ပြည်တွင်း ဆန်စပါး ဈေးနှုန်း၊ ဈေးကွက်သတင်း

Powered by Drupal

          ပြည်တွင်းစပါး၊ ဆန်ဈေးနှုန်းအခြေအနေ။         ပြည်တွင်းစပါးဈေးနှုန်းအနေဖြင့် ဧည့်မထအုပ်စုဝင် (၄၆) ပေါင်ကိုက် စပါးတင်း(၁၀၀) ဈေးနှုန်းမှာ မြို့ကြီးများအလိုက် ယခုနှစ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းမှာ ယခင်နှစ်ကာလတူများတွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ ဆန်ဈေးနှုန်းအနေဖြင့် လည်း ဧည့်မထ ၂၅ %ဆန် (၁၀၈)ပေါင်ဝင် ဆန်(၁)အိတ်ဈေးနှုန်းမှာ မြို့ကြီးများအလိုက် ယခုနှစ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းမှာ ယခင်နှစ်ကာလတူများတွင် ဖြစ်ပေါ်ခဲ့ သော ဈေးနှုန်းများထက် မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ ၂၀၁၆ ခုနှစ်နောက်ပိုင်း ဈေးနှုန်းပြန်လည် မြင့်တက်ခဲ့ ခြင်းဖြစ်ကြောင်းစိစစ်တွေ့ရှိရပါသည်။ စပါး၊ ဆန်ဈေးနှုန်းများသည် အများအားဖြင့် မိုးစပါးစတင်ထွက်ပေါ်လေ့ရှိသည့် နိုဝင်ဘာလ ဆန်းမှစတင်၍ ကျဆင်းလေ့ရှိပြီး ဖေဖေါ်ဝါရီလကုန်ပိုင်းနှင့် မတ်လဆန်းများတွင် ဈေးနှုန်းပြန်တက်လေ့ ရှိပါသည်။

          ယခုနှစ် မိုးစပါးသစ်ထွက်ပေါ်သည့်အချိန်တွင် အိမ်နီးချင်း တရုတ်နိုင်ငံ ပြည်နယ်(၄)ခု၌ ရာသီဥတု ဖောက်ပြန် မှုကြောင့် စပါးခင်းများပျက်စီးခဲ့၍ ဆန်လိုအပ်ချက်မြင့်မားနေပြီး နှစ်စဉ်တရုတ်နိုင်ငံသို့ ဆန်တင်သွင်း နေသည့် ဗီယက်နမ်နိုင်ငံကလည်း မုန်တိုင်းကြောင့် စပါးခင်းများပျက်စီးခဲ့၍ ဆန်ထွက်ရှိမှု နည်းပါးသည့်အတွက် တရုတ် နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသဖြင့် တရုတ်နိုင်ငံသည် လိုအပ်ချက်အရ မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ အမြောက်အများ ဝယ်ယူနေခြင်း၊  ဆန်အပြင် ဆန်ကွဲ ဝယ်လိုအားပါကောင်းခဲ့သဖြင့် ဆန်ထွက်ပစ္စည်းဈေး ပိုမိုရရှိခဲ့ပြီး ကြိတ်ခွဲမှု တွက်ခြေကိုက်နေသည့်အတွက် စပါးရရှိရေး စက်ပိုင်များ ဈေးပေးဝယ်ယူမှုရှိခဲ့ခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ ဘက်မှ ကုန်သည်များကလည်း နယ်ဆင်း၍ စပါးအတိုင်း ဈေးပေးဝယ်ယူမှုရှိခဲ့ခြင်း၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊  ဖိလစ်ပိုင်နိုင်ငံတို့ကလည်း ဆန်ဝယ်ယူရန်မေးမြန်း စုံစမ်းမှုများရှိနေခြင်း၊ မြန်မာနိုင်ငံတွင်လည်း မိုးစပါးစတင် စိုက်ပျိုးချိန်၌ မိုးရေလုံလောက်စွာ မရရှိခဲ့ခြင်း၊ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုကြောင့် စပါးများပျက်စီးမှုရှိသဖြင့် အထွက်နှုန်းလျော့နည်းနိုင်သည့် အခြေအနေတွင်ရှိနေခြင်း တို့ကြောင့် စပါး၊ ဆန်ဈေးများသည် ယခင်နှစ်များထက် မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ လက်ရှိဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းနှင့် နှစ်အလိုက်ဖြစ်ပေါ်ခဲ့သည့် စပါး၊ ဆန်ဈေးနှုန်းနှိုင်းယှဉ်ချက် အခြေအနေမှာ တစ်ဖက်ပါအတိုင်းဖြစ်ပါသည်-

ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့နိုင်မှုအခြေအနေ

            ပြည်တွင်းစားသုံးပြီး ပိုလျှံသည့်ဆန်များအား ပြည်ပသို့တင်ပို့ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း ( ၅၈)နိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်း တန်ချိန်(၁.၇၅၀) သန်း၊ တန်ဖိုးအားဖြင့်(၅၅၃.၉၆၁) ဒေါ်လာသန်း၊  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း( ၅၉ )နိုင်ငံသို့ တန်ချိန်(၃.၅၉၀)သန်း၊ တန်ဖိုးအားဖြင့်(၁၁၄၂.၁၅၉)ဒေါ်လာသန်း၊  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း(၆၆  )နိုင်ငံသို့ တန်ချိန် (၂.၃၅၆)သန်း၊ တန်ဖိုးအားဖြင့် (၇၀၉.၆၉၃) ဒေါ်လာသန်း၊ ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်တွင်  နိုင်ငံပေါင်း( ၆၇ )နိုင်ငံသို့  တန်ချိန်(၂.၅၈၆)သန်း၊    တန်ဖိုးအားဖြင့်    ( ၇၉၄.၃၈၈)ဒေါ်လာသန်း၊ ယခုဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁တွင် (၁၅.၁.၂၀၂၁) ရက်နေ့ထိ နိုင်ငံပေါင်း ( ၃၃ )နိုင်ငံသို့ (၀.၇၂၈)သန်း၊ တန်ဖိုးအားဖြင့်(၂၇၅.၀၇၈)ဒေါ်လာ သန်း တင်ပို့နိုင်ခဲ့၍ နှစ်စဉ်ပျမ်းမျှ (၁.၅)သန်းမှ (၂.၅)သန်းကြား တင်ပို့နိင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်သည် မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှု သမိုင်းတလျှောက် နှစ်ပေါင်း(၇၀) ကာလ အတွင်း  စံချိန်တင် တင်ပို့နိုင်ခဲ့သည့် နှစ်တစ်နှစ်ဖြစ်ပါသည်။ ဧည့်မထဆန်ဖြူ တန်းမြင့်ဆန်များအပြင် ဆန်လုံးညို နှင့် ပေါင်းဆန်၊ ကောက်ညှင်းဆန်များ တစ်နှစ်ထက်နှစ်ပိုမို တင်ပို့နိုင်ခဲ့ပြီး ၊ ယခုနှစ်တွင် တန်းမြင့်ဆန်များ ပိုမို တင်ပို့နိုင်သည့်အတွက် ဈေးနှုန်းပိုမိုရရှိသည့်အပြင် တန်းမြင့်ဆန် ကြိတ်ခွဲထုတ်လုပ်ခြင်းကြောင့် ဆန်ကွဲအထွက် များသော်လည်း ဆန်ကွဲသည်လည်း ဈေးကောင်းရရှိနေသဖြင့် နိုင်ငံခြား ဝင်ငွေပိုမိုရရှိသည့် အားသာချက်ရှိကြောင်း တွေ့ရှိရပါသည်။

        ထိုင်းနိုင်ငံသည် နှစ်ဦးပိုင်းတွင် အဆိုးဆုံးမိုးခေါင်မှုဒဏ်ခံခဲ့ရပြီး ဆန်ထုတ်လုပ်မှုထိခိုက်ခဲ့၍ ဆန်ရောင်း အားနည်းခြင်း၊ ဘတ်ငွေစျေးတက်ခြင်းကြောင့် ဆန်စျေးသည် ပြိုင်ဘက် ဗီယက်နမ်၊ အိန္ဒိယနိုင်ငံတို့ထက် ဆန်စျေး ပိုကြီးမြင့်နေခြင်းတို့ကြောင့်  လက်ရှိတွင် ရောင်းလိုအား နည်းနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

            ဗီယက်နမ်နိုင်ငံတွင်လည်း မုန်တိုင်းကြောင့် စပါးခင်းများပျက်စီးခဲ့၍ ဆန်ထွက်ရှိမှု နည်းပါးခဲ့ခြင်း၊ ကမ္ဘာ့ကပ်ရောဂါကြောင့် စားနပ်ရိက္ခာဖူလုံရေး စိုးရိမ်မှုများရှိနေခြင်းတို့ကြောင့် လက်ရှိတွင် ဆန်ရောင်းလိုအား ကျဆင်းနေကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံတွင် တောင်ပိုင်းပြည်နယ်များ၌ မိုးကြီးမှုကြောင့် ရိတ်လုနီးပါးစပါးများ ပျက်စီးခဲ့ရသဖြင့် စပါးရိတ်သိမ်းမှု သီတင်းပတ်အနည်းငယ်နောက်ကျခဲ့ပြီး အထွက်နှုန်းကျဆင်းနိုင်ဖွယ်ရှိသော်လည်း ယခင်နှစ် ဆန်လက်ကျန်များရှိနေသေးပြီး အခြားဆန်တင်ပို့နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းလည်း ချိုသာနေသည့် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများကလည်း ဆယ်စုနှစ်များစွာအတွင်း အိန္ဒိယ ဆန်တင်သွင်းလာကြကြောင်း သိရှိရပါသည်။

            ၂၀၂၀ ခုနှစ်တွင် နိုင်ငံအတော်များများ၌ ကိုဗစ်ကပ်ရောဂါကြောင့် ဝင်ငွေကျဆင်းမှုနှင့် ကုန်စည် ထောက်ပံ့ရေးလမ်းကြောင်း ပြတ်တောက်မှုများ ဖြစ်ပေါ်နေခြင်း၊  ရေကြီးမှု၊ မိုးခေါင်မှုနှင့် မုန်တိုင်းဒဏ်များခံခဲ့ရ သဖြင့် သီးနှံများပျက်စီးခဲ့ခြင်းတို့ကြောင့်  ရိက္ခာဖူလုံမှုကိုစိုးရိမ်ပြီး ဆန်များသိုလှောင်လာကြပါသည်။ လက်ရှိ အခြေအနေတွင် ထိုင်း၊ ဗီယက်နမ်နိုင်ငံများက ဆန်လက်ကျန်နည်းနိုင်သည့် အခြေအနေတွင်ရှိနေသည့်အတွက် ရောင်းလိုအားနည်းနေပြီး၊ ဆန်တင်သွင်းရန် လိုအပ်နေသည့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံများသည် ဆန်ရောင်းအားရှိသည့် အိန္ဒိယနှင့် မြန်မာနိုင်ငံမှသာ ဝယ်ယူတင်သွင်းရမည်ဖြစ်၍ ပြည်ပဆန်တင်ပို့မှု မြင့်တက် လာနိုင်သလို  ဆန်ဈေးများလည်း မြင့်တက်လာနိုင်ကြောင်း လေ့လာသိရှိရပါသည်။