ဝါစိုက်တောင်သူတို့ဘဝမြင့်မားစေရေး ကွင်းဆင်းလေ့လာဆွေးနွေးပေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၄-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ပွင့်ဖြူမြို့နယ်၊ ကျွဲထိကျေးရွာ၌ ဝါစိုက်ပျိုးလုပ်ကိုင်နေသော ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဝါစိုက်ပျိုးလုပ်ကိုင်နေမှုအခြေအနေများကို ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။

    ပွင့်ဖြူမြို့နယ်တွင် (၂၀၂၃-၂၀၂၄)ခုနှစ်တွင် မိုးရာသီ၏ ဝါစိုက်ဧကလျာထားချက်မှာ  (၁၅၃၅) ဧကဖြစ်ပါကြောင်း၊ ကျွဲထိကျေးရွာမှ တောင်သူများသည် ဝါသီးနှံအား အဓိကထားစိုက်ပျိုးကြပါကြောင်း၊း ယခုနှစ်တွင် ဇွန်လဆန်းမှစတင်၍ စိုက်ပျိုးနေပြီဖြစ်ပါကြောင်း၊ သွင်းအားစုဖိုးအတွက် ငွေများလိုအပ်ပါကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများ (သို့မဟုတ်) သွင်းအားစုများကို  သီးနှံပေါ်ပေးရလျှင် လိုချင်ပါကြောင်း၊ မိမိတို့၏ဝါဂွမ်းများအား မိမိတို့မြို့တွင် အထိုင်ဝယ်သောဝါကုန်သည်များမရှိ၍ စလင်း၊ ဆင်ဖြူကျွန်းသို့ သွားရောက်ရောင်းချရသဖြင့် ကုန်ကျစရိတ်များရှိပါကြောင်း၊ အောက်တိုဘာလရောက်သည်နှင့်တစ်ပြိုင်နက် အများစုဝါဆွတ်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝါသီးနှံပေါ်ချိန်တွင် မိမိတို့ရွာသို့ ဝါကုန်သည်များ လာရောက်ဝယ်ပေးစေလိုပါကြောင်း၊ ဝါသီးနှံသည် လေလွင့်ပျက်စီးလွယ်သောသီးနှံဖြစ်သဖြင့် လေဒဏ်မိုးဒဏ်မခံနိုင်ပါကြောင်း မိမိတို့သည် တောင်သူအများစုစိုက်ပျိုးခြင်းမရှိသောဝါအား စိုက်ပျိုးနေပါသော်လည်း ဝိုင်းဝန်းထောက်ပံ့ကူညီပေးမည့်သူမရှိပါသဖြင့် စိုက်ပျိုးရာတွင် အားလျော့လာနေပါကြောင်း ဝါစိုက်တောင်သူများထံမှ သိရှိရပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် စိုက်ပျိုးစရိတ်ချေးငွေများ၊ သွင်းအားစုများနှင့် သီးနှံပေါ်ပေးကိစ္စအား မိမိတို့ဌာနသည် စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးသောဌာနမဟုတ် သော်လည်း မိမိတို့၏ခရိုင်ဦးစီးမှူးနှင့် တိုင်းဦးစီးမှူးများအား အဆင့်ဆင့်တင်ပြပေးသွားမည်ဖြစ်ပါကြောင်း၊ ဝါစိုက်တောင်သူများ၏ဝါသီးနှံများအား ဈေးကွက်ဈေးနှုန်းအနေအထားများ ကောင်းမွန်လာအောင်စွမ်းဆောင်ပေးနိုင်ပါကြောင်း ဝါကုန်သည်ကြီးများနှင့်လည်း ချိတ်ဆက်‌ပေးနိုင်ပါကြောင်း၊ မိမိတို့ပွင့်ဖြူမြို့တွင် အမှတ် (၄)၊ ချည်မျှင်နှင့်အထည်စက်ရုံကြီးရှိနေပါကြောင်း၊ မိမိတို့မြို့နယ်မှဝါဂွမ်းများအား အခြားမြို့သို့ သွားရောက်ရောင်းချရသည်ဆိုသည်မှာ မဖြစ်သင့်ပါကြောင်းနှင့် မိမိတို့မြို့နယ်ရှိ ဝါစိုက်တောင်သူများဘဝမြင့်မားလာစေရန် မိမိအနေဖြင့် အထက်အကြီးအကဲများအား  တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(မကွေး)