အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းအတွက် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကြော်ငြာစာနှင့်ပတ်သက်၍ လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရမည့်အချက်များကို Online Sales Bussiness  လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းရှင်က စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးသို့လာရောက်ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

     ထို့သို့လာရောက်တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က Online Sales Bussiness  အမိန့်ကြော်ငြာစာနှင့်ပတ်သက်၍ လုပ်ငန်းရှင်များက မှတ်ပုံတင်ဆောင်ရွက်ရမည့်အချက်များကိုမေးမြန်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် (၂၁-၇-၂၀၂၃) ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၂၃) ဖြင့်ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ မည်သူမဆို အွန်လိုင်းရောင်းချခြင်းလုပ်ငန်းကိုမှတ်ပုံတင်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းကိုလုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅အရ အရေးယူခံရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပြင်ဆင်ချိန် ၆လရရှိပါကြောင်း၊ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုများကိုဖြစ်စေ အွန်လိုင်းစနစ်မှတစ်ဆင့်ဝန်ဆောင်မှုပေး၍ ရောင်းချသောလုပ်ငန်းများအားလုံးအကျုံးဝင်ပါကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ပြီး အွန်လိုင်းစနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေးသောလုပ်ငန်းရှင်များသည် အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လတ်မှတ်ပါအမည်ဖြင့် ရောင်းချခွင့်ရှိမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ပြင်ပတွင် သတင်းပျံ့နှံ့နေသောအွန်လိုင်းဝန်ဆောင်ခ ၁၂သိန်းကျပ်ဆိုသည်မှာ မဟုတ်ပါကြောင်း၊ မှတ်ပုံတင်ကြေးနှင့် အွန်လိုင်းဝန်ဆောင်ခတို့ကို ဦးစီးဌာနက တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့က (၄-၇-၂၀၂၃) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၃) ဖြင့်ထုတ်ပြန်ကြေငြာခဲ့ပြီး ယင်းဝန်ဆောင်မှုနှင့်သက်ဆိုင်သည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့်အမိန့်ထုတ်ပြန်ခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အခွင့်အာဏာအပ်နှင်းခဲ့ပါသည်၊၊

DOCA(ကရင်)