![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/28.15.jpg?itok=QuXO5CEN)
ဟင်းနုနွယ်ရွက်ပင်သည် အစိမ်းရောင်အပင်အမျိုးအစားဖြစ်ပါသည်။ ဟင်းနုနွယ်ရွက်သည် မြန်မာလိုအခေါ်အဝေါ်ဖြစ်ပြီး အင်္ဂလိပ်လိုမှာ Amaranth ဟုခေါ်ပါသည်။ ဟင်းနုနွယ်ရွက်ကို ဆေးဖက်ဝင်အပင်တစ်ခုအဖြစ် အားလုံးသိကြပါသည်။ ဟင်းနုနွယ်ရွက်ကို စားသုံးပေးခြင်းဖြင့် အမြင်အာရုံကိုကောင်းမွန်စေပါသည်။ ဟင်းနုနွယ်ရွက်သည် ဗီတာမင်ဒီ ပါဝင်သောကြောင့် အရိုးအဆစ်များအတွက်ကောင်းမွန်စေပါသည်။ ထိုအပြင် ဗီတာမင်အေနှင့် သံဓါတ်များစွာ ပါဝင်ပါသည်။ ဟင်းနုနွယ်ပင်သည် အရွက်ကိုသာ စားသုံးရသည့်အတွက် ဟင်းရည်ချက်စားခြင်း၊ သုပ်၍စားခြင်း စသည်ဖြင့် အရသာကောင်းမွန်စေခြင်းဖြင့် ခံတွင်းမြိန်စေပါသည်။
ဟင်းနုနွယ်ရွက်သည် စိုက်ပျိုးရာတွင်လွယ်ကူစေပြီး အကြမ်းခံသော အပင်မျိုးဖြစ်ပါသည်။ ဟင်းနုနွယ်ပင်မှာ အမျိုးအစား (၂)မျိုးရှိပြီး အနီရောင်နှင့် အစိမ်းရောင်အပင်တို့ဖြစ်ပါသည်။ အစိမ်းရောင်အပင်မှာ လူစားသုံးမှုများကြပါသည်။ ဟင်းနုနွယ်ရွက်ပင်သည် ပူနွေးသောရာသီဥတုကို ပိုမိုကြိုက်နှစ်သက်ကြပါသည်။ ဟင်းနုနွယ်ရွက်ပင် စိုက်ပျိုးရာတွင် ဘောင်တင်၍စိုက်ပျိုးကြပြီး မစိုက်ပျိုးမှီ မြေဩဇာနှင့် မြေဆွေးများအား သမအောင်ရောမွှေထားပြီးမှ ဘောင်များပြုလုပ်ပြီး မျိုးစေ့များအား တိုက်ရိုက်ချ၍စိုက်ပျိုးရပါသည်။ ဟင်းနုနွယ်ပင်များအား စိုက်ပျိုးပြီး အပင်များ ပေါက်လာပြီး အပင်များဖြစ်ထွန်းလာပါက အပင်အသေးအညှက်များအား နှုတ်ပေးရပါသည်။ သို့မှသာ အပင်များသန်မာပြီး အရွက်များဝေလာပါသည်။ ထို့အပြင် အပင်များအတွင်း မြက်များ ရောနှော၍ပေါက်ရောက်တတ်သဖြင့် ပေါင်းမြက်များကိုလည်း နှုတ်ပေးရပါသည်။ ဟင်းနုနွယ်ပင် များအား စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ဒေသအများအပြားတွင် စီးပွားဖြစ် စိုက်ပျိုးကြပြီး ကျေးလက်ဒေသများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ဟင်းနုနွယ်ရွက်ပင်သည် စတင်စိုက်ပျိုးပြီး(၃/၄)ပတ်ကြာလျှင် စတင်ဖြတ်တောက်နိုင်ပါသည်။
ဟင်းနုနွယ်ရွက်ကို ပြည်မြို့နယ်အတွင်းရှိ မှော်ဇာကျေးရွာ၊ တောင်လုံးညိုကျေးရွာများတွင် စိုက်ပျိုးကြပြီး ဈေးကွက်အတွင်းရောင်းချရာတွင် ဟင်းနုနွယ်ရွက် အပင်(၃)ပင်ပါ တစ်စည်းလျှင် (၂၀၀)ကျပ်နှုန်းဖြင့် မြို့မစည်ပင်သာယာဈေးအတွင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)