မအူပင်မြို့နယ် နှင့် ညောင်တုန်းမြို့နယ်တို့ရှိ ငါးမွေးမြူရေးကန်များအားထားရသော Master Feed Mill ငါးအစာတောင့်စက်ရုံ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ် ဇူလိုင်လ တတိယပတ်တွင် Master Feed Mill ငါးအစာတောင့်စက်ရုံသို့ ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။

   မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်းမြို့နယ်များသည် ငါးမွေးမြူရေး ကန်များရှိသော မြို့နယ်များဖြစ်ပါသည်။ ယခင်က ငါးအစာအဖြစ် ဖွဲနု၊ ပဲဖတ်များကို အသုံးပြု ခဲ့သော်လည်း ယခုအခါ ငါးမွေးမြူရေးကန်များ တိုးတက်များပြားလာသဖြင့်၊ ဖွဲနု၊ ပဲဖတ်တို့ဖြင့် လုံလောက်မှုမရှိသည့် အနေအထားတွင် မွေးမြူရေးငါးလိုအပ်ချက်ကို ဖြေရှင်းနိုင်ရန် ငါးမွေးမြူရေး ကန်ပိုင်ရှင်များအတွက် အဓိက စိန်ခေါ်မှု တစ်ရပ်ဖြစ်လာခဲ့ပါသည်။

     ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် ငါးအစာတောင့်စက်ရုံများတည်ရှိပြီး ငါးအစာတောင့် များကို ဝယ်ယူသုံးစွဲခဲ့ကြပါသည်။ ညောင်တုန်းမြို့နယ်အာရှသားငါးကန်၊ ဒေါ်ဥမ္မာငါးကန်၊ ဦးသောင်းမြင့် ငါးကန်၊ ဦးအောင်သူမိုး ငါးကန်နှင့် မအူပင်မြို့နယ်ရှိ ငါးကန်ပိုင်ရှင်များသည် ငါးအစာတောင့် ကြိတ်ခွဲထုတ်လုပ်ပြီး ကျွေးမွေးပါက ဝယ်ယူသုံးစွဲရခြင်းထက် ပိုမိုအကျိုးအမြတ်ရရှိ၍ သန့်ရှင်းလတ်ဆက်သော ငါးအစာတောင့်များရရှိပြီး ကျွေးမွေးနိုင်မည့် အခြေအနေကောင်းများကို သိရှိပြီး Master Feed Mill ငါးအစာတောင့်စက်ရုံပိုင်ရှင် ဦးသန်းဝင်းနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ငါးမွေးမြူရေးအစာတောင့်ထုတ်လုပ်ပေးနိုင်ရေးကို တွေ့ဆုံညှိနှိုင်းခဲ့မှု၏ ရလဒ်တစ်ခုအဖြစ် အောင်မြင်ခဲ့ပါသည်။

    Master Feed Mill ငါးအစာတောင့်စက်ရုံသည် ငါးကန်ပိုင်ရှင်များမှ ပေးပို့သော ဖွဲနု၊ ငါးခြောက်၊ ပဲဖတ်၊ ပဲခွဲခြမ်း၊ ပြောင်းရုံးခြောက်များကို စနစ်တကျကြိတ်ခွဲထုတ်လုပ်ပြီး ငါးအစာ တောင့် (၁)တန်လျှင် ကြိတ်ခွဲထုတ်လုပ်ခ ၆၁၀၀၀/-ကျပ်ဖြင့် ငါးကန်ပိုင်ရှင်များသို့ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

     Master Feed Mill ငါးအစာတောင့် စက်ရုံအနေဖြင့် တစ်နေ့(၆)နာရီခန့် ကြိတ်ခွဲထုတ်လုပ်ပြီး တစ်ရက်လျှင် ပျမ်းမျှစက်ကြိတ်အား တန်(၃၀)၊ တစ်လစက်လည်ရက် (၂၀)ရက်နှင့် တစ်နှစ်လုံးတွင် ပျမ်းမျှစက်လည်ရက် (၂၀၀) အထိ လည်ပတ်ကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း၊ Master Feed Mill ငါးအစာတောင့်စက်ရုံပိုင်ရှင် ဦးသန်းဝင်းမှ ရှင်းပြခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်မှ ရန်ကုန်-ပုသိမ် ကားလမ်းဘေး မိုင်တိုင် ၂၇/၄ ဆားမလောက်ကျေးရွာတွင် တည်ရှိသော ဦးသန်းဝင်းပိုင် Master Feed Mill ငါးအစာတောင့် စက်ရုံသည် ငါးမွေးမြူရေးလုပ်ကိုင်နေသော ငါးကန်ပိုင်ရှင်များအတွက် အကျိုးရှိ သလို ငါးအစာတောင့်စက်ရုံ ပိုမိုတိုးတက် ဖွံ့ဖြိုးစေရန်အတွက် ထပ်မံလိုအပ်မည့် နည်းလမ်းကောင်းများရရှိနိုင်ရေး အဟာရပြည့် ငါးသယံဇာတ ပိုမိုထွက်ရှိစေရန်အတွက် ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ကျယ်ပြန့်စွာရရှိနိုင်ရေးအတွက် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို အပြန်အလှန် အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။

  ဈေးကွက်ရရှိမှုအနေဖြင့် မအူပင်နှင့် ညောင်တုန်းမြို့နယ်ရှိ ငါးမွေးမြူရေးလုပ်ငန်းများအပြင် ရန်ကုန်မြို့ရှိ Myan Vet ကုမ္ပဏီမှလည်း ချိတ်ဆက်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ဦးသန်းဝင်းမှ ဈေးကွက်ရရှိမှုကိုလည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)