ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုအကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး (၇/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၈ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ၂၀၂၃ခုနှစ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၆/၂၀၂၃) အစည်းအဝေး၏ ဆုံးဖြတ်ချက်များပေါ် သက်ဆိုင်ရာကော်မတီဝင်များအနေဖြင့် အများပြည်သူကိုရှေးရှုပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲများကျင်းပခြင်း၊ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကိုလက်တွေ့ဆောင်ရွက်နေကြကြောင်း၊ မိမိတို့စားသုံးသူရေးရာကော်မတီအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ တရားမဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဝင်ရောက်မှု မရှိစေရန် ဝိုင်းဝန်းတားဆီးပေးခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချနေသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန် အသိပညာပေးခြင်း စသည်တို့ကိုဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ချင်း)