ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ပြီး Contract Farming စနစ်အကြောင်း အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဆန်စပါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး(Contract Farming) ဟောပြောဆွေးနွေးပွဲကို ပုသိမ်မြို့နယ်၊ အုတ်စီကုန်းကျေးရွာ၌ ၁၇.၉.၂၀၂၁ ရက်နေ့ နံနက် ၁၀နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ARCCI) ဉက္ကဌနှင့် စားသုံးရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအသီးသီးမှ တောင်သူများတက်ရောက်ကြပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင် က ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား အသေးစိတ်ရှင်းလင်းပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ကိုယ်စား မြို့နယ်ဦးစီးဌာနမှူး ဦးဌေးဝင်းမှ ဆန်စပါးတန်ဖိုးမြှင့်ထုတ်ကုန်များ ထွက်ရှိရေးအတွက် ဇုန်အလိုက် သတ်မှတ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ မွေးမြူးရေးဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းစိုးမှ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် ကန်ထရိုက်စနစ်များအကြောင်းကိုလည်းကောင်း၊ မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မိုးမိုးခိုင်မှ ထုတ်ကုန်များအရည်အသွေးမြင့်မားရေးနှင့် စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်ဆက်နွယ်နေမှုများကိုလည်းကောင်း၊ ဆန်စက်လုပ်ငန်းရှင်ဦးစိုးဝင်းမှ အရည်အသွေးကောင်းဆန်စပါးထုတ်လုပ်မှုနှင့်ကြိတ်ခွဲမှုအကြောင်းကိုလည်းကောင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ARCCI) ဉက္ကဌ ဦးဝင်းမြင့်လှိုင်မှ တောင်သူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် (Contract Farming) ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တောင်သူများမှ သိရှိလိုသည်များ မေးမြန်းကြပြီး အခမ်းအနားကို (၁၁:၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန