ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရရှိသူတောင်သူအစုအဖွဲ့ (၂၃) ဖွဲ့အား ချေးငွေပေးအပ်ပွဲအခမ်းအနားကို လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအုပ်စု၊ မြစိမ်းရောင်ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း၌ (၂၈၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးအုပ်စုများမှ စပါးစိုက်ပျိုးသူ တောင်သူများအပါအဝင် စုစုပေါင်း (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် လှည်းကူးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးက လှည်းကူးမြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသော တောင်သူအစုအဖွဲ့ (၉) ဖွဲ့၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူအစုအဖွဲ့ (၂) ဖွဲ့နှင့် MSME လုပ်ငန်းအဖွဲ့ (၁) ဖွဲ့၊ စုစုပေါင်း (၁၂) ဖွဲ့တို့အား ကျပ်သန်း (၂၇၀) ထုတ်ချေးပေးမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ တဆက်တည်း၌ပင် မြစိမ်းရောင်ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းတွင် မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က စပါးစိုက်ပျိုးရေးအပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီးပွားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်စပါးစိုက်ပျိုးမှုနှင့် ဆန်ဖူလုံမှုအခြေအနေများ၊ နွေစပါး၊ မိုးစပါးကို ဧကပြည့်မီအောင်စိုက်ပျိုးကြရန် ရှင်းလင်းမှာကြား၍ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးစိုက်ပျိုးမှုနှင့်တစ်ဧကအထွက်နှုန်းကောင်းစေရန် စိုက်ပျိုးရမည့်နည်းလမ်းများကိုရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရရှိသူတောင်သူအစုအဖွဲ့ (၂၃) ဖွဲ့အား တာဝန်ရှိသူများက ချေးငွေများပေးအပ်ခဲ့ကြကာ ရှင်းလင်းတင်ပြပေးခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ရှင်းလင်းလမ်းညွှန်မှာကြားခဲ့ပြီး အခမ်းအနားမှာ နေ့လယ် (၁၁:၂၀) နာရီအချိန်တွင်ပြီးဆုံးခဲ့ကာ မြစိမ်းရောင်ဘက်စုံစိုက်ပျိုးရေးမွေးမြူရေးစခန်းရှိလယ်များ၌ မိုးစပါးကိုအစေ့ချစနစ် (Seeder) နှင့် ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးနေမှုတို့ကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)