွက်အတွင်း‌ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ ကျောင်းသား/ ကျောင်းသူများအား ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူစားသုံးနိုင်အတွက် ရည်ရွယ်၍ ဇွန်လ (၁၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် တွင် အခြေခံပညာမူလွန်ကျောင်း၊ စွယ်တော်ကွင်းရွာ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် စွယ်တော်ကွင်းရွာ၊ အခြေခံပညာမူလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/ ကျောင်းသူများ အနေဖြင့် အသိပညာပေးဟောပြောပွဲမှ ရရှိလာမည့် အသိပညာများကို မိမိတို့၏ နေ့စဉ်ဘဝ၌ ဝယ်ယူစားသုံးနေရသည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် လက်တွေ့ကျင့်သုံးရမည့် အရာများဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်မှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှုများ မရှိစေရန်အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့် အချက်များ၊ ကုန်ပစ္စည်းတစ်ခုချင်းစီး၌ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား သေချာဖတ်ရှုူ့ဝယ်ယူသုံးစွဲကြရန်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ထောက်ခံချက်ရရှိသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသုံးသင့်ကြောင်း စားသုံးသူနစ်နာဆုံးရှုံးမှုများ ရှိလာပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို ဟောပြောခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဆရာ/ ဆရာမ (၅)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၂၀)ဦး၊ စုစုပေါင်း (၁၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်လျောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/ မရှိကို (၂၂.၆.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင်  မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အဝတ်အထည်/ အထည်အလိပ်များရောင်ချသည့် လုပ်ငန်းသို့သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News