ယာဉ်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ မချေမငံပြောဆိုဆက်ဆံသည့်အတွက် တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နေ တိုင်ကြားသူ တစ်ဦးသည် ၄-၅-၂၀၂၃ ရက်နေ့တွင် ပြည်ခရိုင် ဦးစီးမှူးရုံးမှတဆင့် ၁-၅-၂၀၂၃ ရက်နေ့တွင် ပြည်မြို့၊ကားကြီးဝန်းအတွင်းရှိ မော်တော်ယာဉ်လိုင်းဖြင့် ဟင်္သာတမြို့ရှိ မိတ်ဆွေထံသို့ ကုန်ပစ္စည်းတင်ပို့ခဲ့ရာ မော်တော်ယာဉ်ဂိတ်မှ ပစ္စည်းလက်ခံသော စာရေးအနေဖြင့် မိမိအားအများရှေ့တွင် မချေမငံပြောဆို ဆက်ဆံသည့်အတွက် မိမိအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု ဖြစ်ပေါ်ခဲ့သဖြင့် တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်ခရိုင်ဦးစီးမှူးရုံးနှင့် ပြည်ခရိုင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာမှ တာဝန်ရှိသူများသည် ၅-၅-၂၀၂၃ ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံးသို့ တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား ခေါ်ယူတွေ့ဆုံမေးမြန်းရာတွင် တိုင်ကြားသူအနေဖြင့် ဟင်္သာတမြို့ရှိ မိတ်ဆွေထံသို့ ကုန်ပစ္စည်းတင်ပို့ရန်ရှိပါသဖြင့် ပြည်မြို့ ကားကြီးဝန်းရှိ ကားဂိတ်များတွင် စုံစမ်းမေးမြန်းပြီး မော်တော်ယာဉ်လိုင်းဖြင့် ပေးပို့ရန်အတွက် အဆိုပါဂိတ်သို့ ပစ္စည်းအပ်နှံရာတွင် ဂိတ်မှပစ္စည်းလက်ခံသည့် ဝန်ထမ်းမှာအခြားဂိတ်များသို့ လိုက်လံမေးမြန်းခြင်းကို မကျေနပ်သည့်အတွက် မိမိအား လူအများရှေ့တွင် မချေမငံပြောဆိုဆက်ဆံခံရသဖြင့် မိမိအနေဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာပြီး စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့် မရရှိခြင်းတို့ကြောင့် တိုင်ကြားရခြင်းဖြစ်ပါကြောင်း မေးမြန်းသိရှိရသည့်အတွက် မော်တော်ယာဉ်လိုင်း ကုန်ပစ္စည်းလက်ခံဌာန မှ တာဝန်ခံအား မေးမြန်းရာတွင် မိမိအနေဖြင့် အဆိုပါ ဖြစ်စဉ်အား မသိရှိခဲ့ပါကြောင်း၊ ယင်းအချိန်တွင် မိမိအနေဖြင့် ဂိတ်ပြင်ပသို့ ရောက်ရှိနေပါကြောင်း၊ ကုန်လက်ခံရန် တာဝန်ပေးအပ်ထားသည့် ဝန်ထမ်း၏ ပြောဆိုဆက်ဆံမှု အားနည်းခြင်းကြောင့်ဖြစ်ခဲ့ရပါကြောင်း၊ မိမိတို့ဂိတ် အနေဖြင့် နောက်နောင်တွင် ယခုလိုအဖြစ်မျိုးမဖြစ်အောင် စားသုံးသူပြည်သူများအပေါ်လည်း ခွဲခြားဆက်ဆံမှုမရှိဘဲ အလေးထားဆက်ဆံသွားမည်ဖြစ်ပါကြောင်း၊ ဂိတ်မှ ကုန်လက်ခံသည့်ဝန်ထမ်းကိုလည်း သတိပေးဆုံးမသွားမည်ဖြစ်ပါကြောင်း၊ နောက်နောင် ယခုလိုဖြစ်စဉ်မျိုး ဖြစ်ပေါ်လာပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခံရမည်ကိုလည်းသိရှိပါကြောင်း၊ ဝန်ခံကတိပြုလက်မှတ်ရေးထိုးပြီး တာဝန်ရှိသူများရှေ့တွင် စိတ်ကျေနပ်မှုရရှိသည်အထိ တောင်းပန်ခဲ့ရာ တိုင်ကြားသူမှလည်း ကျေနပ်မှုရရှိခဲ့သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၆၊ ပုဒ်မခွဲ(င)အရ ညှိနှိုင်းဖြေရှင်းပေးပြီးနောက် တိုင်ကြားမှုကို  ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

DOCA(consumer affairs)