မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်ပတ်လည်အခမ်းအနား

Powered by Drupal

နေပြည်တော်၊ (၈.၅.၂၀၂၁)

မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) ၏၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်ပတ်လည်အခမ်းအနားကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ MITS ဒါရိုက်တာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့် အမှာစကားပြောကြားရာတွင် MITS သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်း ပေးထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်း ဖြစ်ပြီး ဝန်ကြီးဌာနကို တာဝန်ခံ၍ လယ်ယာ ထွက်ကုန်များ ပြည်ပသို့ တင်ပို့ရာ၌ စံချိန်စံညွှန်းနှင့်ကိုက်ညီအောင် စစ်ဆေးဆောင်ရွက်ပေးသော Third party အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ MITS အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေး စံချိန်စံညွှန်း များကို လိုက်နာလက်ခံပြီး ကျင့်သုံးလျက်ရှိပြီး ISO 9001:2008 လက်မှတ်ကို ၂၀၁၂ တွင် ရရှိထားပြီး ISO 9001:2015 ကို ၂၀၁၈ တွင် ရရှိထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ ကုန်ပစ္စည်း စစ်ဆေးခြင်းဆိုင်ရာ ISO 17020 နှင့် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ISO 17025 တို့ကို ရရှိရန် ဆက်လက်ကြိုးပမ်းရမှာ ဖြစ်ပါကြောင်း၊ ISO 17025 ရရှိရေးအတွက် ISO စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြည့်တင်းရန် လိုအပ်သလို HR ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပါကြောင်း၊ ကုန်သွယ်မှုပြုလုပ်နိုင်မည့် ဆိပ်ကမ်းများ၊ နယ်စပ်ဂိတ်များတွင် ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းများ လုပ်ကိုင်နိုင်အောင် လိုက်ပါဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကုန်သည်လုပ်ငန်းရှင်များ၏ ယုံကြည်မှု၊ အားကိုးမှု ရရှိ နိုင်စေရန် ဘက်မလိုက်မှု၊ ရိုးသားမှု၊ ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်သိမှု စသည့်အချက်များ နှင့်ညီအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ MITS ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က MITS ၏ နောက်ခံသမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ အုပ်ချုပ်မှုဒါရိုက်တာက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ MITS ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းအတည်ပြုခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ကြပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း MITS သို့ လုပ်ငန်း အများဆုံးအပ်နှံခဲ့သည့် ကုမ္ပဏီများအား ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။