ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၆-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များမှ အခန်း (၉) ပါ စားသုံးသူ၏အခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက်၊ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန် (၁၁) ချက်၊ အခန်း (၂၃) ပါ တားမြစ်ချက်များ၊ အခန်း (၂၄) ပါ ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေများနှင့်အညီဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်ပြီး သယ်ယူ/သိုလှောင်/ဖြန့်ဖြူးရောင်းဝယ်နေသော စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် PPRD ကထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းရှိ/မရှိနှင့် ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်နေရပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များကိုသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www. doca. gov. mm Website တွင်လည်းဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။
DOCA(ဧရာဝတီ)