Solar နှင့် Solar Batteries ဝယ်ယူခြင်းနှင့်ပတ်သက်သည့် တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ကုမ္ပဏီတစ်ခုမှ ရောင်းချသော Solar နှင့် Solar Batteries များအား အမေရိကန်ဒေါ်လာ (၇၀၈၂၁)$ ပေးဝယ်၍ တပ်ဆင်ထားပါကြောင်း၊ ကျသင့်ငွေများအနက်  Solar  Batteries တန်ဖိုးမှာ (၁၇၂၀၇)$ ဖြစ်ကြောင်း၊ ဝယ်ယူထားသော ပစ္စည်းများအတွက် အာမခံကာလမှာ(၅၀)နှစ်ဖြစ်ပါကြောင်း၊Solar Batteries (၅)လုံးမှာ ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့မှုအတွက် ကုမ္ပဏီမှ သက်ဆိုင်ရာတာဝန်ခံများအား အကြောင်းကြားခဲ့ရာတွင် ဆောင်ရွက်ပေးမှု အဆင်မပြေသဖြင့် consumerwebsite@gmail.com မှတစ်ဆင့် တိုင်ကြားလာပါသည်။

      တိုင်ကြားမှုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကုမ္ပဏီသို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ကုမ္ပဏီမှတာဝန်ရှိသူများက ကုမ္ပဏီအနေဖြင့် တိုင်ကြားသူသို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဆိုလာတပ်ဆင်ခြင်းလုပ်ငန်း( project )အား အပြီးသတ် လွှဲပြောင်းပေးခဲ့ပါကြောင်း၊ နှစ်ဦးသဘောတူ ချုပ်ဆိုခဲ့သည့် စာချုပ်တွင်ပေးထားသည့် အာမခံ သက်တမ်းမှာ (၁)နှစ်ဖြစ်ပါကြောင်း၊ အာမခံပေးထားသည့် သက်တမ်းကာလအတွင်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် လုပ်ငန်းပိုင်းဆိုင် ရာချို့ယွင်းမှုဖြစ်ပေါ်နေကြောင်းကို တိုင်ကြားသူဘက်မှ တင်ပြခဲ့သောကြောင့် ကုမ္ပဏီမှ အာမခံထားသည့်အတိုင်း ကိုယ်တိုင် စားစရိတ်ထုတ်၍ ပြင်ဆင်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စာချုပ်၏ အာမခံသက်တမ်း ကျော်လွန်ပါက Maintance ဝန်ဆောင်မှုအတွက် အခကြေးငွေဖြင့် ဆောင်ရွက်ပေးမှုကို ကမ်းလှမ်းခဲ့သော်လည်း တိုင်ကြားသူမှ လက်မခံခဲ့ပါကြောင်း အကြောင်းပြန်ကြားလာပါသည်။ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူသည် ကုမ္ပဏီထံမှ Solar နှင့် Solar Batteries များအား ဝယ်ယူတပ်ဆင်ခဲ့စဉ်က နှစ်ဦးနှစ်ဖက် ချုပ်ဆိုခဲ့သည့် စာချုပ်စာတမ်းတွင် အာမခံပေးထားသည့် သက်တမ်းမှာ(၁)နှစ် ဖြစ်နေပြီး တိုင်ကြားမှုမှာလည်း စာချုပ်ပါအာမခံကာလ သက်တမ်းကျော်လွန်ပြီးအချိန်တွင် တိုင်ကြားလာခြင်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေး၍ မရပါကြောင်းကို တိုင်ကြားသူထံ ဆက်သွယ်ရှင်းလင်းပြောကြားခဲ့ပြီး တိုင်ကြားမှုကို ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။        

DOCA(Consumer Affair)